Saturday, February 1, 2014

မြန်မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းရန် KDDI ဖြင့် နောက်ဆုံးအဆင့်ညှိနှိုင်းနေ

စချိုကို

ပြည်တွင်းတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်မည့်ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန အောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်ပအော်ပရေတာတစ်ခု နှင့် ပူးပေါင်းလုပ်ကိုင်ရန်ပြင်ဆင်နေပြီး လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ အခြေစိုက် KDDI နှင့် ပူးပေါင်းရန် နောက်ဆုံးအဆင့်ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ဇန်န၀ါရီ ၃၀ တွင် ပြောသည်။

၎င်းက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး အော်ပရေ တာ အူရီးဒူးတို့ လုပ်ငန်းလိုင်စင်လက်မှတ်ရေးထိုးသည့် အခမ်းအနားအပြီးတွင် ပြောကြားခြင်း ဖြစ်သည်။

ဦးသန်းထွန်းအောင်က“ညှိနှိုင်းပြီးရွေးတဲ့အခါ ကိုယ့်ရဲ့ MPT သွားမယ့် ပုံစံနဲ့ အသင့်လျော်ဆုံးဖြစ်မယ့် KDDI ပုံစံမျိုးပေါ့။သူတို့နဲ့ အခုအခါအသေးစိတ်ညှိနှိုင်းနေတာ ။သူ့ကိုရွေးပြီးပြီလို့လဲ မဟုတ်ဘူး။ အသားပေးတာလဲမဟုတ်ဘူး။ ကျွန်တော်တို့ဘက်က သွားဖို့သင့်တော်မယ့်ပုံစံကို ချပြပြီးတော့ အဲဒီပုံစံ နဲ့အနီးစပ်ဆုံး Proposal ပြန်တင်ပေးနိုင်တဲ့ဂျပန်KDDI ၊ ဆူမီတိုမိုကုမ္ပဏီနဲ့ နောက်ဆုံးအဆင့် ညှိနှိုင်း တဲ့ပုံစံဖြစ်နေပါပြီ။မကြာခင် အဖြေထွက်မှာပါ”ဟု ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းလုပ်ကိုင်ရန် ဇကာတင်ရွေးချယ်ထားသော ပြည်ပအော်ပရေတာသုံးခုမှာ ပြင်သစ်နိုင်ငံရှိ Orange၊ ဂျပန်နိုင်ငံမှ KDDI နှင့် စင်ကာပူနိုင်ငံမှ SingTel တို့ဖြစ်သည်။

အဆိုပါအော်ပရေတာသုံးခုမှာ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ရန်အတွက် ပြည်တွင်းပြည်ပ အော်ပရေတာများကို တင်ဒါခေါ်ယူချိန်တွင် ၀င်ရောက်လျှောက်ထားခဲ့သော ကုမ္ပဏီ များဖြစ်ကြပြီး တင်ဒါမအောင်မြင်ခဲ့သောကုမ္ပဏီများဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများ ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး ဦးသန်းထွန်းအောင်က “ပူးပေါင်း မယ့် အော်ပရေတာ ရွေးနေတာကမိုဘိုင်းတစ်ခုတည်း မဟုတ်ပါဘူး။ fix (ကြိုးဖုန်း) ရော မိုဘိုင်းရော။ နောက် စာတိုက်လုပ်ငန်းလည်းထည့်ပေါင်းမလားဆိုတာညှိုနိုင်းနေတုန်းပါ။ တယ်လီကွန်း Sector ကို ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်” ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်ပအော်ပရေတာများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန်အတွက် စိန်ခေါ်မှုများစွာရှိနေမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသင့်သည်ဟုလည်း ပညာရှင်များက အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပြည်တွင်းအော်ပရေတာ နှစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ရတနာပုံတယ်လီပို့အပြင်ပြည်ပအော်ပရေ တာ နှစ်ခုဖြစ်သော တယ်လီနောနှင့် အူရီးဒူးတို့ကိုလည်း ရွေးချယ်ထားပြီး ယင်းကုမ္ပဏီများက ဇန်န၀ါရီ ၃၀ တွင် လုပ်ငန်းလုပ်ကိုင်ရန် လက်မှတ်ရေးထိုးခဲ့သည်။

No comments: