Thursday, May 28, 2009

ပြည်သူ့မေတ္တာ ခံယူခြင်း ကင်းနိုင်ပါစေ


၂ဝ. ၅. ၂ဝဝ၉ ညပိုင်း ဘီဘီစီ အသံလွှင့် ဌာနမှ စီစဉ် ထုတ်လွှင့်သော ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ့ နိုင်ငံရေး လောကမှ ထုတ်ပယ် လိုက်ပါက ဖြစ်ပေါ် လာမည့် အကျိုး ဆက်များနှင့် ပတ်သက်၍ ဆွေးနွေး ကြသည့် စကားဝိုင်း အစီအစဉ် တခုနှင့် ပတ်သက်၍ တင်ပြ လိုပါသည်။

၎င်းဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးသည့် ပြည်ထောင်စု မြန်မာနိုင်ငံ ၈၈ ကျောင်းသားများဆိုသည့် အဖွဲ့မှ ကိုရဲထွန်း၏ ပြောကြားချက်များကို ကြားသိရပြီးနောက် စာရေးဖို့ တွန်းဆော်လာတော့သည်။

ပထမဦးစွာ ၎င်း၏ ပြောကြားချက်များကို တင်ပြလိုပေသည်။ ဘီဘီစီ အသံလွှင့်ဌာနမှ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ခဲ့လျှင် မည့်သို့ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပုံနှင့် လက်ရှိ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် ပတ်သက်၍ ၎င်း၏ အမြင်သဘောထားများကို မေးမြန်းခဲ့ရာတွင် ၎င်းမှ ''ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့်နေရာမှ ရှိနေသူဟု သူ မထင်ကြောင်း၊ သူမသည် ယခုမှသာ ထောင်ကျဖူးခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ထောင်တွင် ၉ နှစ် နေခဲ့ဖူးသူဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေးအရတော့ စိတ်မကောင်း ဖြစ်မိပါကြောင်း၊ သို့သော်လည်း သူမ အနေဖြင့် အနှစ် ၂ဝ အတွင်း တိုင်းပြည်အတွက် မည်သို့မျှ အကျိုးမဖြစ်ထွန်းခဲ့ကြောင်း ပြောသည်။

ထို့အပြင် သူမသည် စစ်တပ်အပေါ်တွင် သဘောထား တင်းမာသူတဦး ဖြစ်ကြောင်း၊ သူမ လွတ်မြောက်ခဲ့စဉ် ကာလများအတွင်း၌ တိုင်းပြည်ဆူပူမှုဖြစ်ပေါ်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ အာဇာနည်နေ့ ဖြစ်စဉ်ကို ပြန်ကြည့်နိုင်ကြောင်း၊ ဒီပဲယင်းကိစ္စတွင်လည်း ဆူပူမှု ဖြစ်ပေါ်စေခဲ့ကြောင်း၊ တိုင်းပြည်တွင် စီးပွားရေး ပိတ်ဆို့ခံရရေးအတွက် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ ထိုဖြစ်ရပ်များကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင် အပျက်ခံ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စိုးရိမ်စိတ်များ ဖြစ်ပေါ်မနေသင့်ကြောင်း၊ သူမအနေဖြင့် ယခုအဖြစ်အပျက်များ၌ ဥပဒေကို ဖောက်ဖျက်ကျူးလွန်နေကြောင်း၊ အမေရိကန်နိုင်ငံသား ဝင်ရောက်လာသည်ကို တာဝန်ရှိသူများအား အသိပေးသင့်ကြောင်း၊ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဥပဒေအတိုင်း ရဲဝံ့စွာ ရင်ဆိုင်သင့်ကြောင်း စသည်ဖြင့် ပြောဆိုသွားခဲ့ပါသည်။

၎င်း၏ ပြောကြားချက်များသည် ဒီမိုကရေစီ ခေါင်းဆောင်အပေါ် ထောက်ခံရပ်တည် နေကြသည့် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့များ၊ လူထုများကို စော်ကားပြောဆိုရာ ရောက်နေသည်ဟု ထင်မြင်ယူဆမိပါသည်။ ကိုရဲထွန်း၏ မိမိရပ်တည်ချက်ကို ပြောဆိုခဲ့ခြင်းများအပေါ် မဝေဖန်လိုသော်လည်း ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းများသည် နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီး၊ လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်လိုခြင်းအပေါ် နအဖ၏ ထောက်ခံမှု ရရှိရန်အတွက် ပြောဆိုခြင်း ဖြစ်မည်ဆိုပါက ကိုရဲထွန်း၏ သမိုင်းကား မေးခွန်းထုတ်စရာအပြည့်။

စာရေးသူအနေဖြင့် ကိုရဲထွန်းတို့ လှုပ်ရှားခဲ့ကြသည့် ၁၉၈၈ ခုနှစ်တွင် ၉ နှစ်အရွယ်ခန့်သာ ရှိခဲ့သော်လည်း ထိုအချိန်က ကျနော် အပါအဝင် လူငယ်အများစု၏ စိတ်ထဲတွင် ကိုမင်းကိုနိုင်၊ ကိုစစ်ကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ကသာ ၈၈ မျိုးဆက်ကျောင်းသား သူရဲကောင်းများအဖြစ် ရှိနေခဲ့ပါသည်။

ကိုရဲထွန်း၏ သမိုင်းကို ကျနော် မသိခဲ့ပါ။ ယခုနောက်ပိုင်းနှစ်များမှသာ အန်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်သော ကိုအေးလွင်တို့အဖွဲ့မှ တဦးဖြစ်ကြောင်း သိခဲ့ရပါသည်။

လက်ရှိ အဖြစ်မှန်များကို အမှန်အတိုင်း ရှုမြင်ပြီးမှသာ အသွေးအရောင်ကင်းစွာဖြင့် ပြောသင့်သည်ဟု ထင်ပါသည်။

ယနေ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် တိုင်းရင်းသား လူမျိုးစုများ၊ ဒီမိုကရေစီလိုလားသော ရဟန်းရှင်လူများ၊ အနာဂတ် နိုင်ငံ၏ အခန်းကဏ္ဍတွင် ပါဝင်လိုသော တပ်မတော် စသည့် သုံးပွင့်ဆိုင် ရင်ကြားစေ့ရေးသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကသာ ဆုံမှတ်အဖြစ် ဖြေရှင်းနိုင်စွမ်း ရှိနေပါသည်။ တိုင်းရင်းသား ပြည်သူလူထုများ၏ ယုံကြည်အားကိုးမှု အရနိုင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူမက တပ်မတော်သည် သူမ ဖခင် တည်ထောင်ခဲ့သော တပ်မတော် ဖြစ်နေခြင်းက သူမ၏ အတ္တိစွဲတွင် တပ်မတော်ကို ချစ်မြတ်နိုးပါသည်ဟု ထုတ်ဖော်ပြောခဲ့ခြင်းက တပ်မတော်အပေါ် သူမ၏ သဘောထားကို သိမြင်နိုင်ပါသည်။ နအဖ ခေါင်းဆောင်များ အပေါ်တွင်လည်း အာဃာတစိတ် မရှိပါဟု အခါအခွင့်သင့်တိုင်း ပြောခဲ့ဖူးပါသည်။

သို့ဖြစ်၍ တပ်မတော် ခေါင်းဆောင်များ (လက်ရှိ နအဖ) နှင့် စေ့စပ်ညှိနှိုင်း၍ မရစရာအကြောင်း မရှိပါ။ သို့သော် နအဖ ခေါင်းဆောင်များ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး အမုန်းတရားများကိုတော့ ကိုရဲထွန်း မျက်ကွယ်ပြုနေသည် ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ လွတ်မြောက်စဉ်က တနင်္ဂနွေနေ၌တိုင်း တရားပွဲများ ပြုလုပ်လျှက် လက်ရှိ အုပ်ချုပ်သူ အစိုးရ၏ အမှန်တရားနှင့် ဝေးကွာနေသော လုပ်ရပ်များ၊ ပြည်သူလူထု၏ ဒုက္ခများကို အမှန်အတိုင်း ဝေဖန်ခဲ့ခြင်းသာ ရှိခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ၎င်းရှေ့တွင် ပြောဆိုသည့်အခါ အကြိမ်ကြိမ် မပြောရန်နှင့် သတိထား ပြောဆိုရန် ယခင် ကုလသံကိုယ်စားလှယ် မစ္စတာရာဇာလီကို ဗိုလ်ချုပ်ကြီး ခင်ညွန့်က သတိပေးခဲ့ဖူးကြောင်း အင်တာဗျူးတခုတွင် မစ္စတာရာဇာလီမှ ပြောဆိုခဲ့သည်ကို ကိုရဲထွန်း မှတ်မိနိုင်မည် ထင်ပါသည်။

