Saturday, February 1, 2014

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် အသင့်ဖြစ်နေပြီဟု RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်ပြော

ဖနိဒါ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် အသင့်ဖြစ်နေပြီဟု ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီခေါ် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ဥက္ကဋ္ဌက ဇန်န၀ါရီ ၃၀ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ် ဦးဆောင် သော ကိုယ်စားလှယ်ခုနစ်ဦးတို့ တွေ့ဆုံ ဆွေးနွေးစဉ် RCSS/SSA ဥက္ကဋ္ဌက ပြောဆိုလိုက်ခြင်းဟု ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက မဇ္ဈိမကို ပြောသည်။

ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ယွက်ဆစ်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ဖော်ဆောင်သွားနိုင်ရန် အရေးကြီးပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာသော်လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွင်သော် လည်းကောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် RCSS/SSA သည် တိုင်းရင်းသားများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည်ဟုလည်း ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ပြောသည်။

အစိုးရကိုယ်စားလှယ်များနှင့် RCSS အဖွဲ့ဝင်တို့ ဆွေးနွေးမှုတွင် ဇန်န၀ါရီ ၂၀ ရက်က ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေလော်ခီးလာတပ်စခန်းက အတည်ပြုပေးလိုက်သည့် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးခဲ့သေးသည်။

“လော်ခီးလာက ရရှိလာတဲ့ သဘောတူညီချက်ကို သူတို့က လာရောက်ဆွေးနွေးတယ်။ ဒီသဘောတူညီ ချက်တွေကို နေပြည်တော်ကို ပြန်လည်တင်ပြမယ်။ နောက်တစ်ကြိမ် NCCT နဲ့ ရန်ကုန်မှာပြန်တွေ့မယ်။ ငြိမ်းချမ်းရေးကိစ္စမှာ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ကို ပြောသွားပါတယ်”ဟု ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် RCSS က လက်ခံထားပြီးဖြစ်၍ အမြန်ဆုံး ဆောင်ရွက်လို သည်ဟု ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်ဟုလည်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မြန် မာ့ငြိမ်းချမ်းရေးဂေဟာမှ ဦးညိုအုန်းမြင့်က ပြောသည်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆွေးနွေးပါတယ်။ သူတို့ဘက်က အစိုးရဘက်ကပေးတဲ့ မူ အပေါ်မှာလည်း လက်ခံတယ်။ သူတို့ကတော့ ကျန်တဲ့တိုင်းရင်းသားတွေ သဘောတူတယ်ဆိုရင် သူတို့ ကတော့ အဆင့်သင့်ဖြစ်တယ်ဆိုတာကို ဆွေးနွေးပါတယ်။ သူတို့ကျေနပ်ပါတယ်။ အချိန်တိုတို ရိုးရိုးရှင်း ရှင်းနဲ့ မြန်မြန်ဆန်ဆန်လုပ်ဖို့ သူတို့ မေတ္တာရပ်ခံပါတယ်”ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ဇန်န၀ါရီ ၂၀ မှ ၂၅ ရက်အထိ လော်ခီးလာတွင် ကျင်းပခဲ့သော ဒုတိယညီလာခံတွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့က လက်မှတ်ထိုး သော်လည်း RCSS က ပါဝင်လက်မှတ်ထိုးခြင်း မရှိခဲ့ပေ။ တိုင်းရင်းသား အဖွဲ့အစည်းများ၏ သဘောတူ ညီမှု မူကြမ်းအား မူအားဖြင့် လက်ခံထားသော်လည်း RCSS ၏ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများမှ သ ဘောထားရယူရန် လိုအပ်သဖြင့် လက်မှတ်မထိုးခြင်းဟု ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက မဇိ္ဈမကို မကြာမီက ပြောဆိုခဲ့သည်။

ဇန်န၀ါရီ ၂၉ ရက်ကလည်း NCCT ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ NCCT က ယင်းတို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်း ၁၁ ချက်ကို တင်ပြဆွေးနွေးခဲ့သည်။ အစိုးရကိုယ်စားလှယ်များနှင့် တစ်နိုင် ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက် ကိုင် “တော်လှန်ရေးအဖွဲ့များ” ဟူသည့် စကားလုံးနှင့်ပတ်သက်၍ အမြင်ကွဲပြားလျက်ရှိသည်။

No comments: