Thursday, May 28, 2009

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အားနည်း

ကြည်ဝေ Thursday, 28 May 2009

အင်းစိန် ထောင်တွင်း တရား ရုံးတွင် အမှု ရင်ဆိုင်နေ ရသော အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်း ဆောင် ဒေါ်အောင် ဆန်း စုကြည် ကျန်းမာရေး အားနည်း နေ ကြောင်း အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေ အနေ သိပ်မကောင်းဘူး၊ ကြွက်တက်တဲ့ ရောဂါ သူ့မှာ ရှိနေတယ်၊ ဒါကြောင့် သူ အိပ်ရေးတွေ ပျက်တယ်၊ သို့သော်လည်းပဲ ရုံးချိန်မှာ တချိန်လုံး သူ စိတ်ဝင်စားစွာနဲ့ ဆောင်ရွက်နိုင်တာကို ကျနော် သတိထားမိတယ်” ဟု ဦးဉာဏ်ဝင်းက ယနေ့ တရားခွင်မှ အပြန်တွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေ့စဉ်ရက်ဆက် တရားရုံးတင် စစ်ဆေးခံနေရစဉ် အိပ်ရေးပျက်၊ ပင်ပန်းပြီး ကြွက်တက်သည့် ဝေဒနာ ပြန်လည် ခံစားနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဏာပိုင်တို့က ၆ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယခု လလယ်ပိုင်းတွင် အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး မကောင်းသည့် ကြားက တရားခွင်တွင် စိတ်ပါ ဝင်စားစွာ ရင်ဆိုင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အဖွဲ့ချုပ်မှ ရှေ့နေတဦးက ပြောသည်။

သူ့အား ထောက်ခံသူများကို စိတ်ပူ စိုးရိမ်ခြင်း မရှိကြရန် မှာကြားခဲ့သည်ဟု ဆိုသည်။

“သူ့အတွက် ဘာမှ စိတ်ပူစရာ မလိုဘူး၊ သူ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး လို့ ပြောတယ်” ဟု အဆိုပါ ရှေ့နေက ပြောပြသည်။

တရားစွဲခံနေရသည့် အမေရိကန် နိုင်ငံသား မစ္စတာ ယက်ထော၏ ဘာသာရေး ယုံကြည်ချက်နှင့် ပတ်သက်ပြီး ပြက်ရယ်ပြုခြင်း မလုပ်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်ဟု ဆိုသည်။

“မစ္စတာ ယတ်ထော စစ်ဆေးခံရတဲ့ အချိန်မှာ သူက သူရဲ့ ဘာသာရေး ယုံကြည်ချက် အရ ဘုရားသခင်က ခိုင်းတာ စသဖြင့် ဒီလို ဟာ တွေ သူပြောပါတယ်၊ ဒါဟာ သူ့ယုံကြည်ချက်ပဲ အဲဒီလို ပြောတဲ့ အခါမှာ တချို့က သရော်ကြတယ်လို့ ဆိုတယ်၊ ဒေါ်အောင် ဆန်း စုကြည် က အဲဒါကို လုံးဝ မကြိုက်ပါဘူး။ မိမိ ဘယ် ဘာသာပဲ ကိုးကွယ် ကိုးကွယ်၊ တခြားသူရဲ့ ယုံကြည်မှုကို ကိုယ် မယုံကြည်တောင်မှ ဒီလို စော် ကားတဲ့ အပြုအမူမျိုးဟာ မရှိသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သေသေချာချာ ပြောပါတယ်” ဟု အဆိုပါ ရှေ့နေက ရှင်းပြ သည်။



No comments: