ဉဏ်လှိုင်လင်း
တပ်မတော်က ဒုတိယအကြိမ် စိစစ်မှုဖြင့် မြေဧက ၁၅၄,၈၉၂ ဒသမ ၁၀၂ ထပ်မံ စွန့်လွှတ်ပေးမည်ဟူ၍ တရားဝင် ထုတ်ပြန်ထားသည့် စာရင်းများ မူလသက်ဆိုင်သူများထံ ပြန်ရောက်မရောက် တိုက်ဆိုင်စစ် ဆေးရန် စီစဉ်သွားမည်ဟု ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် အချို့က ပြောသည်။
အဆိုပါ မြေများကို ပြည်ထောင်စု အစိုးရအဖွဲ့၊ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီတို့သို့ တင်ပြ၍ သက်ဆိုင်ရာ ၀န်ကြီးဌာန၊ တိုင်း၊ ပြည်နယ်အစိုးရများမှ တစ်ဆင့် စနစ်တကျစိစစ်ကာ မူလသက်ဆိုင်သူ များထံသို့ ပြန်လည်စွန့်လွှတ်မည်ဟု ဖေဖော်ဝါရီ ၆ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထား သည်။
ယင်းတို့ကို မူလပိုင်ရှင်များထံသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့် ဦးဆောင်သည့် ကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီအဖွဲ့များက တိုင်း၊ ပြည် နယ်အစိုးရအဖွဲ့များနှင့် ဆက်သွယ်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။
သိမ်းယူခဲ့သည့် မြေများတွင် မြေစာရင်းပုံစံ (၁၀၅/၁၀၆)ရယူ သိမ်းဆည်းထားသော မြေဧကသည် အများ ဆုံးဖြစ်ပြီး စုစုပေါင်းဧက ခြောက်သောင်းကျော်ဖြစ်သည်။ ပြည်ထဲရေးအမိန့်ဖြင့် သိမ်းဆည်းသည့် မြေဧက နှစ်သောင်းကျော်၊ လန (၃၉) ရယူသိမ်းဆည်းသည့်မြေဧက သုံးထောင်ကျော်လည်း ပါဝင်သည်။ အခြား မြေများကိုမူ သိမ်းဆည်းရေးဆောင်ရွက်ဆဲမြေများလည်း ပါဝင်သည်။
“ဘယ်လိုဟာတွေ ပြန်ပေးမှာလဲ၊ အငြင်းပွားနေတာတွေရော ပါလား၊ ကော်မရှင်အနေနဲ့ တိုက်ဆိုင်စစ် ဆေးဖို့ လုပ်သွားပါမယ်၊ လိုအပ်မှာလည်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေ ကော် မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည် ကပြောသည်။ ပြည်ထောင်စုလွှတ်တော် ကော်မရှင်ကထုတ်ပြန်ထားသည့် အစီရင်ခံစာ (၃)ပါ တပ်မတော်နှင့်သက်ဆိုင်သည့် အမှုများအပြင် အခြားစိစစ်ရရှိမှုများကိုလည်း ပြန်လည် စွန့်လွှတ်မည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ပထမအကြိမ် ထုတ်ပြန်ခဲ့သည့် ဧကစာရင်းများ အပါအ၀င်ဆိုလျှင် တပ်မတော်က ပြန်လည်စွန့်လွှတ် မည်ဟု ကြေညာခဲ့သည့် မြေဧကပေါင်း နှစ်သိန်းကျော်ရှိပြီ ဖြစ်သည်။
No comments:
Post a Comment