Saturday, May 23, 2009

နအဖ၏ တရားစီရင်ရေးစနစ် ဘာလဲ ဘယ်လဲ

မျိုးဇာနည်

အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော (Mr. John William Yettaw) ဆိုသူသည် အင်းလျားကန်စောင်းရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက် ကာ မေလ (၄) ရက်နေ့ နံနက်မှ (၅) ရက်နေ့ ညနေအထိ (၂) ရက်ကြာနေထိုင် ခဲ့ပြီး မေလ (၆) ရက်နေ့ နံနက်အစောတွင် အင်းလျား ကန်အတွင်း၌ ရေကူးနေစဉ် ၎င်းအားတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ (၇) ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တိတ်တဆိတ် ၀င်ရောက်လာသော အမေရိကန်လူမျိုး ဂျွန်ဝီလျံယက်တော ဆိုသူ ၏ အမှုနှင့် ပတ်သက်၍ စစ်အစိုးရ အာဏာပိုင်များက မေလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အတူနေသူ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့အား အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ (၂၂) ဖြင့် တရားစွဲ ဆို လိုက်ပြီး မေလ (၁၈) ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပုဒ်မ (၂၂) အရ ပြစ်မှု ထင် ရှား ပါက ထောင်ဒဏ် (၃) နှစ်မှ (၅) နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

ထိုသတင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အင်းစိန်ထောင်တွင် မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ပြည်တွင်းပြည်ပမှ ကန့်ကွက်ဆန္ဒပြသံများ တမဟုတ်ချင်း ဆူညံပွက်လောရိုက်သွားခဲ့သည်။ ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူသာမက မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အာဆီယံနိုင်ငံများအဖွဲ့ကပါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး တောင်းဆိုခဲ့ကြသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်နေသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိဆစ်ဝိတ်ချာချီဝတို့က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားမှုအပေါ် အထူးစိုးရိမ်မိကြောင်း ပြောဆိုကြပြီး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် နအဖစစ်အစိုးရက တောင်းဆိုမှုများကို လျစ်လျူရှု၍ မေလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား အများပြည်သူကို တက်ရောက်နားထောင်ခွင့် မပေးဘဲ တံခါးပိတ် စတင်စစ်ဆေးခဲ့ သည်။ ထို့အပြင် အမှုနှင့်ပတ်သက်၍ စစ်အစိုးရသတင်းစာများ၌ ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ‘တရားခံ’ ဟု သုံးနှုန်းဖော်ပြသည့်အတွက် မြန်မာပြည်သူများ အထူးဒေါသထွက် စိတ်ဆိုးခဲ့ကြသည်။ မေလ (၁၉) ရက်နေ့ ဒုတိယရုံးချိန်ကိုလည်း အများပြည်သူကို တက်ရောက်နားထောင်ခွင့် မပေးဘဲ တံခါးပိတ် ဆက်လက်စစ်ဆေးခဲ့သည်။ ထို့အပြင် အင်းစိန်ထောင်ပတ်ဝန်းကျင်၌လည်း လုံထိန်းများ၊ စွမ်းအားရှင်များ၊ အရပ်ဝတ်ထောက်လှမ်းရေးများ အပြည့်ချ၍ လုံခြုံရေးယူထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အများပြည်သူရှေ့မှောက်တွင် တရားစီရင်ပါရန် တရားသူကြီးများထံ မေလ (၁၈) နေ့က လျှောက်ထားရာတွင်လည်း အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ပယ်ချခဲ့သည်။

“ဒီကနေ့ အမှုစတင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတင်ပြတဲ့ အများပြည်သူ တက်ရောက် နားထောင်နိုင်တဲ့ Open Court ကို လုံခြုံရေးအရ မပေးနိုင်ကြောင်း တရားသူကြီးက ပယ်ချလိုက်ပြီးနောက် အမှုကို စတင်စစ်ဆေးတာပါ” ဟု မေလ (၁၈) ရက်နေ့တွင် အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အင်းစိန်ထောင်အတွင်း တံခါးပိတ် ရုံးထုတ်နေခြင်းသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှုမရှိသည်ကို ပြသရာရောက်ကြောင်းလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က မေလ (၁၈) ရက်နေ့တွင် ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာက ဥပဒေစိုးမိုးရေးမရှိဘူး။ နောက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်က လွတ်လပ်မှုမရှိဘူး ဆိုတာကို သက်သေပြပါတယ်။ ကျန်တဲ့ ကိုမင်းကိုနိုင်တို့၊ ကိုဇာဂနာတို့ အစရှိသဖြင့် ထောင်ပေါင်းများစွာသော လူတွေကို တရားစွဲ တင်တဲ့အခါမှာလည်း သူတို့က တံခါးပိတ် အကျဉ်းရုံး စီရင်တာမျိုးပဲ ပေးပါတယ်။ လွတ်လပ်တဲ့၊ မျှတတဲ့ တရားစီရင်မှု မရဘူးလို့ပဲ ကျနော်တို့ ယုံကြည်ပါတယ်” ဟု အေအေပီပီ-ဘီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြည်ပမီဒီယာတခုသို့် ပြောဆိုခဲ့သည်။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား အများပြည်သူရှေ့မှောက်တွင် လွတ်လပ်စွာ တရားစီရင်ပေးရန် မေလ (၂၀) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရထံသို့ ကြေညာချက်ထုတ် ထပ်မံတောင်းဆို ခဲ့သည်။

မေလ (၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေသည့် အင်းစိန်ထောင်အတွင်းသို့ သံတမန် (၂၉) ဦးနှင့် ပြည်တွင်းပြည်ပသတင်းထောက် (၁၀) ဦးကို စစ်အစိုးရက ရုတ်တရက် တက်ရောက်ခွင့် ပေးခဲ့သည်။ မေလ (၁၈) ရက်၊ (၁၉) ရက်နှင့် (၂၀) ရက်နေ့ နံနက်ပိုင်း ရုံးတင်စစ်ဆေးမှုများကို အများပြည်သူ တက်ရောက်နားထောင်ခွင့်မပေးဘဲ တံခါးပိတ်စစ်ဆေးသည့် တရားခွင်တွင် ကြားနာစစ်ဆေးခဲ့ပြီး မေလ (၂၀) ရက်နေ့ နေ့လယ်ပိုင်း စစ်ဆေးမှုတွင်မှ ထိုကဲ့သို့ သံတမန်နှင့် သတင်းထောက်များကို တက်ရောက်နားထောင်ခွင့် ပြုလိုက်သည့်အတွက် အများက အံ့အားသင့်ခဲ့ကြသည်။ သို့သော် စကားပြန်ထည့်မပေးသဖြင့် သံတမန်များအနေဖြင့် တရားစီရင်သည့် မြင်ကွင်းကို ထိုင်ကြည့်ပြီး ပြန်ခဲ့ရသလို ဖြစ်ခဲ့သည်ဟု သံတမန်တဦးက ပြောသည်။

မေလ (၂၀) ရက်နေ့ ရုံးတင်စစ်ဆေးမှု ပြီးချိန်တွင် မြန်မာပြည်ရောက် သံတမန်များ၏ ကိုယ်စားလှယ် စင်ကာပူသံအမတ်၊ အာဆီယံအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ထိုင်းသံအမတ်နှင့် ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ရုရှားနိုင်ငံ၏ ကိုယ်စားလှယ် ရုရှားသံအမတ်တို့ကိုသာ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံရန် စစ်အာဏာပိုင်တို့က ခွင့်ပြုခဲ့သော်လည်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အဆိုပါ သံတမန်များက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

ပြည်တွင်းမှ နိုင်ငံခြားသတင်းထောက်များကို မဲနှိုက်ဝင်ရောက်ခွင့်ပေးပြီး ပြည်တွင်းသတင်းထောက်များထဲမှမူ စစ်အစိုးရ၏ လက်ကိုင်တုတ် မီဒီယာများဖြစ်ကြသည့် လျှပ်တစ်ပြက်၊ ရန်ကုန်တိုင်းမ်၊ ပေါ်ပြူလာဂျာနယ်၊ ၀ီကလီးအလဲဗင်း၊ မြန်မာတိုင်းမ်တို့မှ သတင်းထောက်များ တက်ရောက်ခွင့်ရခဲ့သည်။

အမှုစစ်ဆေးရာသို့ တက်ရောက်နားထောင်သည့် နိုင်ငံခြားသံတမန်များအား နှုတ်ဆက်ခွင့်ကို စစ်အစိုးရအာဏာပိုင်များ က ခွင့်မပြုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အဝေးမှ လှမ်းပြီး နှုတ်ဆက်ခဲ့ရသည်ဟု သံတမန်တဦးက ပြောဆိုခဲ့သည်။ တရားခွင်သို့ တက်ရောက်ကြားနာခွင့် ရခဲ့သည့် သံတမန်များနှင့် သတင်းထောက်များကို ကင်မရာ၊ ဗွီဒီယိုနှင့် စကားပြောစက်များ ယူဆောင်ခွင့်ကိုလည်း ပိတ်ပင်ထားခဲ့သည်။

“ဘာအတွက်ကြောင့် သံတမန်တွေနဲ့ သတင်းစာဆရာတွေကို ခွင့်ပြုတယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒါဟာ တိုးတက်မှု ရလဒ်တခုပဲ။ ကျနော်တို့က ပြည်သူအများ တက်ရောက် နားထောင်ခွင့်ရတဲ့ ပိုမိုပွင့်လင်းလွတ်လပ်တဲ့ တရားခွင်ဖြစ်ချင်တယ်။ အခုတော့ Half-Open Court” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက မေလ (၂၀) ရက်နေ့တွင် ပြောဆိုခဲ့သည်။

တရားခွင်သို့ ကိုယ်တိုင်တက်ရောက် နားထောင်ခွင့်ရခဲ့သူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မတ်ခ်ကန်နင်းကမူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အင်းစိန်ထောင်တွင်း ကြားနာစစ်ဆေးမူကို သူ့အနေဖြင့် အယုံအကြည်မရှိကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအပေါ် စစ်အစိုးရတရားရုံးမှ မည်ကဲ့သို့ စီရင်ဆုံးဖြတ်မည်ကို ကြိုသိထားပြီးဖြစ်သလို ဤအမှု၌ အဖြေရှိပြီးသား ဖြစ်သဖြင့် အယုံအကြည်မရှိခြင်းဖြစ်ကြောင်း မတ်ခ်ကန်နင်းက ပြောဆိုသည်။

“ဒီဇာတ်လမ်းကို ဘယ်လိုအဆုံးသတ်မယ်ဆိုတဲ့ ဇာတ်ညွှန်းက ကြိုရေးထားပြီးဖြစ်လို့ ထွက်လာတဲ့ ရလဒ်ကတော့ ကောင်းမှာမဟုတ်ဘူး” ဟု မတ်ခ်ကန်နင်းက ဘီဘီစီသတင်းဋ္ဌာနကို ပြောကြားခဲ့သည်။

စတုတ္ထနေ့ ရုံးချိန်းဖြစ်သည့် မေလ (၂၁) ရက်နေ့တွင် စစ်အစိုးရ အာဏာပိုင်များက ယခင်နေ့ကကဲ့သို့ သံတမန်များ၊ သတင်းထောက်များကို ဖိတ်ခေါ်ခြင်းမပြုတော့ဘဲ တံခါးပိတ် အမှုစစ်ဆေးခဲ့ပြန်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အများပြည်သူ ရှေ့မှောက်၌ လွတ်လပ်စွာ တရားစီရင်မှုပြုလုပ်ရန်နှင့် ထိုသို့မပြုလုပ်ပါက ၂၀၁၀ ရွေးကောက်ပွဲသည် တရားဝင်ခြင်း ရှိလိမ့်မည် မဟုတ်ဟု သတိပေးထားသည့်ကြားက သံတမန်နှင့် သတင်းထောက်များ ကြားနာခွင့်ကို စစ်အစိုးရက ပြန်လည်ပိတ်ပင် လိုက်ခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရ အာဏာပိုင်တွေက တရား စွဲဆိုထား သည့်အမှုနှင့် ပတ် သက်၍ အမေရိကန်ပြည်ထောင်စု အစိုးရနှင့် လွှတ်တော်အမတ်များက စိုးရိမ်တကြီး စောင့်ကြည့်နေကြကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် အမှုအား စစ်ဆေးသည့် တရားခွင်ကို အများပြည်သူတက်ရောက် နားထောင်ခွင့်ပေးရန် တောင်းဆိုကြောင်း အမေရိကန်အစိုးရက မေလ (၁၉) ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များကလည်း ဒေါ်အောင်ဆန်းစုကြည်အား အများပြည်သူရှေ့မှောက်တွင် တရားစစ်ဆေးရန်နှင့် နိုင်ငံတကာ ဥပဒေပညာရှင်များအား လာရောက်လေ့လာခွင့်ပြုရန် မေလ (၂၀) ရက်နေ့က ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

အင်းစိန်ထောင်ဘူးဝအနီးသို့ (၄) ရက်ဆက်တိုက် သွားစောင့်ရာမှ ပြန်လာခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဆရာကြီး ဦးဝင်းတင်က “ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သို့မဟုတ်ရင်လည်း ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကာလမျိုး၊ နောက်တခါ ပါတီအဖွဲ့အစည်း ဒီမိုကရေစီအဖွဲ့အစည်း တခုရဲ့ ခေါင်းဆောင်တယောက်ကို တရားစီရင်တဲ့ အခါမှာတော့ အများပြည်သူ နားထောင်သင့်တယ်လို့ ကျနော် ယူဆတယ်။ တရားခွင်မှာ အများပြည်သူရှေ့မှောက် ကြားနာရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် ရှိရက်သားနဲ့ နအဖ အစိုးရလက်ထက်မှာ လည်း ဒီဥပဒေကို ဆက်လက်ပြဋ္ဌာန်းထားပါရက်နဲ့ နားထောင်ခွင့်မရဘူး၊ လေ့လာခွင့်မရဘူး။ ဒါဟာ လူအခွင့်ရေး ချိုးဖောက်ခံရတာပဲ” ဟု မေလ (၂၁) ရက်နေ့တွင် စစ်အစိုးရအား ဝေဖန်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကလည်း “ဒီလိုအမှုကို အများပြည်သူကို ကြားနာခွင့်မပေးဘူး ဆိုတာဟာလည်း ပြည်တွင်းဥပဒေတွေအရရော၊ နိုင်ငံတကာမှာရှိတဲ့ fair trial court နဲ့ရော ဆန့်ကျင်တယ်” ဟု ပြောဆိုခဲ့သည်။

သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ စတုတ္ထနေ့ တရားစီရင်မှု ပြီးစီးချိန်အထိ ခြုံငုံသုံး သပ်ကြည့် လျှင် စစ်အစိုးရအနေဖြင့် တရားစီရင်ရေးစနစ်ကို လက်ကိုင်တုတ်အဖြစ် သဘောထားကာ စိတ်ကြိုက်ခြယ်လှယ်နေခြင်း၊ အများပြည် သူ ကို တက်ရောက်နားထောင်ခွင့်မပြုခြင်း၊ အများပြည်သူ အင်းစိန်ထောင် အနီးသို့ပင် မကပ်နိုင်အောင် လုံခြုံရေးထူထပ်စွာ ချထားခြင်း၊ တရားစီရင်ပြီးသည့် အမှုချိန်း (၄) ရက်တွင် တရက်သာ သံတမန်များနှင့် သတင်းထောက်အချို့အား တက်ရောက်နားထောင်ခွင့်ပြုခြင်း၊ သို့သော် စကားပြန် ထည့်မပေးခြင်း၊ အသံဖမ်းစက်၊ ကင်မရာ၊ စကားပြောစက်တို့ ယူဆောင်ခွင့်မပြုခြင်း စသည့်အခြေအနေများကြောင့် လွတ်လပ်သည့် တရားစီရင်မှု Open Court ဟုမဆိုထားနှင့် Half-Open Court ဟုပင် မှတ်ချက်ပေးရန် မဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

No comments: