Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်တာနက်တွင် လှုံ့ဆော်

ဧရာဝတီ Wednesday, 27 May 2009


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် လှုံ့ဆော်မည့် www.64forsuu.org အမည်ရှိ အင်တာနက် စာမျက်နှာသည် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ NGO အဖွဲ့များ ၏ ထောက်ခံ အားပေး မှုဖြင့် ယနေ့ စတင် ပေါ်ပေါက် လာသည်။

အဆိုပါ အင်တာနက် စာမျက်နှာမှ တဆင့် ကမ္ဘာ တဝန်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံတကာ လှုံ့ဆော်မှု၏ အချက်အခြာ ဖြစ်လာရန် လှုပ်ရှား ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်သည်ဟု စီစဉ်သူများက ပြောသည်။

www.64forsuu.org ကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာ လှုပ်ရှားမှု ဟု အမည်ရသော အဖွဲ့က စီစဉ်ခြင်း ဖြစ်သည်။

အဆိုပါ အင်တာနက် စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်း ၆ နှစ် ပြည့်မြောက်သည့် ကာလတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ရှေ့လတွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ် ပြည့် မွေးနေ့ကို ရည်ရွယ်ပြီး 64 for suu ဟု အမည်ပေးခြင်း ဖြစ်သည်ဟု သိရသည်။

စီစဉ်သူများက နိုင်ငံတကာမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များကို ၆၄ လုံးပါ စကားရပ်ဖြင့် ဂုဏ်ပြုကြရန် ပန်ကြားထားသည်။ ပန်ကြားချက်ကို တုံ့ပြန်သူတဦးဖြစ်သည့် ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက “မွေးနေ့တွေကို လွတ်လပ်ခွင့် မရှိဘဲ ခင်ဗျား ဖြတ်သန်းရတာ ဒီတကြိမ်ဟာ နောက်ဆုံး ဖြစ်ဖို့ ကျနော်တို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်မယ်” ဟု ပြောသည်။

“ခင်ဗျား လွတ်မြောက်လာဖို့ တောင်းဆိုတာတွေ မြိုင်မြိုင်ကြီး ထွက်ပေါ်နေချိန်မှာ ကျနော်လည်း ပါဝင် တောင်းဆိုလိုက်ပါတယ်။ သည်းမခံနိုင်စရာ ကောင်းတဲ့ မတရားမှုကို ရင်ဆိုင်ဖို့ ကမ္ဘာကြီးက ပျက်ကွက်နေတာ ကြာပါပြီ။ အခုတော့ ပြောင်းလဲလာနေပါတယ်။ ဥရောပတလွှား၊ အာရှနဲ့ တကမ္ဘာလုံးက ခင်ဗျား လွတ်မြောက်ဖို့ အတွက် တောင်းဆိုနေကြပါပြီ” ဟုလည်း မစ္စတာ ဘရောင်းက ပြောကြားလိုက်သည်။

အဆိုပါ အင်တာနက် စာမျက်နှာတွင် ပါဝင် ရေးသားကြသူများတွင် ချက်နိုင်ငံ သမ္မတဟောင်း ဗားကလက် ဟာဗဲလ်၊ ဘုန်းတော်ကြီး ဒက်စမွန် တူးတူး၊ ဟောလိဝုဒ် သရုပ်ဆောင်များ ဖြစ်သော ဂျော့ကလိုနီ၊ စတီဗင် ဖရိုင်း၊ ကီဗင် စပါစီ၊ ဆာရာ ဘရောင်း၊ ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း၊ ဟာသ ပညာရှင် Eddie Izzard စသည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်သည့် အဆိုပါ ၀က်ဆိုဒ်တွင် မည်သူမဆို ၀င်ရောက်၍ မှတ်ချက် ရေးသားနိုင်ပြီး ဗီဒီယို၊ ဓာတ်ပုံများလည်း တင်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အင်းစိန်ထောင်တွင် ရောက်ရှိနေသည်။ အကျယ်ချုပ် ကန့်သတ် တားဆီးမိန့် ချိုးဖောက်မှုဖြင့် ထောင်တွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။ အဆိုပါ အမှုသည် ငွေဒဏ် ၅၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ချခံရနိုင်သည့် အမှု ဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဗဲလ်ငြိမ်းချမ်းရေးဆု အပါအ၀င် နိုင်ငံတကာမှ ဂုဏ်ပြုဆုပေါင်းများစွာ ရရှိထားသူဖြစ်သည်။


No comments: