Sunday, February 9, 2014

လွှတ်တော်သုံးသည့် ကျပ် ၃၃ဘီလီယံ ဥပဒေနှင့်ညီရန် ညှိနှိုင်း

ဥာဏ်လှိုင်လင်း

တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်နှုန်းဖြင့် လွှတ်တော်ကိုယ်စားလှယ်တို့ သုံးစွဲနေသည့် ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေ ကျပ် ၃၃ ဘီလီယံ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့်လုပ်ငန်းများ ဖော်ဆောင်ရာတွင် တည်ဆဲ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ၀န် ကြီးဌာနများ နှင့် ပြည်ထောင်စုလွှတ်တော်တို့ ဖေဖော်ဝါရီ ၆ရက်တွင် ညှိနှိုင်းခဲ့ကြသည်။

ညှိနှိုင်းမှုမတိုင်မီ ဘဏ္ဍာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ငွေထုတ်သူအရာရှိကို အုပ်ချုပ် ရေးဝန်ထမ်းဖြစ်စေရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့/ကော်မတီ တာဝန်ရှိသူ တစ်ဦးဦးကို တာဝန်ပေးရန် ဖေဖော်ဝါရီ ၅ ရက် ကတည်းက လွှတ်တော်ရုံးမှ ကိုယ်စားလှယ် အားလုံးသို့ ညွှန်ကြားခဲ့သည်။

သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများ၌ ဖွင့်လှစ်ထားသည့် စာရင်းရှင်ငွေစာရင်းများကို ဘဏ္ဍာရေးဝန်ကြီးဌာန က သတ်မှတ်ပေးသည့် “လွှတ်တော်ရုံးနယ်မြေဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေစာရင်း” အမည်ဖြင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း (အခြား စာရင်းရှင်/့င်္ဗ (ဥဗ))သို့ လွှဲပြောင်း ဖွင့်လှစ်ရန်လည်း ပါဝင်သည်။

ယနေ့တွင်မူ သုံးစွဲပြီးသည့် စာရင်းဇယားများမည်သို့ ထိန်းသိမ်းမည်နှင့် စစ်ဆေးခံနိုင်မည်ကို အဓိကထား ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ “အဓိက အခက်အခဲက သုံးပြီးသားငွေကို မှတ်တမ်းတင်မှု အပိုင်းမှာ အခု ဖွဲ့တဲ့ အဖွဲ့အစည်းအနေနဲ့ ပြန်လည်စစ်ဆေးမှတ်တမ်းတင်ခြင်းကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ခြင်းနဲ့ အားလုံးကို စာရင်းစစ်ဆေးခံနိုင်အောင် ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသင့်တယ်” ဟု ဘဏ္ဍာရေး ၀န်ကြီးဦးဝင်းရှိန်က ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက “အခုသုံးစွဲထားတဲ့ ငွေတွေကို သက်ဆိုင်ရာမြို့နယ် အလိုက် ဖွဲ့စည်းထားတဲ့ကော်မတီတွေက စီစဉ်မှုနဲ့ အတည်ပြုလို့ရပါတယ်။ လွယ်လွယ်ကူကူ ရနိုင်ပါ တယ်။ ဒါကြောင့်မို့လို့ သီးသန့်ထပ်ပြီး စဉ်းစားစရာ မလိုဘူးလို့ ယူဆပါတယ်” ဟု ပြောသည်။

လွှတ်တော် စီစဉ်ထားသည့် မူလလုပ်ထုံးလုပ်နည်းများအရ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ ဘဏ္ဍာ ရေးနှင့် စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီတို့က ရန်ပုံငွေသုံးစွဲမှုဆိုင်ရာစာရင်းဇယားအထောက် အထားများကို မှတ်တမ်းတင်ထိန်းသိမ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးမှုခံယူရန် ဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ကမူ လွှတ်တော်ကိုယ်စားလှယ်ကို ဥက္ကဋ္ဌ တာဝန်ယူကြီးကြပ်စေ၍ အုပ်ချုပ် ရေးဆိုင်ရာ အဖွဲ့အစည်းများဖြင့် လုပ်ငန်းဆောင်ရွက်ရန် ပြန်လည်ဖွဲ့စည်းခဲ့သည့် အဖွဲ့သို့ သုံးပြီးငွေများ စနစ်ကျပြန်လည်အပ်နှံ အစစ်အဆေးခံမည်ဆိုပါက အခက်အခဲမရှိဟု သုံးသပ်သည်။

“ယင်းကိစ္စကို ယင်းအဖွဲ့က သဘောမတူပါက ပြည်ထောင်စုလွတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် တာဝန် ယူထားသည့် ငွေစာရင်းများ သုံးစွဲမူအပိုင်းများကို စာရင်းစစ်ချုပ်ရုံးအနေနှင့် တစ်ပိုင်းခွဲပြီး စစ်ရမည့် အနေ အထား ဖြစ်သွားပါမည်” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြောသည်။

“ဒီဟာကို ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတဲ့နေရာမှာ အစစ်ခံဖို့ အသင့်ရှိပါတယ်” ဟု သူရဦးရွှေ မန်းက ပြန်လည်ရှင်းပြခဲ့သည်။ ထို့အတူ မြို့နယ် တိုင်း၊ ရက်ကွက်တိုင်း၊ ကျေးရွာအုပ်စု တိုင်းတွင်လည်း စာရင်းအထောက်အထား အားလုံးရှိသဖြင့် ဒေသဆိုင်ရာ စာရင်းစစ်များပင် ၀င်ရောက် စစ်ဆေးနိုင်သည် ဟုလည်း ပြောခဲ့သည်။

ထိုသို့လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲများရှိနေခြင်းကြောင့် ယခုနှစ်ဆန်ပိုင်းအထိ အဆိုပါရန်ပုံငွေ ကို ကိုယ်စားလှယ်တို့ ဥပဒေနှင့်အညီသုံးစွဲနိုင်ရေး ခက်ခဲခဲ့ရသေးသည်။ ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ညှိနှိုင်းခဲ့ကြသေးသော်လည်း ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိသေး ပေ။ အဆိုပါ ရန်ပုံငွေကို မတ်လကုန်တွင်ကုန်ဆုံးမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အပြီး သုံးစွဲရမည် ဖြစ်ပြီး သို့မဟုတ်ပါက ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံရမည် ဖြစ်သည်။

No comments: