ဇော်ဇော်ထွေး
ချစ်သူများနေ့ (Valentine's Day) ညတွင် အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို တည်းခိုခန်းသို့ ခေါ်ဆောင်အိပ်စက်ခဲ့သည့် လူငယ်တစ်ဦးကို မိန်းကလေးမိခင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တိုင်တန်းလိုက်သဖြင့် မြောက်ဥက္ကလာပ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
အဆိုပါ အမှုတွင် အသက် ၁၅ နှစ်ရှိ ၁၀ တန်းကျောင်းသူမှာ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် အသက် (၄၃)နှစ်ရှိ မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့ရသည်ဟု ဆိုထားသည်။
ထို့နောက် ည ၂ နာရီအချိန်တွင် သမီးဖြစ်သူကို မောင်အောင်ထက်ပိုင် (စိစစ်ဆဲ)နှင့်အတူ မြောက်ဥက္က လာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင်ဘုရားရှေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်။
ထို့ကြောင့် လှမ်းခေါ်ရာ အောင်ထက်ပိုင်မှ ထွက်ပြေးသွားသဖြင့် သမီးဖြစ်သူကို နေအိမ်သို့ ပြန်လည်ခေါ်ဆောင် လာပြီး မေးမြန်းရာ အောင်ထက်ပိုင်မှာ သူမချစ်သူဖြစ်ပြီး ညနေ ၆ နာရီအချိန်က (ဋ)ရပ်ကွက်ရှိ တည်းခိုခန်းတွင် အတူနေထိုင်ခဲ့ကြောင်း သိရှိရသည်ဟု တရားလိုက ရဲထံတိုင်ကြားထားသည်။
ထို့ပြင် သမီးဖြစ်သူ ၀တ်ဆင်ထားသည့် ရွှေနားကပ်တစ်ရံနှင့် ရွှေလက်စွပ်တစ်ကွင်း၊ စုစုပေါင်းတန်ဖိုး ကျပ် ၈၀,၀၀၀ကိုလည်း အောင်ထက်ပိုင်က ရယူထားသည်ဟုဆိုထားသည်။
ထို့ကြောင့် အုပ်ထိန်းသူခွင့်ပြုချက်မရဘဲ ယူဆောင်သူအောင်ထက်ပိုင်ကို အရေးယူပေးရန် မိန်းကလေး မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ယင်းတိုင်တန်းမှုကို (ပ)၁၂၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ထွက်ပြေးသွားသူကို ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက် နေကာ ဖမ်းဆီးရမိပြီး ပြစ်မှု ထင်ရှားကြောင်းတွေ့ရှိပါက ပုဒ်မ ၃၆၃ ဖြင့် အရေးယူမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
No comments:
Post a Comment