Friday, February 14, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံမှုဖြင့် ဆောင်ရွက်မည်ဟု NLD နာယက ဦးတင်ဦးပြော

အေးမြင့်စန်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ၏ ဦးတည်ချက်ဖြစ်ရာ ပြင်ဆင်ရေးအတွက် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ဆောင်ရွက်သွားမည်ဟု NLD နာယက ဦးတင်ဦးက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောသည်။

ဦးတင်ဦးက ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင် NLD က ဦးစီးကျင်းပသည့် (၆၇) နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရှမ်းအိုးစည်နှင့် ရှမ်းရိုးရာအကပြိုင်ပွဲ ဆုပေးပွဲတွင် မိန့်ခွန်းပြော ကြားရာ၌ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ဦးတင်ဦးက “ဒီမိုကရေစီပါတဲ့ ဖွဲ့စည်းပုံမျိုးဖြစ်အောင် လူ့အခွင့်အရေးကို အာမခံချက် အပြည့်အ၀ပေးတဲ့ ဖွဲ့စည်းပုံမျိုးဖြစ်အောင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်ကပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က သဘောထား ထုတ်ပြန်ထားပါတယ်၊ တိုင်းရင်းသားတွေအားလုံး တန်းတူအခွင့်အရေးရတဲ့ ဖွဲ့စည်းပုံ မျိုးဖြစ်အောင် လူထုဆန္ဒနဲ့အညီ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုလည်း မဇိ္ဈမကို ပြောသည်။

ယင်းအပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ အသက်မ၀င်နိုင်ဟု NLD ၏ ပြည်ထောင်စုနေ့ ကြေညာချက် တွင် ထည့်သွင်း ဖော်ပြလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်နိုင်သည်ဆိုသော အချက်များ ထည့်ထားသော်လည်း ပြင်လို့ မရအောင် တင်းကျပ်ထားသည်ဟုလည်း ဦးတင်ဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံပါ အချက်အလက်များကို ခြုံလိုက်လျှင် ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ဖြစ်သည့် “စစ်တပ် သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ၊ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးစေ ရမည်”ဆိုသည့် သဘောတရားကို ပယ်ဖျက်ကာ၊ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမည့် အစဉ်အ လာကို ဖျက်သိမ်းလျက် တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုသည့် သဘောထား အခိုင်အမာ ဆုပ်ကိုင်ထားသည်ဟု ဦးတင်ဦးက မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားအားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေး၊ တိုင်းရင်းသားများအကြား ရှိနေသည့် ပြဿနာများကို လက်နက်နည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံ ရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အခိုင်အမာ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ပြည်ထောင်စုနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

No comments: