စူးမယ်
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲတွင် သိမ်းဆီးခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရန်အတွက် ပထမဆုံးအကြိမ် ဒေသခံတောင်သူ လယ်သမားများ က ဖော်ဖော်ဝါရီလ ၅ ရက်နေ့မနက်တွင် လမ်းလျှောက်ထွက် ဆန္ဒထုတ်ဖော်ကြသည်။
၁၉၉၂ ခုနှုစ် အစိုးရမှ မိုးဗြဲတွင် ဧကပေါင်း တစ်ထောင်ကျော် သိမ်းဆီးခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရန် အတွက် ဒေသခံ တောင်သူများက ငြိမ်းချမ်းစွာ လမ်းလျှောက်ထွက် ဆန္ဒထုတ်ဖေါ်ဖြင်းဖြစ်သည်။
မြေယာအသိမ်းခံ တောင်သူတဦးဖြစ်သည့် ကိုအောင်မျိုးခန့်က “အဓိကရည်ရွယ်ချက်က ကမ္ဘာနဲ့တကွ သမ္မတကြီးသိအောင် ကျနော်တို့မှာ မြေကိုမတရားအသိမ်းခံရတယ်ဆိုတဲ့အကြောင်း သိစေချင်တယ်။ ပြီးတော့ ဘယ်လောက်နစ်နာခဲ့သလဲ။ ဘယ်လောက်ဆင်းရဲလဲဆိုတာကို ပြသချင်တယ်”ဟုပြောသည်။
၎င်းကဲ့သို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခြင်းသည် တောင်သူတို့၏ လယ်ယာမြေကို မတရားသိမ်းဆီးသည့် အတွက် တောင်သူများက မိမိ အခွင့်အရေးကို ချိုးဖောက်ခံရကြောင်း၊ မိမိတို့၏ အသံကို နိုင်ငံတော် သမ္မတကြီး၊ ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ တကမ္ဘာလုံးကို ကြားသိစေလိုကြောင်းနှင့် ပြည်သူများဆင်းရဲပါက တိုင်းပြည်ဆင်းရဲမည်ဖြစ်ကြောင်း ကိုအောင်မျိုးခန့်က ဆိုသည်။
ယာမြေ ၈ ဧကလောက် အသိမ်းခံရသော တောင်သူဦးဌေးဝင်းက “နိုင်ငံတော် သမ္မတကို တစ်ခုခုပြောခွင့်ရှိမယ်ဆိုရင် ကျနော်တို့လယ်ယာမြေတွေ မတရားသိမ်းထားတဲ့အတွက် ပြန်တောင်းချင်ပါတယ်။ ကျနော်တို့ လုပ်စားဖို့မရှိလို့ မတရားသိမ်းခံရတဲ့အတွက် ပြန်ပြီးရချင်ပါတယ်”ဟု ဆိုသည်။
လယ်ယာမြေအသိမ်းခံရချိန်တွင် လျှော်ကြေးပေးခြင်း၊ သဘောတူလက်မှတ်ရေးထိုးခြင်းမခံရသည့်အပြင် ယခု အသိမ်းခံရသည့် လယ်ယာမြေနေရာတချို့ ပြန်လည် လုပ်ကိုင်စားသောက်ခွင့်ပေးသော်လည်း အခွန်ပေးဆောင်ရကြောင်းနှင့် ကျန်မြေယာတချို့ကို ဌာနဆိုင်ရာမြေအဖြစ် ပေးခြင်း၊ စီးပွားရေးသမားများအား ရောင်းချခြင်းတို့ကို ပြုလုပ်နေကြောင်းပြောသည်။
ယာမြေအသိမ်းခံရသော တောင်သူအမျိုးသမီးတဦးက “ကျမတို့အနေနဲ့ ပြန်ရဖို့ အများကြီင်္းမျှော်လင့်ပါတယ်။ ကျမစိတ်ထဲမှာ မရတာကို မစဉ်းစားဘူး ရမယ်လို့ပဲ မျှော်လင့်တယ်။ မရ ရအောင်ကြိုးစားမယ်လို့ ကျမစိတ်ထဲမှာ သဓိဌာန်ချထားတယ်။ အခုတစ်ကြိမ်နဲ့မရဘူးဆိုရင် ထပ်ပြီး ဒီပုံစံအတိုင်းပဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားမယ်”ဟု ဆိုသည်။
ယခုလိုမျိုး တောင်သူအနေဖြင့် ဆန္ဒထုတ်ဖော်ခွင့်ကို ဒီတစ်ကြိမ်သာ ရခဲ့သောကြောင့် သူမအနေဖြင့် ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ကြောင်းနှင့် အမှန်တွင် ဤကဲ့သို့ မတောင်းဆိုသင့်ဘဲ အစိုးရမှ အလိုအလျှောက်ပြန်ပေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
ကိုအောင်မျိုးခန့်က “တောင်သူတွေရဲ့ နစ်နာမှုတွေက ပြောရမယ်ဆိုရင် အများကြီးရှိပါတယ်။ တောင်သူတွေရဲ့ ဘဝကိုတောင်သူတွေပဲ သိပါတယ်။ ကျနော်တို့ဒီနစ်နာမှုဆိုတဲ့နေရာမှာ ကျနော်တို့ တရားသဖြင့်နစ်နာခဲ့တာလား မတရားသဖြင့် နစ်နာခဲ့တာလားဆိုတာ ကျနော်တို့ စဉ်းစားကြည့်ဖို့လိုပါတယ်”ဟု ဆိုသည်။
ယခင်အစိုးရလက်ထက်မှ သိမ်းခဲ့သောယာမြေများသည် ပေါ်လစီအရ သိမ်းသည်ဟုဆိုလျှင် တောင်သူများ၏ အခွင့်အရေးကို မချိုးဖောက်သင့်ကြောင်းနှင့် ဥပဒေနှင့်အညီ သိမ်းဆည့်သင့်ကြောင်း ကိုအောင်မျိုးခန့်က ဆက်ပြောသည်။
“ကျနော်တို့ စီစဉ်ဆောင်ရွက်ခဲ့တာ အများကြီး ရှိပါတယ်။ ကျနော်တို့ ဝန်ကြီးချုပ်တို့ သမ္မတကြီးတို့ သံချုပ်တို့ စုံစမ်းရေးကော်မတီတို့ကို တိုင်ထားတာလေးလ ကျော်ရှိပါပြီ်။ ဒါပေမယ့် ဒီနေ့ထိ ဘာမှ တစ်စုံတရာ ဖြေရှင်းမှုမရှိတဲ့အတွက် ကျနော်တို့ အခုလိုမျိုး ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်”
ယခင်စစ်အစိုးရလက်ထက်မှ ယာမြေများ မတရားသိမ်းဆည်းထားခဲ့သောကြောင့် တောင်သူများ၏ စားဝတ်နေရေး ပညာရေးစသည့် အရာများ ချို့ယွင်းခဲ့ကြောင်း၊ ယခု ခေတ်ပြောင်းလဲလာတာနှင့်အညီ တောင်သူများ လည်း ပြောင်းလဲရမည်ဖြစ်ကြောင်း နှင့် ကိုယ့်အခွင့်အရေးကို နားလည်ရမည်ဖြစ်ကြောင်း ဆိုသည်။

No comments:
Post a Comment