ရေခဲ(ပြည်)
လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေသည့် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ရွှေဘုန်းရှိန်လမ်း အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ဖွင့်လှစ်ထားသော တောင်သူများ၏ သပိတ်စခန်းကို ဖေဖော်ဝါရီလ(၁၄)ရက် နံနက်က အကြမ်းဖက်ဖြိုခွဲခံရပြီး ဆန္ဒပြခေါင်းဆောင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆန္ဒပြသူများကပြောသည်။
သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးဦးဆောင်သော ရဲနှင့်အရပ်သားမျာပါ အင်အား (၅၀)ခန့်သည် ကားနှစ်စီးဖြင့် သပိတ်စခန်းကို လာရောက်ဖျက်ဆီးခဲ့သည်ဟု ဆန္ဒဖော်ထုတ်သူ ကိုသန့်ဇင်ထက်က ပြောသည်။
“အင်အား ခြောက်ဆယ်လောက်ရှိတယ်။ ကြံ့ခိုင်ရေး စွမ်းအားရှင်နဲ့ ရဲတွေပေါင်းပြီး ဖြိုခွဲတယ်။ ကြံ့ခိုင်ရေး ဝတ်စုံနဲ့လူတွေက ဗီနိုင်းပိုစတာတွေ ဖြဲပစ်တယ်။ ရဲတွေက အဆောက်အဦးကို ဖျက်တယ်”ဟု သူကဆိုသည်။
ထိုသို့ဖျက်ဆီးချိန်တွင် ဆန္ဒပြခေါင်းဆောင်များဖြစ်သည့် ဒေါ်ဝင်း၏ ဦးခေါင်းကို ခဲဖြင့်ထုခံရပြီး ဒေါ်ညိုမှာ ဆွဲရမ်းခံရသဖြင့် မူးမေ့လဲကျခဲ့သည်ဟု ကိုသန့်ဇင်ထက်ကပြောသည်။
“ဒေါ်ဝင်းက ခေါင်းကိုခဲနဲ့ထုခံရတယ်။ ဒေါ်ဝင်းကတော့ အရူးတစ်ပိုင်းကိုဖြစ်သွားပြီ။ သူ့ကိုဆွဲလားရမ်းလား လုပ်ကြတော့ အင်္ကျီကြယ်သီးတွေ ပြုတ်ထွက်ကုန်တယ်။ အရူးကြီးလိုဖြစ်သွားပြီး မူးမေ့လဲကျတော့ ဆေးရုံရောက်သွားတယ်”ဟု ကိုသန့်ဇင်ထက်က ဆိုသည်။
ယင်းသို့ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲခြင်းနှင့် ပတ်သတ်ပြီး သဲကုန်း မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲတစ်ဦးက “အဲဒါကျွန်တော်တို့လည်း မသိဘူး။ စခန်းနောက်ချန်ဖြစ်နေလို့။ ရှေ့ကအဖွဲ့ပဲ သိမယ်”ဟုသာ ဖြေကြားကာ ဖုန်းချသွားခဲ့သည်။ ထို့နောက် သဲကုန်းစခန်းမှူးထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းပြန်ဖြေကြားခြင်းမရှိပေ။
သပိတ်စခန်း အဖျက်ခံရသော ဖေဖော်ဝါရီလ(၁၄)ရက်တွင် သီတဂူဆရာတော် ဒေါက်တာရှင်ဥာနိသရက သဲကုန်းမြို့နယ်တွင် စက္ခုဒါန ဆေးရုံဖွင့်ပွဲ အခမ်းအနား လာရောက်ပြုလုပ်မည်ဖြစ်သည်။ ဆရာတော်ဖွင့်လှစ်မည့် ဆေးရုံသည် သပိတ်စခန်းအနီးတွင် ရှိသဖြင့် ဆရာတော်က စာထုတ်ဖျက်ခိုင်းသည်ဟု ရဲတပ်ဖွဲ့က အကြောင်းပြခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ကိုသန့်ဇင်ထက်က ပြောသည်။
“ဆရာတော်ရဲ့ စာအရ ဖျက်ရတယ်လို့ ရဲကပြောပါတယ်။ စာကိုလည်းပြပါတယ်။ စာထဲမှာရေးထားတာက သပိတ်စခန်းဖျက်ပစ်လို့ မပါပါဘူး”ဟု ကိုသန့်ဇင်ထက်က ဆိုသည်။
ဆရာတော် ဒေါက်တာရှင်ဥာနိသရ၏စာတွင် “တောင်းဆိုခြင်းတို့ ရပ်မှ ဒုက္ခချုပ်ငြိမ်းမည်သာသည်။ သင်တို့ဆန္ဒကို ငြိမ်းချမ်းစွာရပ်ကြကုန်သော်။ ကုသိုလ်တော်ပွဲမှာ အားလုံးစိတ်ချမ်းသာအောင် စည်းလုံးကြပါ”ဟု ဆရာတော်က မိန့်ကြားထားသည်။
ဆန္ဒပြသူများသည် ဖျက်စီးခံရသည့် သပိတ်စခန်းမှ ထွက်ခွာခြင်းမရှိဘဲ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆက်လက်တောင်းဆိုနေဆဲ ဖြစ်သည်။
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ တောင်သူများ၏ လယ်ယာမြေ ၁၁၅၉ ဒသမ ၅၅ ဧကကို ၂၀၀၁ ခုနှစ်တွင် စစ်တပ်ကသိမ်းယူခဲ့ပြီး လက်ရှိတွင် အမှတ်(၃) လက်ကားသမ၀ါယမအသင်းလီမိတက်အမည်ဖြင့် ငါးကန်လုပ်ငန်းများအပါအဝင် စီမံကိန်းအကောင်အထည်မဖော်သည့် မြေများရှိနေပြီး ယင်းမြေများ အားလုံး ပြန်လည်ရရှိရေး ဖေဖော်ဝါရီ ၁၁ ရက်တွင် သပိတ်စခန်းဖွင့် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။
No comments:
Post a Comment