Monday, February 3, 2014

လယ်သိမ်းခံတောင်သူများနှင့် မီဒီယာတွေ့ဆုံပွဲ တားမြစ်စာပို့သော်လည်း ဆက်လက်ကျင်းပ

ဝင်းကိုကိုလတ်၊ မင်းမင်း

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာ တွင် ဖေဖော်ဝါရီလ ၂ ရက်က ကျင်းပသည့် လယ်သိမ်းခံတောင်သူများနှင့် မီဒီယာများ တွေ့ဆုံပွဲကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က တားမြစ်စာ ပေးပို့ခဲ့သော်လည်း ဆက်လက်ကျင်းပခဲ့သည်။

"ကျွန်တော်တို့က သတင်းစာရှင်းပွဲ လုပ်တာပါ။ ဒါကတော့ ဥပဒေအရ လုပ်လို့ရမယ် ထင်ပါတယ်"ဟု နေအိမ်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့သည့်အတွက် နံနက် ၁၁နာရီခန့်တွင် တားမြစ်စာပေးပို့ခံရသူ ဦးမြင့်နိုင်က ပြောသည်။

ဇလောင်းကျေးရွာရှိ အိမ်ရှင် ဦးမြင့်နိုင်၏ နေအိမ်တွင် နေပြည်တော်ရှိ လယ်သိမ်းဆည်းခံ ဒေသခံ လယ်သမားပေါင်း ၁၅ဝ ခန့်က စုဝေး၍ ၎င်းတို့၏ နစ်နာမှုများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းသည် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ခြင်းဖြစ်သည်ဟု ပေးပို့ထာသည့် တားမြစ်စာထဲ တွင် ရေးသားထားသည်။

ဇလောင်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က "သက်ဆိုင်ရာက တရားဝင် တားမြစ်သွားမယ်။ ဥပဒေကြောင်း အရပဲ သွားမယ်" ဟု မဇ္ဈိမကို ပြောသည်။

မူလက မြေယာဆုံးရှုံးသူ တောင်သူများ၏ ဆန္ဒကို သတင်းမီဒီယာများနှင့် မေးမြန်းခြင်းများ ပြုလုပ်ခြင်းဟုသာ ထင်ခဲ့သော်လည်း ယခုကဲ့သို့ အခမ်းအနားနှင့် ပြုလုပ်ခြင်းသည် တရားမဝင်သည့်အတွက် တားမြစ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ဒေသခံ တောင်သူများကလည်း ၎င်းတို့၏ နစ်နာမှုများကို ဥပဒေချိုးဖောက်ကာ ဆန္ဒထုတ်ဖော်ခြင်းမျိုး မဟုတ်ဘဲ မီဒီယာကို တင်ပြခြင်းသာဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာက ဒေသခံ တောင်သူ ၃ဝဝခန့်၏ ယာဧက ၅၈၅၈ဧကကို ၂ဝ၁ဝခုနှစ် ဝန်းကျင်က သရက်ဇုန် တည်ထောင်ရန် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးကျော်ဆွေလတ်က ပြောသည်။

No comments: