Saturday, February 1, 2014

တိုင်တန်းခံ အုပ်ချုပ်ရေးမှူးများကို စစ်ဆေးအရေးယူမှုတွင် ဘက်လိုက်ခြင်းရှိ

စုမြတ်ဝေ၊ ရွှေရည်ဝင်းထက်

ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်က မသမာမှုများကျူးလွန်သည်ဟု ယူဆပါက ရပ်ကွက် (သို့) ကျေးရွာနေ ပြည်သူများက တိုင်တန်းနိုင်သည်ဟု ပြဋ္ဌာန်းပါရှိသော်လည်း စစ် ဆေးအရေးယူမှုများ ပြုလုပ်ရာတွင် မှန်ကန်မျှတမှုမရှိဘဲ ဘက်လိုက်မှုများ ပေါ်ပေါက်နေသည်ကို လေ့ လာတွေ့ရှိရသည်ဟု ၈၈ ငြိမ်း/ပွင့်၏ ရပ်ကျေးအုပ်ချုပ်ရေး (သို့) အခြေခံအစိုးရများ၏ ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာ အစီရင်ခံစာက ထောက်ပြပြောဆိုလိုက်သည်။

“အထူးသဖြင့် ကျောထောက်နောက်ခံပြုထားသော နိုင်ငံရေးပါတီများ၏ အရောင်အသွေးပေါ်တွင်လည်း မူတည်၍ စစ်ဆေးအရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြောင်း အထောက်အထားများ တွေ့ရှိရသည်” ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) လူထုဆက်ဆံရေးဌာနမှ တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၆၉ ဦးနှင့် တွေ့ဆုံဆွေးနွေးမေးမြန်းချက်များကို အခြေခံ၍ ဇန်န၀ါရီ ၃၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာထုတ်ပြန်သော ၈၈ ငြိမ်း/ပွင့် လူထုဆက်ဆံရေးဌာနမှ ကိုဂျင်မီက “ပြည်သူလူထုနဲ့ နှစ်ပေါင်း များစွာ ဆက်ဆံရေးအေးစက်ခဲ့တဲ့ အုပ်ချုပ်ရေးဌာနတွေရဲ့ အခန်းကဏ္ဍမှာ ဂရုတစိုက် ဦးစားပေး ပြုပြင် ပြောင်းလဲဖို့ အရေးကြီးတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ ဒါမှမဟုတ် အခြေခံအစိုးရတွေက အလွန်သိမ်မွေ့နက်နဲတဲ့ ဒီမိုကရေစီနည်း ကျ လူထုဆက်ဆံရေး မဟာဗျူဟာတစ်ရပ်ကို အောင်မြင်စွာ ချမှတ်နိုင်ဖို့အတွက် ဒီအစီရင်ခံစာကို ထုတ် ပြန်တာပါ”ဟု ဇန်န၀ါရီ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

အစီရင်ခံစာတွင် ဖော်ပြထားသော ဖြစ်ရပ်တစ်ခုအရ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်၊ ခမောက်စုကျေးရွာ အုပ်ချုပ်ရေးမှူးကို အတိုက်အခံအဖွဲ့မှ ကျေးရွာနေ ပြည်သူလူထု၏ လက်မှတ် ၈၀ ကို လိမ်လည်ရယူပြီး မြို့နယ်ခရိုင်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့များသို့ တိုင်ကြားခဲ့သည်။

ထိုတိုင်ကြားခံရသော အုပ်ချုပ်ရေးမှူးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျောထောက်နောက်ခံရှိသူ ဖြစ်သောကြောင့် မြို့နယ်ခရိုင်နှင့် တိုင်းအုပ်ချုပ်ရေးအဖွဲ့များက သေချာမစိစစ်ဘဲ အလျင်အမြန် အရေး ယူဖယ်ရှားခဲ့ပြီး ထိုသို့ အရေးယူဖယ်ရှားခံရချိန်မှသာလျှင် လိမ်လည်လက်မှတ် ၈၀ ကို ရယူခဲ့သည်ကို ကျေးရွာလူထုမှ သိရှိရသည်ဟု ဆိုသည်။

ဖယ်ရှားခံရသော အုပ်ချုပ်ရေးမှူးနေရာတွင် အမြန်အစားထိုးခန့်အပ်ပေးပါရန် ကျေးရွာနေ လူထု ၄၀၀ ကျော်က လက်မှတ်ထိုးကာ တောင်းဆိုခဲ့သော်လည်း မြို့နယ်၊ခရိုင်၊ တိုင်းအုပ်ချုပ်ရေးအဖွဲ့မှ ထိုတောင်း ဆိုချက်ကို ယနေ့တိုင် လျစ်လျူရှုထားလျက်ရှိသည်ဟု ပါရှိသည်။

ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသူသည် ပြည်ခိုင်ဖြိုးပါတီမှ ကျောထောက်နောက်ခံပေးထား သူတစ်ဦး ဖြစ်နေသည်ကိုလည်း တွေ့ရပြီး ထိုအချက်ကို ထောက်ရှု၍ အုပ်ချုပ်ရေးမှူးများအား တိုင်တန်း ခြင်းနှင့် အပြစ်ပေးအရေးယူရာတွင် ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်သော အလားတူဖြစ်ရပ်များစွာ ရှိနိုင်သည်ဟု အစီရင်ခံစာက ထောက်ပြထားခြင်းဖြစ်သည်။

ထို့ပြင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအများစုကို ထောက်ခံပေးထားသော နိုင်ငံရေးပါတီကြီး များဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့၏ ကျောထောက်နောက်ခံ၊ အားပြိုင်မှုများကို ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများတွင် တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က “ပါတီအနေနဲ့ ကျွန်မတို့ ကရင်ပြည်နယ်မှာတော့ ရပ်ကျေးအုပ်ချုပ်ရေး ရွေးကောက်ခြင်းဥပဒေနဲ့ပတ်သက်ပြီး ပြည်သူ လူထုကို ရှင်းပြဖို့ အခွင့်အလမ်းနည်းတာ မှန်ပါတယ်။ ပါတီစည်းရုံးရေး လုပ်တဲ့အခါမှာတော့ ဥပဒေထဲက စာတွေ ကောက်နုတ်စာအုပ်ထုတ်ပြီး လက်လှမ်းမီသလောက် လုပ်ပေးတယ်။ ဒါပေမဲ့ ရပ်ကျေးအုပ်ချုပ် ရေး ရွေးကောက်ပွဲ စတဲ့အချိန်နဲ့ ပါတီစည်းရုံးရေးလုပ်တဲ့အချိန် တိုက်နေတော့ ကျယ်ကျယ်ပြန့်ပြန့်မလုပ် နိုင်ဘူး”ဟု မဇ္ဈိမကို ပြောသည်။

၈၈ ငြိမ်း/ပွင့် လူထုဆက်ဆံရေးဌာန၏ လေ့လာချက်များအရ လူထုကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံရ သော ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂၉ ရာခိုင်နှုန်းတွင် NLD မှ ကျောထောက်နောက်ခံပေးထားသူ အများစု ပါဝင်ပြီး ကိုးရာခိုင်နှုန်းခန့်မှာ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းရင်းသားပါတီများ၏ ကျောထောက်နောက်ခံပေးထားသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြစ် သည်ကို တွေ့ရသည်ဟု ဆိုသည်။

ကျန်ရပ်/ကျေး အုပ်ချုပ်ရေးမှူး အများစုမှာ ပြည်ခိုင်ဖြိုးပါတီ၏ ကျောထောက်နောက်ခံ ပေးထားသူများ အဖြစ် တွေ့ရှိခြင်းဖြစ်သည်။

No comments: