စ ချိုကို
ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို အော်ပရေတာအဖြစ် လုပ်ကိုင်မည် ဖြစ်သော ရတနာပုံတယ်လီပို့အနေဖြင့် လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်နိုင်ရန် ထိုင်းနိုင်ငံတွင် အော်ပရေတာအဖြစ် လုပ်ကိုင်နေသည့် True ကော်ပိုရေးရှင်းနှင့် ပူးပေါင်းလုပ်ကိုင်ဖွယ်ရှိသည်ဟု ရတနာပုံတယ်လီပို့၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရတနာပုံတယ်လီပို့က ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရာတွင် မည်သည့် ပြည်ပအော်ပရေတာနှင့် ပူးပေါင်း လုပ်ကိုင်ရန် ရွေးချယ်ထားကြောင်း မဇ္ဈိမသတင်းဌာန၏ မေးမြန်းမှုကို အဆိုပါ ဒါရိုက်တာက “ ထိုင်းနိုင်ငံက True Move နဲ့တော့ ဆွေးနွေးနေပါတယ်။ အတိအကျတော့ မပြောနိုင်သေးပါဘူး။ ဆွေးနွေးမှုက နောက်ဆုံးအဆင့်နီးပါး ရှိနေပါပြီ ” ဟုပြောသည်။
True Corporation Public Company Limited (TRUE)သည် ထိုင်းနိုင်ငံရှိ ဆက်သွယ်ရေး လုပ်ငန်းစု တစ်ခုဖြစ်ပြီး အကြီးဆုံး Cable TV Provider နှင့် အကြီးဆုံး Internet Service Provider (ISP) အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် လုပ်ကိုင်သည်။
ယင်းအပြင် ထိုင်းနိုင်ငံ၏ တတိယ အကြီးဆုံး မိုဘိုင်းအော်ပရေတာအဖြစ်လည်း လုပ်ကိုင်နေသည်။ ထို့ပြင် ၂၀၁၃ မေလ ၁၈ရက် တွင်လည်း 4G LTE Commercial Service ကို ရေဒီယို frequency 2100 MHz bandwidth ပေါ်တွင် စတင်မိတ် ဆက်ခဲ့ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး 4G LTE Service အသုံးပြုနိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်လာခဲ့သည်။ True ကုမ္ပဏီသည် ကမ္ဘောဒီးယား ၊လာအို ၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတွင်လည်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။
ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုအဖြစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့ကို ရွေးချယ် ထားပြီးဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားပြီး ရတနာပုံတယ်လီပို့ကို ထပ်မံ၍ လိုင်စင်ချထားပေးသွားရန်ရှိသည်ဟု ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ဖေဖော်ဝါရီ ပထမပတ်အတွင်း အူရီးဒူးကုမ္ပဏီကို လိုင်စင် စတင်ချထားပေးသည့် အခမ်းအနားတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားထားသည်။
ရတနာပုံတယ်လီပို့ဘက်မှ ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီရွေးချယ်ပြီး နောက်ဆုံးအဆင့် လုပ်ငန်းဆောင်ရွက်ထားချက်များကို တင်ပြကာ အဆင့်သင့်ဖြစ်ပြီဆိုပါက လိုင်စင်ချပေးမည် ဖြစ်သည်ဟု ၎င်းက ပြောကြားထားသည်။
လက်ရှိတွင် ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် မိုဘိုင်းအော်ပရေတာ လုပ်ကိုင်ခွင့် လိုင်စင်ကို ကုမ္ပဏီလေးခုအထိ ရွေးချယ်ထားပြီး နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနောနှင့် ကာတာနိုင်ငံ အခြေစိုက် အူရီးဒူးတို့၏ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များမှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က စတင် အသက်ဝင်ပြီဖြစ်သည်။
No comments:
Post a Comment