Geoffrey Goddard
မြန်မာနိုင်ငံတွင် မီဒီယာ ကန့်သတ်ချုပ်ချယ်မှုများအား ဖယ်ရှားလိုက်ခြင်းသည် ရောထွေးနေသော ရလဒ်များ ထွက်ပေါ်လာစေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ USIP က ဆိုခဲ့ပြီး၊ သတင်းအချက်အလက်များကို ရရှိနိုင်သည့် အခွင့်အလမ်းများ တိုးတက်လာခြင်းသည် ပဋိပက္ခ ဖြစ်နိုင်ခြေများကိုလည်း ပိုမိုတိုးမြင့်လာစေခဲ့ကြောင်း USIP က ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်အခြေစိုက် USIP အဖွဲ့က ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၄ဝ ပါ “မြန်မာနိုင်ငံအတွင်း မီဒီယာနှင့် ပဋိပက္ခများ” ဟူသော အစီရင်ခံစာထဲတွင်၊ မီဒီယာလွတ်လပ်ခွင့် ပိုမိုရရှိလာခြင်း၏ ကောင်းသောအကျိုးဆက်များနှင့် ဆိုးဝါးသော အကျိုးဆက်များကို ဖော်ပြထားသည်။
“ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရန် မီဒီယာများအတွက် အခွင့်အလမ်းများ” ဟုလည်း မျက်နှာဖုံးတွင် ခေါင်းစဉ်ငယ်တပ်ထားသည့် အစီရင်ခံစာထဲတွင် သဘောထားများ ပြောင်းလဲကြရန် ရည်ရွယ်သည့် နည်းလမ်းများကို အကြံပြုထားကာ၊ မီဒီယာများအနေဖြင့်
ရေတိုကာလနှင့်၊ သိပ်မဝေးသည့် ကာလများအတွင်း၊ အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့်ပေးသည့် အနေအထားမျိုး
ဖစ်မလာအောင် ကာကွယ်စောင့်ကြပ်သင့်ကြောင်းလည်း အကြံပြုထားသည်။
ဘာသာတရားများအကြား နားလည်မှုများ ပိုမိုမြင့်တက်လာစေရန်၊ သည်းခံမှုများ မြင့်မားလာစေရန်၊ ဘာသာကွဲများအကြား ခွဲခြားဆက်ဆံမှုမရှိသော သဘောထားများနှင့် အလေ့အထများ မြင့်တက်လာစေရန်၊ အစ္စလာမ်ဆန့်ကျင်ရေးအတွက် သတင်းမှား
ပးခြင်းများကို တန်ပြန်နိုင်ရန်၊ အမုန်းတရား ဖြန့်ဖြူးမှုများကို စောင့်ကြည့်ရန်နှင့် တားဆီးရန်၊ မီဒီယာ တတ်မြောက်နားလည်မှုကို
မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံသည် ကိုးကွယ်ယုံကြည်မှုအမျိုးမျိုးဖြင့် ထွေပြားကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း အမြင်ကို အထောက်အပံ့ပေးရန် စသည်ဖြင့် အစီရင်ခံစာ၏ နည်းလမ်းများက ရည်ရွယ်ထားသည်။
ပုံနှိပ်မီဒီယာများ ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေးဌာနသို့ ကြိုတင် တင်ပြကာ ခွင့်ပြုချက်ယူခဲ့ရသည့် စနစ်ကို၊ ၂ဝ၁၂ ခုနှစ် သြဂုတ်လက ဖျက်သိမ်းခဲ့ခြင်း အပါအဝင်၊ မီဒီယာ ကန့်သန့်ချုပ်ချယ်မှုများအား ဖြေလျှော့ပေးခဲ့ခြင်းများသည် သတင်းအချက် အလက်ရရှိနိုင်မှု “တဟုန်ထိုး တိုးပွါးပေါက်ကွဲခြင်းတစ်ရပ်” သို့ ဦးတည်သွားကြောင်း အစီရင်ခံစာက ဆိုသည်။
“ဥပမာပေးရလျှင်၊ မမှန်မကန်လုပ်သူများ တာဝန်ခံမှု ရှိလာစေရေး၊ အုပ်ချုပ်ရေးတွင် ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်ရေးနှင့် ယခင်က အားပြိုင်နေခဲ့ကြသော လူမျိုးစုများနှင့် ဘာသာရေးအုပ်စုများအကြား နားလည်မှုနှင့် ဖလှယ်မှုများ မြင့်တက်လာရေး တို့အတွက် အထောက်အကူပြုနိုင်သည့် သတင်းအချက်အလက်များကို ပြည်သူများ ပိုမိုရရှိလာကြသည်။ ထိုကဲ့သို့ ပွင့်လင်းလာ
ခြင်းကို အားပေးထောက်ခံသင့်ပါသည်” ဟု အစီရင်ခံစာထဲတွင် ဆိုထားသည်။
