Tuesday, May 26, 2009

အကြီးဆုံး မြေရှင်နအဖစစ်အစိုးရနဲ့ သူတို့ရဲ့ ချစ်တီးလက်သစ်များ


“ခေါင်း တခါခါ နှင့် ဆတ်လှ စွာသော
လှလှ စွေ့စွေ့ ရယ်နှင့် ၀၀ပြေ့ပြေ့ နပြာတရှဉ်း ကိုလ ကျောင်းတကာ ကိုသာ အပ်လိုက်ပေရော့”

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ အညာ မင်္ဂလာဆောင် လေချိုးကြီး ထဲကဆိုတာ အားလုံး သိကြ ပါတယ်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ကိုလိုနီ လက်ထက် ဗမာပြည်က လယ်သမား များရဲ့ဘ၀ကို ထောက်ပြ ထားတာပါ။ ဒါပေမယ့် အခုခေတ် လယ်သမား သရုပ်ကို ဖော်မယ် ဆိုရင်တော့ အထက်မှာပါတဲ့ ကျောင်းတကာ ဆိုတဲ့ နေရာမှာ စစ်ဗိုလ်ကိုသာ ထည့်လိုက် ဖို့ရှိပါ တော့တယ်။

တကယ်က ဗမာနိုင်ငံမှာ လယ်သမားတွေရဲ့ လယ်လုပ်သူလယ်ပိုင် ခွင့်ဆိုတဲ့ အခွင့်အရေးဟာ သာမာန်ကိစ္စ မဟုတ်ပါဘူး။ အင်္ဂလိပ် ကို လိုနီလက်ထက်ကစလို့ ဆရာစံအရေးတော်ပုံအပါအ၀င် လယ်သမားတွေ မျိုးဆက်နဲ့ ချီ၊ သမိုင်းနဲ့ချီ တိုက်ပွဲဝင်ခဲ့ပြီးမှ အသိအ မှတ်ပြု ခံခဲ့ ရတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ မွေးရာပါ အခွင့်အရေး ပြဿနာလည်း ဖြစ်ပါတယ်။ လွတ်လပ်ရေးမရခင် ကာလတုန်းက ပြည်ချစ် နိုင်ငံ ရေး အင်အားစု အားလုံးလိုလိုက လယ်လုပ်သူလယ်ပိုင်ရေး ကြွေးကြော်သံကို တင်ခဲ့ကြပါတယ်။ အဲဒီအင်အားစုတွေဟာ ဖက်ဆစ် ဂျပန် တော်လှန်ရေးမှာ တက်သန်တက်ကြွစွာ ပါဝင်ခဲ့ကြလို့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံရေးမှာ သူတို့တတွေ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံရဲ့ ထိပ်ပိုင်းကို ရောက်လာကြပါတယ်။

မြေရှင်ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သူတွေ ဒီလိုရှေ့တန်းကို ရောက်လာ၊ ထိပ်ပိုင်းကို ရောက်လာတော့ မြေရှင်တွေနဲ့ မြေရှင်စနစ်ဟာ ဒီကာလမှာ ခေါင်းလျှိုနေရတယ်ဆိုရင် မမှားပါဘူး။ ဒါ့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်မှာလည်း လက်နက်ကိုင် တော်လှန်ကြတဲ့ အင်အားစုတွေဟာ လယ်လုပ်သူလယ်ပိုင်ရေး ကြွေးကြော်သံကို ထိပ်တန်းတင်တိုက်ပွဲဝင်ခဲ့ကြ၊ သူတို့သြဇာလွှမ်းမိုးရာ ကျေးလက်ဒေသတွေမှာ မြေရှင့် မြေတွေသိမ်းပြီး ဝေတာတွေလုပ်ခဲ့လို့ ဗမာပြည်မှာ မြေရှင်စနစ်ဟာ အင်မတန်ကို ချည့်နဲ့ သွားခဲ့ရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်ကိုရောက်တော့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလစစ်အုပ်စုဟာ “လယ်လုပ်သူလယ်လုပ်ပိုင်ခွင့်ရှိရေး” ဆိုတဲ့ စကားနဲ့ လက်တလုံးခြားလုပ်ပြီး လယ်ယာမြေအားလုံးကို မြေပိုင်ရှင်ဆွေဆီကရော၊ လယ်သမားတွေဆီကပါ “နိုင်ငံတော်” အမည်ခံပြီး လုယူသွားခဲ့ပါတယ်။ နအဖစစ်အုပ်စုဟာ ဒီနေရာမှာတော့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလ အစိုးရ နောက်က ဖ၀ါးခြေထပ်လိုက်ခဲ့ပါတယ်။ သူတို့ရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ (၃၇) မှာ “နိုင်ငံတော်သည် မြေအားလုံး…………………၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” လို့ ထည့်သွင်းထားပါတယ်။ ဒီနေရာမှာ “နိုင်ငံတော်” ဆိုတာနဲ့ ပတ်သက်လို့ ပြောစရာရှိလာပါတယ်။ နိုင်ငံတော်ဆိုတာ ဘယ်သူလဲ။ တကယ်က နိုင်ငံတော်ဆိုတာက ဒြပ်မဲ့နာမ် (abstract noun) တခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံတော်ဆိုတာဟာ နအဖအစိုးရလို့ အဓိပ္ပာယ်ထွက်နေပါပြီ။ သူတို့ထင်သလို လုပ်နေတာတွေကို နိုင်ငံတော် တံဆိပ်နှိပ်ပေးနေတာသာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအခါမှာ နိုင်ငံတော် ဆိုတာ နအဖ စစ်အုပ်စုဖြစ်တယ်။ ဗိုလ်သန်းရွှေ ဖြစ်တယ်လို့တောင် ပြောရင် ရလောက်ပါတယ်။ မြေယာတွေကို သူတို့ထင်သလို စီမံခြယ်လှယ်တာကလည်း တကြောင်း၊ တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့လုပ်ကိုင်ရာမှာ ကိုယ်ကျိုးစီးပွားကို အခြေခံတာကလည်းကြောင့်လည်းတကြောင်း၊ လယ်မြေတွေ လက်လွတ်ကုန်ရတဲ့ လယ်သမားတွေ များသထက်များလာနေပါတယ်။

ကချင်ပြည်နယ်ကနေ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ဗမာပြည်တနံတလျားမှာ လယ်သမားတွေ လယ်မြေတွေ အလုခံရ၊ ဆုံးရှုံးရတဲ့ သတင်းတွေ နေ့စဉ်မပြတ်ကြားနေရပါတယ်။ ဆုံးရှုံးတဲ့ ကိန်းဂဏန်းကိုလည်း ကြည့်ပါဦး။ တချို့နေရာများဆိုရင် လယ်မဲ့ယာမဲ့အရေအတွက်ဟာ (၅၀-၆၀) ရာခိုင်နှုန်း အထက်မှာတောင် ရှိနေပါတယ်။ ဒါဟာ စစ်မဖြစ်မီ ကိုလိုနီကာလက နှုန်းထားထက် မလျော့ပါဘူး။ မတိမ်းမယိမ်းပါ။ ဒါ့အပြင် လယ်သမားတွေ ကြွေးလည်ပင်းခိုက်နေတဲ့ အခြေအနေဟာလည်း ကြောက်ခမန်းလိလိဖြစ်နေတာကို သတိမပြုဘဲ မနေနိုင်ပါဘူး။

မဆလ စစ်အစိုးရလက်ထက်တုန်းကတော့ ဆိုရှယ်လစ်စကားတွေ ပြော၊ သူများတွေရဲ့ ဥစ္စာဓနတွေကို “ပြည်သူပိုင်သိမ်း” နေရတော့ ဗိုလ်နေ၀င်းတို့ရဲ့ စစ်အုပ်စုဟာ မြေယာကို ပုဂ္ဂလိကပိုင် မလုပ်ရဲပါဘူး။ ဒါပေမယ့် ဗိုလ်သန်းရွှေတို့ လက်ထက်ကျတော့ ဈေးကွက် စီးပွားရေး လို့ ပြောနေတာမို့ နိုင်ငံခြားသားတွေအပါ ငွေရှင်ကြေးရှင်တွေကို သူတို့ကြိုက်သလို လုပ်ပိုင်ခွင့်ချပေး၊ ကျေးလက်မှာ ဗိုလ်ကျရမ်းကား ခွင့်ရတဲ့ သူတို့ရဲ့ တပည့်သားမြေးတွေက ထင်သလိုသိမ်းယူ၊ စစ်တပ်က ထင်သလိုသိမ်းယူ၊ တနိုင်ငံလုံး ဗြောင်းဆန်နေတယ်လို့ ပြောရမယ့် အခြေအနေဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်မှာ သူတို့ ခန့်ထားတဲ့ အာဏာပိုင်အမျိုးမျိုးဟာ အတိုးကြီးပေးရာကနေ လယ်သမားတွေရဲ့ မြေတွေကို အကြွေးအကြောင်းပြ သိမ်းပြီး မြေရှင်တွေ ဖြစ်လာနေကြတာလည်း မနည်းပါဘူး။ နအဖမွေးထုတ်တဲ့ ချစ်တီးလက်သစ်တွေပါ။ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေက လယ်ဧကတွေရာနဲ့ချီပြီး သိမ်းယူတဲ့ ဖြစ်ရပ်တိုင်းမှာ စစ်တပ်ထိပ်ပိုင်းတွေနဲ့ တိုက်ရိုက်ပဲ ပတ်သက်နေပါတယ်။ အနည်းဆုံးတိုင်းမှူးဆိုသူကတော့ “ပွ” သွားတာပါပဲ။

ဆိုးတဲ့အချက်တခုက အဲဒီလို စစ်တပ်တွေက၊ ကုမ္ပဏီကြီးတွေက လယ်ယာတွေသိမ်းသွားလို့ ကျေးလက်တွေမှာ စက်မှုလက်ယာပေါ်မလာဘဲ သီးစားချထားတဲ့စနစ်ပဲ ဆိုးဝါးပြင်းထန်လှတဲ့ နှုန်းတွေနဲ့ ထွန်းကားလာတာပါပဲ။ တပ်ရင်းတွေကတောင် လယ်သမားတွေရဲ့ မြေတွေကို အနိုင်ကျင့်လုယက်ပြီး သီးစားပြန်ပေးတယ်လို့လည်း အံ့မခန်းကြားနေရပါတယ်။ ဒီလိုမြေယာလုယက်မှုတွေဟာ နအဖရဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု လိုက်တဲ့အတွက် ပိုတောင်များလာ၊ ကြမ်းလာတယ်လို့ ယူဆစရာရှိပါတယ်။ ဒါကြောင့် ဒီအခြေခံ ဥပဒေဟာ ဘယ်သူတွေ ကို အကျိုးပြုတယ်ဆိုတာကို ဒီမြေရှင်သစ်တွေ ပေါ်ပေါက်မှုက အထင်ရှားဆုံး မြင်သာစေတယ်လို့ ဆိုရင် မမှားပါဘူး။ ဒီနေရာမှာ နအဖဟာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သူတို့ရဲ့ ခါးပိုက်ဆောင်တပ်နဲ့ ပတ်သက်လို့ကျတော့ အခန်းကြီးတခန်း သီးသန့်ဖွင့်ပြီး ပုဒ်မရှစ်ခုနဲ့ ဖွင့်ဆိုထားပြီး အားလုံးရဲ့ ထမင်းရှင် လယ်သမားများနဲ့ ပတ်သက်လို့ ကျတော့ ပုဒ်မ (၂၃) မှာ အပိုဒ်တိုလေး နှစ်ပိုဒ်ပဲ ဖော်ပြထားဆိုတာ ထောက်ပြလိုပါတယ်။

အခုတော့ ကျေးလက်တွေမှာ လူဦးရေတိုးတက်လာတဲ့အပြင် မြေမဲ့ယာမဲ့တွေ ပိုများလာတဲ့အတွက် အတည်တကျမရှိတဲ့ အလုပ်လက်မဲ့တပ်ဖွဲ့ကြီးအဖြစ် စုစည်းမိလာနေပါတယ်။ ဒီအလုပ်လက်မဲ့တပ်ဖွဲ့ကြီးမှာ ပြည်ပက အလုပ်ပြုတ် ပြန်လာသူ တွေ ထပ်တိုးလိုက်တော့ ဒီဂဏန်းဟာ ဧရာမဂဏန်းကြီး ဖြစ်လာပါတယ်။ သူတို့ဟာ ပြည်တွင်းမှာလည်း ဟိုသွားဒီလှည့် အလုပ်ရှာကြ၊ ပြည်ပ-အထူးသဖြင့် အိမ်နီးနားချင်းတွေမှာ ဟိုစမ်းတိုး၊ ဒီရမ်းတိုး အလုပ်ရှာကြ၊ ၀မ်းမပြည့်၊ စိတ်မငြိမ် ဖြစ်နေကြတာတော့ အမှန်ပါပဲ။ ဒီကြားထဲမှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကလည်း မကျော်လွန်နိုင်သေးဆိုတော့ အရေအတွက်ဟာ ပိုလို့သာများလာစရာ ရှိပါတယ်။ လယ်ယာကို မှီခိုအသက်ရှင်သူ အရေအတွက်ဟာ ဗမာပြည်လူဦးရေ ရဲ့ (၇၀) ရာခိုင်နှုန်းကျော်လို့ သုတေသနပြုချက်များက ဆိုထားချက်နဲ့ ဆက်စဉ်းစားလိုက်ရင် ဒီပြဿနာ ဘယ်မျှကြီးမား တယ်ဆိုတာ ရှင်းနေပါတယ်။

ဘာတွေဆက်ဖြစ်နိုင်တယ်ဆိုတာကို တွေးတတ်သူတိုင်း တွေးပူမိကြမှာပါ။

အခုတော့ ဒီနိုင်ငံမှာ မြေအများစုကြီးဟာ နအဖစစ်ဗိုလ်တွေနဲ့ သူတို့ အသိုင်းအ၀ိုင်းတွေဆီမှာ စုနေပါပြီ။ ဒါ့အပြင် သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကောင်းမှုကြောင့် နောင်မှာလည်း အများကြီး သူတို့လက်ထဲရောက်ဖို့ ရှိနေပါသေး တယ်။ ဒါကြောင့် အခုအခါ ဗမာပြည်မှာ ဘယ်သူဟာ အကြီးဆုံး မြေရှင်လည်းလို့မေးလာရင် နအဖ စစ်အုပ်စုလို့ပဲ ပြောရတော့မှာပါ။



No comments: