Saturday, February 15, 2014

ပုဒ်မ ၁၈ ပယ်ဖျက်ရန် သုံးပွင့်ဆိုင် ညှိနှိုင်းနေ

ဥာဏ်လှိုင်လင်း

ခွင့်ပြုချက်ပုဒ်မ ၁၈ မလိုဘဲ ဆန္ဒပြနိုင်ရန်ရည်ရွယ်ထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့် ဥပဒေ ငြိမ်း-စု-စီကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အစိုးရအဖွဲ့ သဘောတူနိုင်ရန်နှင့် လွှတ်တော်တွင်း မဲခွဲရာတွင် မရှုံးနိမ့်စေရန်အပြီး သတ်ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု အဆိုရှင် သူရဦးအောင်ကိုက ဖေဖော်ဝါရီ ၁၃ရက်တွင် မဇိ္ဈမကို ပြောသည်။

“လွှတ်တော်ထဲမဲခွဲမယ်ဆိုရင် ရှုံးသွားနိုင်တဲ့ အခြေအနေလည်းရှိတယ်။ ဒါကြောင့်မို့ အစိုးရဌာနတွေနဲ့ အကြေအလည် ညှိနှိုင်းနေတာပါ။ သူတို့နဲ့ သဘောတူနိုင်ပြီဆိုရင် လွယ်သွားမှာပါ” ဟု အဆိုပါဥပဒေ ကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသူ ၄င်းကမဇိ္ဈမကို ပြောသည်။

တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးအောင်ကိုသည် ပြည်သူ့လွှတ်တော်ရှိ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးတို့နှင့် အသေးစိတ် ဆွေးနွေးခြင်းဖြစ်သည်။

အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာ၊ စုဝေးခွင့်၊ စီတန်းလှည့် လည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ငြိမ်း-စု-စီ ဥပဒေပါ ပုဒ်မ ၁၈က ဆန့်ကျင်နေ၍ ပြင် ဆင်ရန်လိုသည်ဟု သူရဦးအောင်ကိုက အဆိုတင်သွင်းစဉ်ရှင်းပြခဲ့သည်။ သို့သော် ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ကန့်ကွက်ခဲ့သည်။

“ဒီဥပဒေဟာ အခြေခံဥပဒေကို ကန့်သတ်ခြင်းမရှိသလို၊ တည်ဆဲဥပဒေနဲ့လည်း မဆန့်ကျင်ပါဘူး။ ဒါ့ အပြင် အခြားဒီမိုကရေစီနိုင်ငံများနည်းတူ ပြဋ္ဌာန်းထားခြင်းဖြစ်တဲ့အတွက် ပြင်ဆင်ရန် မသင့်ပါဘူး” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြန်လည်ချေပခဲ့ခြင်း ဖြစ်သည်။

လက်တွေ့တွင်မူ အဆိုပါဥပဒေကို ပြဋ္ဌာန်းအပြီး နှစ်နှစ်ခန့် ကျင့်သုံးပြီးချိန်တွင် ပြည်သူရာပေါင်းများစွာ အရေးယူခံခဲ့ရသဖြင့် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာတွင် နိုင်ငံတော်သမ္မတကိုယ်တိုင် အမိန့်တစ်ရပ် ထုတ်ဆင့်၍ အမှုပိတ်သိမ်းခြင်း၊ အပြီးအပြတ်လွှတ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ရသေးသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၉ ဖွဲ့ကလည်း ယင်းသို့သော ပုဒ်မများ၊ နိုင်ငံသားအခွင့်အရေးကို ပိတ်ပင် နေသည့် ဥပဒေများဖျက်သိမ်းရန် ဇန်န၀ါရီလဆန်းပိုင်းက ရန်ကုန်မြို့၌ စုပေါင်းဆန္ဒပြခဲ့ကြသည်။ မြန်မြန် ပြင်ဖို့လိုပါတယ်။ ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်ထားတဲ့ အဟန့်အတား ဖြစ်နေ တဲ့ လုပ်ထုံးလုပ်နည်းတွေကို လွှတ်တော်တွေက အမြန်ဆုံးဖယ်ရှားနိုင်မယ်ဆိုရင် အကောင်းဆုံးပါ” ဟု ယင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက မဇိ္ဈမကို ပြောသည်။

မူလဥပဒေပါပုဒ်မ ၁၈ အရ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပါက ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်ပေးခွင့်ရှိနေ သည်။ ထင်ရှားသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ်အတွင်း ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့တွင် အထိမ်းအမှတ်စီတန်း လှည့်လည်ရန် အာဏာပိုင်များ ခွင့်မပြုခဲ့သော်လည်း အရပ်ဘက် လူမှု အဖွဲ့အစည်းများက ဆောင်ရွက်ခဲ့ကြသဖြင့် ၎င်းတို့ဖြတ်သန်းရာ မြို့နယ်များရှိ နယ်မြေရဲစခန်းအသီးသီး က ခေါင်းဆောင်ပိုင်းများကို အမှုဖွင့်တရားစွဲဆိုခဲ့သည်။

အဆိုရှင် သူရဦးအောင်ကို တင်သွင်းထားသည့် ငြိမ်း-စု-စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် မူလ ဥပဒေ၌ပါဝင်သကဲ့သို့ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ ခွင့်ပြုချက်ရယူရန် မလိုတော့ ဘဲ အကြောင်းကြားမှုကိုလည်း တားမြစ်ခြင်းမပြုရန် အစားထိုးထားသည်။

No comments: