Wednesday, February 19, 2014

အရံမီးသတ်တစ်ဦးကို ဆဲဆိုမှုဖြင့် NLD ပါတီရပ်/ကျေးဥက္ကဋ္ဌက အမှုဖွင့်

ဇော်ဇော်ထွေး

ဖွံ့ဖြိုးရေးရန်ပုံငွေ စီးမံကိန်းများနှင့် ပတ်သက်၍ အစည်းအဝေးလုပ်ဆောင်နေစဉ် ဆဲဆိုခဲ့သဖြင့် NLD ရပ်ကျေးဥက္ကဋ္ဌတစ်ဦးက အရံမီးသတ်တစ်ဦးကို ဖေဖော်ဝါရီ ၁၆ ရက် အမှုဖွင့်တိုင်တန်းလိုက်သည်။

အဆိုဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁ဝ နာရီက မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ ဝေပုလ္လဝိဇယဓမ္မာရုံတွင် NDF ပါတီမှ တိုင်းလွှတ်တော်အမတ် ဒေါက်တာသန်းဝင်း၊ တိုင်းလွှတ်တော်အမတ် ဦးသက်ထွန်းမောင်တို့ ပါဝင်ကာ ရပ်ကွက်နေပြည်သူများနှင့် ဆွေးနွေးကြစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် NLD ပါတီမှ ရပ်ကျေးဥက္ကဋ္ဌဖြစ်သူ ဒေါ်ဝါဝါဝင်း အမှတ် (၁၂၇)၊ ဝေပုလ္လ(၃)လမ်း၊ ကျူးကျော်(ဃ) ရပ်ကွက်နေသူက ကျူးကျော်နေအိမ်များ လမ်းခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးနေချိန်တွင် စက္ကဝတ် (၃)လမ်းနေ အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက မကျေနပ်သဖြင့် ဆဲဆိုခဲ့သည်ဟု အမှုဖွင့်ထားခြင်းဖြစ်သည်။

ထို့ကြောင့် NLD နှင့် သူမအပေါ် ညစ်ညမ်းစွာ ဆဲဆိုခဲ့သည့် ဦးဝင်းမောင်ကို အရေးယူပေးရန် ဒေါ်ဝါဝါဝင်းက တရားလိုပြုလုပ် တိုင်တန်းထားခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၁၃ဝ/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို စစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မှုမှန်ကန် ပါက ပုဒ်မ ၂၉၄ ဖြင့် တရားစွဲတင်သွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

No comments: