Saturday, May 30, 2009

အများပြည်သူရှေ့မှောက် လွတ်လပ်တဲ့ တရားခွင်


ဒေါ်အောင်ဆန်း စုကြည် ၏ အမှု အား ၁၈-ဝ၅-၂ဝဝ၉ မှ စတင် စစ်ဆေး ခဲ့ရာ တရား လိုဘက်မှ တင်ပြ သည့် သက်သေ ၂၃ ဦးအနက် သက်သေ ၁၃ ဦးကို စစ်ဆေး ပြီးသည့်နောက် ကျန်ရှိသည့် သက်သေ များကို ဆက်လက် စစ်ဆေးခြင်း မပြု တော့ဘဲ၊ ဒေါ်အောင် ဆန်း စုကြည် အပေါ် နိုင်ငံ တော်အား နှောင့်ယှက် ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၂၂ အရ စွဲချက် တင်၍ ဖြေရှင်း စေရန် သီးသန့် ခုံရုံးက အမိန့် ချမှတ် ခဲ့သည်။

တရားလိုဘက်မှ တင်ပြသည့် သက်သေအထောက်အထားများ ခိုင်လုံပြီဟု တရားသူကြီးက ထင်မြင်ယူဆပါက ကျန်သည့်သက်သေများကို ဆက်လက်မစစ်ဆေးတော့ဘဲ တရားရုံးမှ ကျန်သက်သေများကို ပယ်နိုင်သည်မှာ မှန်သည်။ သို့သော် စွပ်စွဲခံရသူအား စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးနိုင်ရန် အခွင့်အရေး ပေးရမည်သာဖြစ်သည်။ သို့သော် ယခု စစ်ဆေးနေသည့် သီးသန့် ခုံရုံးတရားသူကြီးများဖြစ်သည့် ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့က စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်အား ထိုအခွင့်အရေးကို မပေးခဲ့၊ ၎င်းတို့ ထင်မြင်ယူဆသည့်အတိုင်း စွဲချက်တင်သည့်အမိန့် ချမှတ်ခဲ့သည်။ ထို့ကြောင့်လည်း အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်သည့် ဦးဉာဏ်ဝင်းက လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရားလိုဘက်မှ စွဲချက်တင် ဖြေရှင်းစေသင့်သည်ဟု လျှောက်ထားချက်ကိုပင် မစောင့်တော့ဘဲ စွပ်စွဲခံရသူအား ယခုကဲ့သို့ စွဲချက်တင်ဖြေရှင်းစေခြင်းသည်ပြည်သူအများကတရားသူကြီးများအပေါ် အထင်အမြင်လွဲမှား စေသည်။ ပညာရှိ တရားသူကြီးမင်းများကလည်း စိတ်စော၍ ထိုအချက်ကို မေ့လျော့သွားဟန်တူသည်။

တရားစီရင်ရေး၏ အဓိကတာဝန်သည် အမှန်ကို ရှာဖွေဖော်ထုတ်ခြင်းပင် ဖြစ်သည်။ အမှန်ကို တွေ့ပြီးမှသာ ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ ဆုံးဖြတ်နိုင်သည်။ အမှားပေါ်တွင် အခြေခံ ဆုံးဖြတ်လျှင် တရားမျှတမှုကို မဖော်ဆောင်နိုင်၊ မတရားစီရင်ရေးသာ ဖြစ်မည်။

ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တရားသူကြီးများအနေဖြင့် ပြဋ္ဌာန်းဥပဒေများကိုသာ လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။ အမှုများကို စစ်ဆေးစီရင်ရာတွင် သစ္စာတရား ၄ ပါးကို လက်ကိုင်ထား၍ ဆောင်ရွက်ရန်နှင့် အဂတိတရား ၄ ပါးကို ရှောင်ရှားရန် ဖြစ်သည်။

အဂတိတရား ၄ ပါးသည် လောဘ၊ ဒေါသ၊ ကြောက်ရွံ့စိုးရိမ်ခြင်း၊ မသိနားမလည်ခြင်းတို့ ဖြစ်သည်။

အဂတိကင်းစွာ မထောက်မညှာ မှန်ရာကိုသာ ဥပဒေနှင့်အညီ စီရင်ရန် တာဝန်သည် တရားသူကြီး၏ တာဝန်နှင့် လိုက်နာရမည့် ကျင့်ဝတ်ဖြစ်သည်။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်သည် ထင်ရာမြင်ရာ လုပ်ပိုင်ခွင့်မဟုတ်၊ စည်းကမ်းနှင့်အညီ၊ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် ဖြစ်သည်။

အမှန်ကို စီရင်ရန်မှာ တရားရုံးအား ကြီးကြပ်ကွပ်ကဲရသည့် တရားသူကြီး၏ တာဝန်ဖြစ်သည်။ သို့ရာတွင် ထိုမျှနှင့် ပြီးပြည့်စုံပြီဟု မဆိုနိုင်။ အမှန်ကို စီရင်ကြောင်း အများမြင်သာစေရမည်။ တံခါးပိတ်နောက်ကွယ်တွင် စစ်ဆေးစီရင်သော တရားသည် မည်မျှပင်မှန်စေဦး ပြည်သူက သံသယဖြစ်တတ်သည်။ ထို့ကြောင့် တရားစီရင်ရာတွင် တံခါးပိတ်၍ တိုးတိုးတိတ်တိတ် စစ်ဆေး၍မရ၊ အများပြည်သူ အမြင်အကြားတွင် အထင်အရှား စစ်ဆေးစီရင်ရမည်ဟု တရားစီရင်ရေးဆိုင်ရာ မူအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အမှုကို လက်ခံစစ်ဆေးနေသည့် ပညာရှိတရားသူကြီး ၂ ဦးအနက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူ ဦးသောင်းညွန့်သည် ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီးအဖြစ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းဇေယျာပါ (၁၄) ဦးတို့၏ အမှုတွင် အမြင့်ဆုံးပြစ်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်ကို တွေ့ရသည်။ ထိုနည်းတူ အဖွဲ့ဝင်ဖြစ်သည့် ဦးညီညီစိုးသည် မစုစုနွေး၏ အမှုတွင် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့သည့် အနောက်ပိုင်းခရိုင် တရားသူကြီး ဖြစ်သည်။ နိုင်ငံတော်ဘက်မှ ဥပဒေအရာရှိအဖြစ် လိုက်ပါဆောင်ရွက်သည့် ဦးမြင့်ကြိုင်သည် ကိုမင်းဇေယျပါ (၁၄) ဦးအမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည့် ဥပဒေအရာရှိ ဖြစ်သည်။

ယခုအမှုတွင် တရားလိုဘက်မှ သက်သေအဖြစ် လိုက်ပါကြသူများသည် ရှာဖွေပုံစံတွင် လက်မှတ်ရေးထိုးသည့် သက်သေများဖြစ်သော ရယက ဥက္ကဋ္ဌများနှင့် တည်းခိုခန်း မန်နေဂျာမှအပ ကျန်သည့် သက်သေများမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သူများနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အရာရှိများ ဖြစ်သည်။ လွတ်လပ်သည့် သက်သေ သာမန်ပြည်သူတဦးမျှ မပါရှိသည်ကို တွေ့ရမည် ဖြစ်သည်။

သီးသန့် ခုံရုံးတရားသူကြီးများနှင့် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိတို့သည် အဂတိ တရား ၄ ပါး ကင်းရှင်းစွာဖြင့် အမှုကို အမှန်အတိုင်း စစ်ဆေးစီရင်မည်လား၊ တရားစွဲ အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တရားလိုပြသက်သေများက စစ်ဆေးပေါ်ပေါက်ချက်အတိုင်း ထွက်ဆိုမည်လား ဆိုသည်မှာ အများပြည်သူအတွက် လွန်စွာမှ ပင်သံသယပွားစရာပင် ဖြစ်သည်။

၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေးဥပဒေ အခန်း (၂) တရားစီရင်ရေးဆိုင်ရာ မူများနှင့် ပတ်သက်၍ ၂ (က) တွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်း၊ (င) ဥပဒေအရ တားမြစ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ခြင်း စသည်တို့ကို တရားရုံး အဆင့်ဆင့်နှင့် တရားသူကြီးများ လိုက်နာဆောင်ရွက်ရန် အဓိက ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်ကို သီးသန့် ခုံရုံးတရားသူကြီးများ လိုက်နာဆောင် ရွက်ခဲ့ခြင်းမရှိဘဲ အကြောက်တရားကို လက်ကိုင်ထားကာ စစ်ဆေးစီရင်နေရသည်ကို တွေ့မြင်နေရပြီ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့အား လုပ်ကြံခဲ့သည့် တရားခံများကို အင်းစိန်အကျဉ်းထောင်တွင် စစ်ဆေးစီရင်ခဲ့သည်။ သို့ရာတွင် တက်ရောက်နားထောင် လိုသူတို့ကို စိစစ်၍ ဝင်ခွင့်ပြုခဲ့သည်။ နေ့စဉ် စစ်ဆေးချက်ကို သတင်းစာတွင် အပြည့်အစုံ ထည့်သွင်းဖော်ပြခဲ့သည်။ အများပြည်သူ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင်မှသာ သီးသန့် တရားရုံးသည် အမှုကို အမှန်အတိုင်း စစ်ဆေးစီရင်ခြင်း ရှိ၊ မရှိ ပြည်သူများက သိရှိနိုင်မည်ဖြစ်သည်။ သတင်းစာတွင် အမှု၏ အခြေအနေ အသေးစိတ်ကို ဖော်ပြခြင်း မရှိသည့်အတွက် ပြည်သူများအနေဖြင့် မသိနိုင်။ ထို့ကြောင့်လည်း အများပြည်သူ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံတကာက တောင်းဆိုနေခြင်း ဖြစ်သည်။

အများပြည်သူ၏ ရှေ့မှောက်တွင် လွတ်လပ်မျှတသည့် တရားစီရင်ရေးစနစ်ဖြင့် စစ်ဆေးစီရင်ခြင်းဖြစ်ကြောင်း အုပ်ချုပ်သူ အစိုးရနှင့် တရားရုံးက မှတ်ကျောက်တင်၊ သက်သေပြနိုင်ခြင်း မရှိသည့်အတွက် ပြည်သူလူထု ယုံကြည်အားကိုးလောက်သည့် တရားစီရင်ရေးစနစ် မြန်မာနိုင်ငံတွင် ပြန့်ပွားထွန်းကားနိုင်ခြင်း မရှိသေးကြောင်းကို တင်ပြလိုက်ရပါသည်။

No comments: