ABC
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC ဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုတွေကို ဒီထက်ပို လျော့ကျလာဖို့အတွက် ပြည်တွင်း အသေးစား ငွေကြေးထောက်ပံ့နေတဲ့ အဖွဲ့အစည်း ၃ ခုကို ငွေကြေးအပါအဝင် နည်းပညာပိုင်းတွေ အကူအညီပေးနိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
မနေ့က ရန်ကုန်မြို့၊ ကမ္ဘာ့ဘဏ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်တွင်းမှာ လက်ရှိ အသေးစား ငွေကြေး ထောက်ပံ့နေတဲ့ အဖွဲ့တွေဖြစ်တဲ့ Pact Global Microfinance Fund ၊ Proximity Designs နဲ့ World Vision International-Myanmar အဖွဲ့တွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
မနေ့ကပဲ အဲဒီ အဖွဲ့အစည်း ၃ ခုနဲ့ နည်းလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးတော့ ငွေရေးကြေးရေးဆိုင်ရာ နည်းလမ်းတွေ၊ စီမံခန့်ခွဲတဲ့ နည်းလမ်းတွေနဲ့ ငွေကြေး ထောက်ပံ့မှု ပုံစံတွေ အပါအဝင် ဝန်ထမ်းလေ့ကျင့် သင်ကြားမှုတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ငွေကြေးဆိုင်ရာ အကူအညီပေးဖို့ စီစဉ်တာနဲ့ ပက်သက်ပြီး အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင် IFC ရဲ့ မြန်မာပြည် ဌာနေကိုယ်စားလှယ် Mr.Kumar က အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံမှာ ငွေကြေးအကူအညီပေးတဲ့လုပ်ငန်းကို စတင်လုပ်ကိုင်ဖို့ ဆောင်ရွက်လာတာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင်ခဲ့တာပါ။ အဲဒီ လုပ်ငန်းဟာ ရည်ရွယ်ချက် ၃ ခုနဲ့ စတင်ခဲ့ပါတယ်။ အခြေခံ အဆောက်အအုံ အဆင့်မြှင့်တင်ရေး၊ အလုပ်အကိုင်ရရှိရေးနဲ့ အသေးစား စီးပွားရေး လုပ်ငန်းတွေ ပိုမို ခိုင်မာလာစေဖို့ ဖြစ်ပါတယ်။”
IFC အနေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေ အားလုံးကို ရည်ရှည်တည်တံ့တဲ့ စီးပွားရေး ဖြစ်လာအောင် ငွေကြေး ထောက်ပံ့ ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
IFC ရဲ့ စစ်တမ်းအရ ပြည်တွင်းက အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ချေးငွေပမဏ လိုအပ်ချက်ဟာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံလောက် လိုအပ်ချက် ရှိနေတယ်လို့လည်း IFC ရဲ့ အရှေ့ အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ အကြံပေး Miss Rachel က ပြောဆိုခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ IFC အနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ့်အပြင် အခုလို ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတွေ၊ အသေးစား စီးပွာရေး လုပ်ငန်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မနေ့က နားလည်မှုစာချွန်လွှာလက်မှတ်ထိုးခဲ့တဲ့ အဖွဲ့အစည်း ၃ ခုဟာ မြန်မာနိုင်ငံအတွင်း ၁၀ စုနှစ်ကျော် ငွေကြေး ထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျေးလက်နေ လယ်သမားတွေနဲ့ အသေးစား စီးပွားရေး လုပ်ငန်းတွေကို အဓိက ဦးစားပေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထား ပါတယ်။

No comments:
Post a Comment