“သို့သော် သတင်းအချက်အလက်များ ပိုမိုရရှိလာခြင်းသည် ပဋိပက္ခဖြစ်နိုင်ခြေများကိုလည်း ဆောင်ကြဉ်းလာပါသည်။ ယခင်က၊ ကန့်သတ်ချုပ်ချယ်ထားမှုများအောက်တွင် အမှန်အမှားများရောထွေးနေသည့်၊ အစိုးရ ကျောထောက်နောက်ခံပြု သတင်းများကို သာ ဆယ်စုနှစ်များစွာ မှီခိုခဲ့ရသည့် ပြည်သူများအနေဖြင့် ယေဘုယျအားဖြင့် မီဒီယာရေးရာ သိမြင်နားလည်မှု အကြီးအကျယ် နိမ့်ကျလျက်ရှိနေကာ၊ ကောလဟလများအား တကယ့်အချက်အလက်မှန်များကဲ့သို့ ယုံကြည်အလေးထားကြဟန်ရှိနေသည်” ဟု အစီရင်ခံစာထဲတွင် ရေးသားထားသည်။
"အထူးခြားဆုံးမှာ၊ အကူးအပြောင်းကာလကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့သည့်၊ နိုင်ငံအဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် မူစလင် အသိုင်းအဝိုင်းများအကြား ဖြစ်ပွါးခဲ့သော အုပ်စုလိုက် ပဋိပက္ခများနှင့် ဆက်စပ်၍ ဖော်ပြရပါလျှင်၊ အချို့မှာ အမုန်းတရား
ဖြန့်ဖြူးရန်နှင့် အုပ်စုတစ်စုကို ဆန့်ကျင်ရေး၊ အထူးသဖြင့် မူစလင် ဆန့်ကျင်ရေးကို စည်းရုံးလှုံ့ဆော်ရန် မီဒီယာများ (အထူးသဖြင့် လူမှုမီဒီယာများ) ကို အသုံးချနေကြပါသည်။"
"စစ်အစိုးရ လက်ထက်က ချုပ်တည်းထားခဲ့ရသည့်၊ အုပ်စုတစ်ခုခု ဆန့်ကျင်ရေး သဘောထားများသည်၊ ပွင့်လင်းလာသည့် အခြေအနေသစ်အောက်တွင် ပွင့်ထွက်လာခဲ့ကြပြီး၊ အင်တာဗျူးဖြေကြားသူ အချို့၏ အဆိုအရသိရသည်မှာ၊ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များကို ဆန့်ကျင်လိုသည့် အချို့ အထက်လွှာမှ ပုဂ္ဂိုလ်များသည် ယင်းတို့ နိုင်ငံရေးအကျိုးအမြတ် ရရှိရန်အတွက်၊ မုန်းတီးဆန့်ကျင်ရေး သဘောထားများ ပေါ်ထွက်လာစေရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်" ဟုလည်း အစီရင်ခံစာထဲတွင် ပါရှိသည်။
အုပ်စုလိုက် ပဋိပက္ခများအား ဖြေရှင်းနိုင်ရေးနှင့်ပတ်သတ်၍ မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေ ရကြောင်းလည်း အစီရင်ခံစာက ဆိုထားသည်။
"အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားလူနည်းစုများ ပါဝင်ကြသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စသည်တို့နှင့် မတူညီသည်မှာ၊ ယခုပဋိပက္ခများ၏ အဓိကအကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းမည့် ထိရောက်သော ယန္တရားမျိုးနှင့် နိုင်ငံရေးအရ သို့မဟုတ် အများနှစ်သက်မည့် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းလှုပ်ရှားမှုမျိုး မရှိခြင်းပင် ဖြစ်သည်” ဟု အစီရင်ခံစာက ဆိုသည်။
“နိုင်ငံရေးသမားများ၊ ဘုန်းတော်ကြီးများ၊ အတွေးအမြင်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့် ကမ္ဘာသိ ပုဂ္ဂိုလ်များ အနေဖြင့် အများပြည်သူ၏ အထင်အမြင် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်သလို ဖြစ်သွားပါက အများထောက်ခံယုံကြည်မှုကို လက်လွှတ်ဆုံးရှုံးသွားမည့် အခြေအနေမျိုး ရှိနေခြင်းကြောင့်လည်း၊ အလယ်အလတ် အသံများထက် အစွန်းရောက်သော အသံများသာ လွှမ်းမိုးရှင်သန်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖြစ်ပေါ်စေလျက် ရှိသည်” ဟု အစီရင်ခံစာထဲတွင် ပါရှိသည်။
အဓိကရုဏ်းများနှင့် ပတ်သတ်၍ ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ၏ သတင်းတင်ပြချက်များ ကွဲပြားဆန့်ကျင်နေခြင်းကလည်း အသိုင်းအဝိုင်းများအကြား စိတ်ဝမ်းကွဲမှုများကို ပိုမိုအားဖြည့်ပေးသကဲ့သို့ ဖြစ်လျက်ရှိသည်။
“ကျွမ်းကျင်သူများ၏ အဆိုအရ၊ ပြည်တွင်း စာနယ်ဇင်းသမားများနှင့် ပြည်တွင်း အတွေးအမြင်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့်၊ ဗုဒ္ဓဘာသာဝင်များထက် မူစလင်များအပေါ်တွင် အနုတ်သဘောဆောင်သော ပြောကြားမှုများ ပိုမိုပြုလုပ်လေ့ရှိသည်” ဟု အစီရင်ခံစာက ဖော်ပြထားသည်။
“အခြားတစ်ဘက်တွင်မူ အနောက်တိုင်း စာနယ်ဇင်းသမားများ အနေဖြင့် ဗုဒ္ဓဘာသာဝင်-မူစလင် အဓိကရုဏ်းအား လူ့အခွင့်အရေး ကိုအခြေခံသော မူဘောင်စံနှုန်း တစ်ရပ်ဖြင့် သတင်းတင်ပြရန် တိမ်းညွတ်လေ့ရှိကြပြီး၊ မူစလင်များကို ဒုက္ခသည်သားကောင်များ အဖြစ် ပုံဖော်ကာ ဗုဒ္ဓဘာသာဝင်များကို အပြစ်တင်ခဲ့ကြသည်” ဟု အစီရင်ခံစာထဲတွင် ရေးသားထားသည်။
“ထိုကဲ့သို့သော သတင်းတင်ပြချက်များ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပျံ့နှံလာကြကာ၊ ဗုဒ္ဓဘာသာ၏ ကိုယ်ပိုင်လက္ခဏာများအား ခြိမ်းခြောက်ခြင်း ခံရသကဲ့သို့သော စိုးရိမ်ကြောင့်ကြမှုများကို အားဖြည့်ပေးသလို ဖြစ်ပြီး၊ ပဋိပက္ခများကို ဖြစ်ပေါ်စေသည်” ဟု အစီရင်ခံစာက ဆိုသည်။
“အရည်အသွေး မြင့်မားကာ ကျင့်ဝတ်နှင့်ညီညွတ်သော သတင်းတင်ပြချက်များကို တင်ဆက်နိုင်မည့် ကျွမ်းကျင်မီဒီယာ ပညာရှင် များ ပြတ်လပ်မှု” ကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာက ဆိုထားသည်။ အစိုးရ အရာရှိများ၊ လူ့အဖွဲ့အစည်းနှင့် မီဒီယာ ကဏ္ဍအားလုံးမှ ကိုယ်စားလှယ်များ၏ အင်တာဗျူးဖြေဆိုမှုများအရ၊ ပထမဆုံး ပြုလုပ်ရန် လိုအပ်နေ သည်မှာ မီဒီယာသင်တန်း ပေးရန်ဖြစ်ကြောင်းလည်း အစီရင်ခံစာထဲတွင် ရေးသားဖော်ပြထားသည်။
အင်တာဗျူး ဖြေကြားသူများ ထုတ်ဖော်ပြောကြားခဲ့ကြသည့် နောက်ထပ်လိုအပ်ချက် တစ်ခုမှာ၊ ပဋိပက္ခများကို သတင်းသမား ပီသစွာ သတင်းတင်ပြနိုင်ရေး ဖြစ်သည်ဟု အစီရင်ခံစာက ဆိုထားသည်။ ပြဿနာ ဖြစ်ပေါ်စေခဲ့သည့် အကြောင်းရင်းခံ တစ်ခုမှာ “ယခင် အစိုးရလက်ထက်က ရှိခဲ့သည့် ဆင်ဆာဖြတ်တောက်မှု နေရာတွင်၊ မိမိဘာသာ အကြီးအကျယ် ဆင်ဆာဖြတ်တောက်မှုများ” ထိထိရောက်ရောက် အစားထိုး တည်ရှိလာခြင်း ဖြစ်သည်ဟု အစီရင်ခံစာထဲတွင် ရေးသားထားသည်။
အစီရင်ခံစာထဲတွင် မီဒီယာ စီမံခန့်ခွဲသူ တစ်ဦးကို ကိုးကား၍ “သတင်းထောက်တွေဟာ အငြင်းပွါးမှုကို ရှောင်ဖို့ကြိုးစားကြပြီးတော့၊
ဝေဖန်မှုမျိုးလည်း မလုပ်ကြပါဘူး။ ဗုဒ္ဓဘာသာ ရဟန်းဖြစ်တဲ့ ဦးဝီရသူဟာ ၉၆၉ လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမြန်မာ စာနယ်ဇင်းသမားတွေဟာ ဦးဝီရသူကို ဝေဖန်ဖို့ ကြောက်ရွံ့ကြပါတယ်” ဟု ဖော်ပြထားသည်။
ထိုအစီရင်ခံစာကို http://www.usip.org/publications/media-and-conflict-in-myanmar တွင် ရယူနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ USIP သည် လွတ်လပ်သော၊ ဘက်မလိုက်သော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်က တည်ထောင်ကာ ငွေကြေးထောက်ပံ့ထားသည့် အဖွဲ့အစည်းဖြစ်သည်။
No comments:
Post a Comment