၁၃ နှစ်ကျော်ကျော် အထိန်းအသိမ်းခံခဲ့ရသူ တဦးသည် ပြည်သူနှင့် တိုင်းပြည်အတွက် လုပ်ကိုင်နိုင်မှုအပေါ် ဝေဖန်ပြောကြားရာတွင် သူမ လုပ်ပိုင်ခွင့် ရှိခဲ့သည့် အခွင့်အရေးနှင့် အချိန်ကာလကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည် ထင်ပါသည်။ ဒီပဲယင်းအရေးတွင် အမြို့မြို့အနယ်နယ် လူထုထောက်ခံမှု ရခဲ့သည့်အပေါ် နအဖ က စိုးရိမ်ပူပန်မှု ရှိခဲ့ပြီး၊ အကြမ်းဖက်ခဲ့ကြောင်း မြန်မာရော ကမ္ဘာကပါ လက်ခံသိရှိခဲ့ပြီး ဖြစ်ပါသည်။

ယခုဖြစ်ပေါ်နေသော မတရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ တရားခွင်တွင် ထိန်ချန်မှု မပြုဘဲ အမှန်အတိုင်း ပြောဆိုဖြေကြားသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဖြစ်ပါသည်။ နအဖ လက်အောက် တရားစီရင်ရေးမှ တရားဥပဒေအတိုင်း မှန်ကန်စွာ ဆောင်ရွက်မှု ရှိ၊ မရှိ ဆိုသည်ကတော့ စောင့်ကြည့်ရပါမည်။ ကိုရဲထွန်း ကိုယ်တိုင်ကရော လက်ရှိ တရားစီရင်မှုများကို မှန်ကန်သည်ဟု ယူဆနေပါသလား။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၈၈ အရေးတော်ပုံမှ လူထုတင်မြှောက်လိုက်သော ခေါင်းဆောင်တဦး ဖြစ်ပါသည်။

သူမ၏ နောက်တွင် လူထုအင်အား မည်မျှရှိကြောင်းကို သူမ ထွက်ခွာခဲ့သော စည်းရုံးရေး ခရီးစဉ်များက ဖော်ပြနေပါသည်။ သူမ၏ နိုင်ငံရေး သက်တမ်းသည် တိုတောင်းနေခဲ့သော်လည်း အချိန်တိုအတွင်း လူထုတရပ်လုံးက ယုံကြည်ကိုးစားမှု ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များကပါ လေးစားသမှု ရှိသော တဦးတည်းသော မြန်မာ့နိုင်ငံရေးခေါင်းဆောင် အမျိုးသမီးတဦး ဖြစ်ပါသည်။ ထိုသို့သော ခေါင်းဆောင် တဦးနှင့်ယှဉ်၍ ထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သော ကိုရဲထွန်း၏ စိတ်နေသဘောထားသည် အံ့အားသင့်ဖွယ်ရာ ဖြစ်နေပါသည်။ ကိုရဲထွန်း၏ တိုင်းကျိုးပြည်ပြု လုပ်ဆောင်မှုများကိုလည်း သိချင်ပါသေးသည်။

အချုပ်အနေဖြင့် ကမ္ဘာနှင့် မြန်မာလူထုများက ခေါင်းဆောင်ကောင်းတယောက်အဖြစ် သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည်အား နအဖ စစ်ဗိုလ်ချုပ်များ၏ ကောက်ကျစ်စဉ်းလဲစွာ လုပ်ဆောင်နေမှုအပေါ် လူအများက စိုးရိမ်ကြောင့်ကြစိတ်များ ဖြစ်ပေါ်နေကြခြင်းကို မနာလိုခြင်း၊ သဘောထား သေးသိမ်စွာ ပြောဆိုခြင်း၊ နအဖ မျက်မှန်ရှမှာစိုး၍ ၎င်းတို့ အကြိုက်လိုက်ပြောနေရခြင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ပြစ်တင်ဝေဖန်မှု လုပ်ခြင်းဖြင့် နိုင်ငံရေးအမြတ်ထုတ်ရန် ကြံရွယ်ခြင်းတို့ လုပ်နေမည့် အစား ကိုရဲထွန်း အနေဖြင့် လုပ်ဆောင်သင့်သည်မှာ လာမည့်အနာဂတ်တွင် နိုင်ငံရေးဇာတ်ခုံပေါ်၌ ပြည်သူလူထုအတွက် စစ်မှန်သော ကောင်းကျိုးများကို သယ်ပိုးထမ်းရွက်ရန် ရည်ရွယ်ထားသည်ဆိုပါက မတရားမှုများ ဖြစ်ပေါ်လာတိုင်း လူထုဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်၍ ပြည်သူ့ဘက်တော်သားစစ်စစ် ဖြစ်လာစေရန် ကြိုးပမ်းသင့်ပါကြောင်း အကြံပြုလိုက်ပါသည်။



No comments: