သိင်္ဂီထွန်း
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ကိုသန်းတင်(ခေါ်) ကြီးသန်းသည် ဖေဖော်ဝါရီ လ ၁၇ ရက် ည ၁၁ နာရီ ၄၈မိနစ်တွင် အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး သူ၏ စာပန အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ရက်တွင် ပြုလုပ်ခဲ့သည်။
ကြီးသန်း၏ ဈာပနအခမ်းအနားတွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ဦးမြအေး၊ ဦးပြုံးချို၊ ကိုအံ့ဘွယ်ကျော် တို့နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်များက ကြီးသန်း၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင် ခဲ့ကြသည်။
ကိုသန်းတင် (ခေါ်) ကြီးသန်းသည် ရန်ကုန်မြို့ လသာမြို့နယ်ရှိ Noble Square ဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ရောဂါ အခြေအနေကြောင့် နိုင်ငံရေးလုပ်ငန်းများမှ အနားယူခဲ့သည်မှာ ၂ဝ၁၃ ခုနှစ် ကတည်းက ဖြစ်သည်။ ကြီးသန်းသည် ကွယ်လွန်ချိန်တွင် အသက် ၅၇နှစ် ရှိပြီဖြစ်သည်။
ကြီးသန်းသည် ၁၉၇၄ခုနှစ် "ဦးသန့် (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်) ဈာပနအရေးအခင်း"တွင် နိုင်ငံရေးလှုပ်ရှားမှု စတင်လုပ်ဆောင်ခဲ့ပြီး ၁၉၇၅ခုနှစ်တွင် "မှိုင်းရာပြည့် ကျောင်းသား လှုပ်ရှားမှု"များတွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် ဦးနေဝင်း အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
၁၉၈၈ခုနှစ်တွင် "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး ကော်မတီ (မ.က.သ.ဖ)"၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လူထုအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့သည်။ မတ်လ ၁၃ရက်တွင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွင် "ကမ္ဘာမကြေ" စာစောင် ထုတ်ဝေဖြန့်ချိခဲ့သဖြင့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးကာ ကြမ်းတမ်းစွာ စစ်ဆေးမေးမြန်းခဲ့သဖြင့် ဆေးရုံတင်၍ ဝမ်းဗိုက်ခွဲစိတ် ကုသခဲ့ရသည်။
၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာချိန်တွင် မ.က.သ.ဖခေါင်းဆောင် ၉ ဦး တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပြီး ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုတွင်လည်း ပူးပေါင်းပါဝင်ခဲ့သည်။
ကြီးသန်းသည် ၂ဝဝ၅ခုနှစ်တွင် "၈၈မျိုးဆက်ကျောင်းသားများ"အဖွဲ့ ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။
၂ဝဝ၇ခုနှစ်တွင် သြဂုတ်လတွင် လောင်စာဆီဈေးနှုန်းများကို အစိုးရက အဆမတန်မြှင့်လိုက်သဖြင့် ကန့်ကွက်ဆန္ဒပြ တောင်းဆိုခြင်း၊ စက်တင်ဘာ ရွှေဝါရောင် တောင်လှန်ရေးများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
၂ဝဝ၇ခုနှစ်၌ပင် န.အ.ဖ အစိုးရ ဆန့်ကျင်ရေးများ လျှို့ဝှက်ဆောင်ရွက်နေစဉ် ဖမ်းဆီးခံရကာ ၂ဝဝ၈ခုနှစ်တွင် အင်းစိန်ထောင်တွင်ပြစ်ဒဏ် ၆၅နှစ် ချမှတ်ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် ၈၈မျိုးဆက် ကျောင်းသားများ ခေါင်းဆောင်များနှင့်အတူ သမ္မတဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်ပြည်နယ် စစ်တွေထောင်မှ လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေး လုပ်ငန်းများတွင် ဆက်လက် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment