ဟိန်းကိုစိုး
သန်းခေါင်စာရင်းကောက်ယူမှုသည် ပြည်တွင်းငြိမ်းချမ်းရေးကိုထိခိုက်နိုင်သည်ဟုဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG က ခန့်မှန်းထုတ်ပြန်ထားသော်လည်း အစိုးရဘက်မှ ယခင်အစီအစဉ်များအတိုင်း အကောင်ထည်ဖော်ကောက်ယူမည်ဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ကြိုင်က မဇ္ဈိမကို ပြောသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ဖေဖော်ဝါရီလ ၁၃ရက်တွင် ၀န်ကြီးဌာနရုံး၌ ပြုလုပ်သည့် အကြံပေးကော်မတီ အစည်းအဝေးတွင်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“သန်းခေါင်စာရင်းကောက်ဖို့အတွက်ကို ကျွန်တော်တို့ကအရင်အစီအစဉ်တွေအတိုင်းပဲ လုပ်သွားမှာ။ တိုင်းရင်းသားတွေအားလုံးလဲ သဘောတူမှုရထားပြီးသား၊ မျိုးနွယ်စုအတွင်းမှာ လူမျိုးအမည်ကွဲတာက သူတို့ခေါင်းဆောင်တွေ အချင်းချင်းညှိုနှိုင်းပြီးဆွေးနွေးကြလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဆက်လုပ်မှာပါ” ဟု ဦးမြင့်ကြိုင်ကပြောသည်။
ယင်းအစည်းအဝေးတွင် သန်းခေါင်စာရင်းကောက်ယူရေးအကြံပေးကော်မတီဝင်များဖြစ်သည့် ပြည်တွင်းဘာသာရေးအဖွဲ့အစည်းဝင်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များ၊ သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂအဖွဲ့ကိုယ်စားလှယ်များ၊ အလှူရှင်နိုင်ငံသံရုံးကိုယ်စားလှယ်များ၊ အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့ ကိုယ်စားလှယ်များနှင့် အပစ်အခတ်ရပ်စဲရေးဖော်ဆောင်နေသည့် အဖွဲ့ ၂ ဖွဲ့ ကိုယ်စားလှယ်တို့နှင့် ဆွေးနွေးကာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ဆက်လက်ဆောင်ရွက်ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၃၀ရက်မှ ဧပြီလ ၁၀ရက်အထိ ယခင် သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ကောက်ယူမည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများတွင် အဓိကကျသည့်အချက်လက်များကိုသာ အလျင်အမြန်ပြင်ဆင် ကောက်ခံသင့်ပြီး စိတ်ဝမ်းကွဲပြားစေမည့်အချက်အလက် ကောက်ယူမှုဖြစ်သည့် လူမျိုး၊ ဘာသာရေး၊ နိုင်ငံသားအဆင့်အတန်း စသည့်အချက်အလက်များထည့်သွင်းကောက်ယူခြင်းကို ဆိုင်းငံကာ ပိုမိုအဆင်ပြေသည့် အချိန်တွင်သာ ကောက်ခံသင့်သည်ဟု ICG က ဖေဖော်ဝါရီ ၁၂ရက်တွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အငြင်းပွားဖွယ်ရာအချက်လက်များပါဝင်နေခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တင်းမာလာမှုပိုမိုများပြားလားနိုင်သည့် အခြေအနေ အန္တရာယ်မျိုးရှိနေသည်ဟု ICG ကဆိုထားသည်။
သန်ခေါင်းစာရင်းကောက်ယူရာတွင် အိမ်ထောင်စုမေးခွန်းပုံစံတွင်ပါရှိသည့် အသက်၊ (ကျား/မ)၊ အိမ်ထောင်ရေး အခြေအနေစသည့် အခြေခံကျသော မေးခွန်း ၆ မျိုးကိုသာ မေးမြန်းသင့်ကာ ပြင်ဆင်မှုအတွက် အချိန်လုံလောက်မှုရှိသေးသည်ဟု ထည့်သွင်းထားသည်။
လက်ရှိအချိန်ထိ တိုင်းရင်းသားပြည်နယ်အချို့တွင် သန်းခေါင်စာရင်းကောက်ယူရေးအတွက် သဘောတူညီမှုများကို အပြည့်အ၀မရရှိသေးပေ။ ကရင်အမျိုးသားအစည်းအရုံးကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်းတွင် ကိုယ်တိုင်သာလျှင်သန်းခေါင်စာရင်း ကောက်ယူမှုများကို ဆောင်ရွက်မည်ဟု အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောထားသည်။
ထိုနည်းတူ ကချင်နှင့် ၀ ကဲ့သို့ဒေသများတွင်လည်း သန်းခေါင်စာရင်းကောက်ယူရေးအတွက် ညှိုနှိုင်းမှုများကို ပြုလုပ်နေဆဲဖြစ်သည်။
No comments:
Post a Comment