Friday, May 29, 2009

ဝန်ကြီးချုပ်ခရီးစဉ် အကြောင်းပြ - မိုင်းယန်း မယက ဥက္ကဌ စားပေါက်ထွင်

သျှမ်းသံတော်ဆင့်

စစ်အစိုးရ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အဖွဲ့အား ဧည့်ခံ ကျွေးမွေး စရိတ် စိုက်ထုတ်ငွေ အကြွေး ဆပ်ရန် ဟုဆိုကာ မိုင်းယန်း မြို့နယ် ဥက္ကဌ ဦးရဲလင်း အောင် သည် မိုင်းယန်းမြို့ ရပ်ကွက် အသီးသီး ထံမှ တအိမ် ကျပ်တထောင် ပိုက်ဆံ ကောက် ယူခဲ့ကြောင်း မြို့ခံ များ၏ ပြောပြချက် အရ သိရ သည်။

ဧပြီ ၂၅ ရက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးသိန်းစိန်၊ တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ကျိုင်းတုံမှ မိုင်းယန်းသို့ ဟတ်စကီး ဖြင့်ခရီးထွက်ပြီး မိုင်းယန်းဌာနပေါင်းစုံဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအကြီးအကဲများအား အစည်း အဝေးတရပ်ဆင့်ခေါ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိစ္စ တနာရီကျော်ကြာသွားရောက်ဟောပြောစဉ်က ဧည့်ခံကျွေးမွေးစားရိတ် အကြွေးတင်ထား သောကြောင့် အစည်းဝေးခေါ်ပြီး ပိုက်ဆံ ကောက်ရခြင်းဖြစ်ကြောင်း ဥက္ကဌ ဦးရဲလင်းအောင် ပြောသည် ဟုဆို၏။

“မေ၂၃ ရက်က ရပ်ကွက်၊ ကျေးရွာဥက္ကဌ ၁၁ ရပ်ကွက်စလုံး အစည်းအဝေးခေါ်တယ်၊ ၀န်ကြီးချုပ်သိန်းစိန်နဲ့ မင်းအောင်လှိုင် အဖွဲ့ မိုင်းယန်းကိုလာတုန်းက ဧည့်ခံကျွေးမွေးစားရိတ်သိန်းချီ အကြွေးတင်နေလို့-တဲ့။ အကြွေးဆပ်ဖို့ တအိမ်ကျပ်တထောင် ကောက်တာ တမြို့လုံးအိမ်ခြေ ၅၅၀ အိမ်တိုင်းစေ့ဘဲ ” - ဟု မိုင်းယန်း မြို့ခံ အိမ်ရှင်မတဦးကပြော ပါသည်။

“ဗိုလ်သိန်းစိန်တို့လာတုန်းက ဘယ်လောက်ကုန်လို့လဲ၊ လဘက်ရည် ကော်ဖီနဲ့ မှုန့်အနည်းအကျဉ်းဘဲ ချကျွေးတာ၊ အဲဒီ ဧည့်ခံကျွေးမွေးခ အကြွေးပြန်ဆပ်ဖို့ အကြောင်းပြ အကြံအဖန် ရိုက်စားတာ ၊ လွန်လွန်းတယ် ”- ဟု ပိုက်ဆံထည့်ရသည့် ဆိုင်ကယ် တမားတဦးကလဲ ဆို၏။

“ကျပ် ၅၄၉,၀၀၀ လောက် သူရသွားတယ်၊ သက်သက်စားပေါက်ထွင်တာဘဲ” ဟု ဒေသခံတချို့ကလည်း တီးတိုး ပြောဆို နေကြကြောင်း ကြားသိရပါသည်။

မိုင်းယန်းမြို့ မယက ဥက္ကဌ ဦးရဲလင်းအောင် (အသက် ၃၃ နှစ်) သည် အကြောင်း အမျိုးမျိုးပြပြီး ပြည်သူများထံ မကြာခဏ ပိုက်ဆံ ကောက်ယူခဲ့ခြင်းကြောင့် ယခင်က တြိဂံတိုင်းမှူး၏ ခေါ်ဆို သတိပေးခြင်း ခံခဲ့ရပြီးဖြစ်ကြောင်း၊ ၃ လ အတွင်း နောက် တကြိမ် ဤကဲ့သို့ ထပ်လုပ်ပါကနေရာပြောင်းရွှေ့ ရာထူးချခံရဖွယ်ရှိကြောင်း -ဒေသခံများပြောပြချက် အရ သိရပါသည်။

No comments: