Tuesday, February 11, 2014

၂ဝ၁၄ ဇန်နဝါရီအတွင်းမီးလောင်မှု ယမန်နှစ်ထက် ၁ဝ ကြိမ်ပိုများပြီး ၁ဝ၆ သန်းကျော် ဆုံးရှုံး

နန်းမြင့်

၂ဝ၁၄ ခုနှစ် ဇန်နဝါရီအတွင်း မြန်မာတစ်နိုင်ငံလုံးမီးလောင်မှုသည် ယမန်နှစ် ဇန်နဝါရီထက် မီးလောင်မှု ၁ဝ ကြိမ်ပိုမိုပြီး ဆုံးရှုံးမှု ကျပ်သန်းပေါင်း ၁ဝ၆ ဒသမ ၅၇ သန်းပိုမိုခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ ဒုတိယ
ညွှန်ကြားရေးမှူး ဦးတင်မင်းက ဖေဖော်ဝါရီ ၁ဝ ရက်တွင် မဇ္ဈိမကို ပြောသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီတွင် မြန်မာတစ်နိုင်ငံလုံး မီးလောင်မှု ၁၇၇ ကြိမ်ဖြစ်ပွားခဲ့ရာတွင် မီးဖိုမီးနှင့် ပေါ့ဆမီး ၁၁၁ ကြိမ်၊ အလိုအလျောက်မီး လေးကြိမ်၊ လျှပ်စစ်မီး ၃၇ ကြိမ်၊ မသမာသူရှို့မီး ၁၆ ကြိမ်နှင့် တောမီး ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေအဆောက် အအုံ ၃၂ဝ လုံး၊ ဂိုဒေါင် ၅ လုံးနှင့် မီးဘေးဒုက္ခသည် ၁၇ဝဝ ကျော်ရှိခဲ့သည်။ ယင်းမီးလောင်မှုကြောင့် ဆုံရှုံးမှုတန်ဖိုးကျပ် ၅၅၉ ဒသမ ဝ၆ သန်းခန့်ရှိခဲ့သည်။

မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက “မီးလောင်ဆုံးရှုံးမှု တန်ဖိုးတွေ များလာတာက ကာလတန်ဖိုးငွေကြောင့် များလာတယ်။ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လျှပ်စစ်မီးသုံးစွဲမှုများလာတယ်။ လျှပ်စစ်မီးလောင်တာတွေလည်း ပိုဖြစ်လာတယ်”ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံး၊ ဇန်နဝါရီ မီးလောင်မှုတွင် ရန်ကုန် ၃၈ ကြိမ်၊ စစ်ကိုင်း ၂၃ ကြိမ်နှင့် မန္တလေးတိုင်းဒေသကြီး ၁၅ တို့ဖြစ်ပွားခဲ့ သည်။ ထို့ပြင် ဆုံးရှုံးမှုအများဆုံးဒေသများမှာ ရခိုင်ပြည်နယ် ၊ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ဖြစ်သည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီအတွင်း မီးလောင်မှု ၁၇၇ ကြိမ်တွင် မီးဖိုမီးအပါအဝင် ပေါ့ဆမီး ၁၁၁ ကြိမ်ပါဝင်သဖြင့် မီးကိုမဆင်မခြင် သုံးစွဲခြင်းကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှုများ၏ မီးလောင်မှု အကြိမ်စုစုပေါင်း၏ ၆၂ ရာခိုင်နှုန်းခန့် ပါဝင်သည်။

၂ဝ၁၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု ၁၆၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅ဝ၇၃၊ စက်ရုံ/အလုပ်ရုံ ၁၂ လုံး၊ ဂိုဒေါင် ၄၈ လုံး၊ သေဆုံသူ ၈၃ ဦး၊ ဒဏ်ရာရရှိသူ ၁၆၈ ဦး၊ မီးဘေးဒုက္ခသည် ၁၇ဝဝဝ ကျော်ရှိသဖြင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၄ဝဝဝ ကျော်ရှိခဲ့သည်။

No comments: