Sunday, May 31, 2009

ကြပ်ပြေးသန်းရွှေရဲ့ ကြက်ဆူရောဂါ


သဘာဝ ဓာတ်ငွေ့ ရောင်းလို့ ရတဲ့ ငွေကို ကြပ်ပြေး နေပြည် တော် အတွက် သုံးပြီး တိုင်းသူပြည်သား ကိုတော့ ကြက်ဆူ ပင်ကရတဲ့ လောင်စာ ဆီသုံး စေဖို့ စီမံ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ် တယ်။ မြန်မာ ပြည်မှာ ဇီဝ လောင်စာ သုံးဖို့ ပထမဆုံး စီစဉ်သူပဲ။ ၂၀၀၅ နိုဝင်ဘာလ အစော ပိုင်းက ကြပ်ပြေးကို အစိုး ရရုံးပြောင်း ရွှေ့ ပြီး ဒီဇင်ဘာ လမှာ ကြက်ဆူပင် စိုက်ဖို့ အမိန့် ထုတ်တာပဲ။ တပြည်လုံး ကြက်ဆူ ပင်တွေနဲ့ ပြည့်သွား အောင် သုံးနှစ်အတွင်း အကောင် အထည်ဖော်ဖို့ အမိန့်ပေး တာပဲ။

တိုင်းနဲ့ ပြည်နယ်အား လုံးမှာ မစိုက် မနေရ အတင်း အဓမ္မ ခွဲတမ်းချပြီး ကြက်ဆူပင် စိုက်ရတယ်။ တပြည်လုံး ကြက်ဆူပင် စိုက်နေ ပုံကို လည်း အစိုးရ သတင်းစာ တွေမှာ နေ့စဉ် ဖော်ပြတယ်။ ကြက်ဆူပင် မစိုက်ရင် အရေး ယူခံရမှာ ကြောက်လို့ ထွက်ပြေးတဲ့ ကြက်ဆူဒုက္ခ သည်တောင် ရှိလာတယ်။ အခုတော့ ကြက်ဆူ ရောဂါထ တာ သုံးနှစ်ကျော် သွားပြီမို့ အခြေအနေ သုံးသပ်ဖို့ လိုလာ ပါတယ်။


အိမ်နီးချင်းနိုင်ငံတွေမှာ ကြက်ဆူပင် စီမံကိန်းအောင်မြင်ပေမယ့် မြန်မာပြည်မှာတော့ အတတ်ပညာခေါင်းပါးပြီး အရင်းအနှီး မရှိတဲ့အတွက် မအောင်မြင်ကြောင်း နိုင်ငံခြားသတင်းဌာနတွေက ရေးကြပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအဖွဲ့ (၇) ဖွဲ့ ပါဝင်တဲ့ “လူထုဖွံ့ဖြိုးရေးဆုံရပ်” ဆိုတဲ့အဖွဲ့ လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ (၆၀) ရှိတဲ့ အစီရင်ခံစာဟာ စိတ်အချရဆုံးနဲ့ ယုတ္တိအရှိဆုံးဖြစ်တယ်။ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ ရှမ်း၊ မွန်နဲ့ ရခိုင် ပါဝင်တဲ့ လူထုဖွံ့ဖြိုးရေးအဖွဲ့ပါပဲ။

ဒေသခံ သုတေသီ (၁၅) ဦးက ပြည်နယ် (၇) နယ်က မြို့နယ် (၃၂) ခုမှာ ကွင်းဆင်းလေ့လာပြီး တွေ့ဆုံမေးမြန်းတဲ့ အပြင် နအဖ အစိုးရထုတ် စာရွက်စာတမ်းနဲ့ နိုင်ငံတကာ ကြက်ဆူစီမံကိန်းတွေကိုပါ ကိုးကားထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြက်ဆူရောဂါထလို့ တပြည်လုံး ကြက်ဆူပင်တွေ စိုက်နေရတဲ့အတွက် ဒုက္ခရောက်ရပုံကို အသေအချာ ဖော်ပြထားပါတယ်။ ရာသီဥတုနဲ့ မြေဆီလွှာကို မစစ်ဆေးဘဲ ပရမ်းပတာ စိုက်ပျိုးကြတာကြောင့် မြေဧကထောင်သောင်းချီနေတဲ့ စိုက်ခင်းကြီးတွေဟာ (၇၅) ရာခိုင်နှုန်း ပျက်စီးနေရပြီလို့ ဆိုပါတယ်။ ကြက်ဆူလောင်စာဆီ ထုတ်လုပ်တော့လည်း အတတ်ပညာအားနည်းပြီး စနစ်မကျလို့ အင်ဂျင်စက်တွေ ပျက်စီးရပါတယ်တဲ့။

ဒါပေမယ့် နအဖ အစိုးရအဖို့ ဒါတွေ အရေးမကြီးပါဘူး။ ဗိုလ်ချုပ်မှူးကြီးအမိန့်ကို နာခံဖို့ကသာ အရေးကြီးတယ် မဟုတ်ပါလား။ အာဏာပြတဲ့အနေနဲ့ မအပ်မရာလုပ်တာ ဗမာမင်းဓလေ့ပါ။ ဗိုလ်နေ၀င်းထက် ပိုပြီး အာဏာရှိကြောင်း ပြချင်တာဟာ ကြပ်ပြေးနေပြည်တော် တည်ရတဲ့ အကြောင်းတခု ဖြစ်နိုင်တယ်။ မြေလွတ်ရှိရင် ကြက်ဆူပင် စိုက်ရတာလည်း အာဏာစက်ထက်မြက်ကြောင်း ပြတာပါပဲ။

ဘ၀ရှင်မင်းတရားကြီး ကြပ်ပြေးသန်းရွှေကတော့ သူစိုက်ခိုင်းတဲ့ ကြက်ဆူပင် စီမံကိန်း အောင်မြင်ပြီလို့ ယုံကြည်မှာ သေချာတယ်။ သူ့အောက်က စစ်ဗိုလ်တွေ သူ့အကြိုက်ပြောတဲ့အတိုင်း သူက ယုံမှာပဲ။ မဆလခေတ်က စာရင်းလိမ်ကို ဗိုလ်နေ၀င်းက ယုံခဲ့တာပဲ။ အာဏာရှင် မော်စီတုန်းဟာ မအပ်မရာ လုပ်ရာမှာ နာမည်ကြီးတယ်။ ဒါကြောင့် အရှေ့အာရှမှာ ဒီမိုကရေစီကျင့်သုံးလို့ မရဘူးလို့ ပြောကြတာပဲ။

သူများနိုင်ငံမှာ ကျွမ်းကျင်သူကသာ သံမဏိထုတ်လုပ်နိုင်တယ်လို့ ယူဆပေမယ့် တရုတ်အာဏာရှင် မော်စီတုန်းဟာ လူထုအင်အားနဲ့ ထုတ်လုပ်နိုင်တယ်လို့ယုံကြည်ပြီး ဘယ်သူမှ မလုပ်ဖူးတာကို လုပ်တယ်။ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်း ကို လူထုအားနဲ့ လုပ်မယ်ဆိုပြီး ခုန်ပျံချီတက်ရေး မဟာစီမံကိန်း ၁၉၅၈ က ၁၉၆၂ အထိ ကျင့်သုံးဖို့ ဆုံးဖြတ်တယ်။ မိသားစု (၅,၀၀၀) လောက် ပါဝင်တဲ့ ကွန်မြွန်းဘုံအဖွဲ့တွေ ဖွဲ့ပြီး စီမံကိန်း အကောင်အထည် ဖော်ခိုင်းတာပဲ။ သံမဏိချက်စက်ရုံ ပေါင်း (၆) သိန်း လောက်ရှိတယ်။ ကွန်မြွန်းဘုံအဖွဲ့မှာ လူဦးရေ သန်း (၇၀၀) ပါဝင်တယ်။ လူထုအင်အားနဲ့ လုပ်ရင် အောင်မြင်ရမယ်ဆိုတဲ့ မော်စီတုန်းရဲ့ စိတ်ကူးယဉ်ချက်ကို အကောင်အထည်ဖော်ရတာပဲ။

ကွန်မြွန်းဘုံအဖွဲ့က ထုတ်လုပ်တဲ့ သံမဏိဟာ အရည်အသွေးညံ့ဖျင်းလွန်းလို့ ဆောက်လုပ်ရေးမှာ သုံးမရတာကို ချက်ချင်းသိတယ်။ ဘုံအဖွဲ့အနေနဲ့ မစွမ်းဆောင်နိုင်တာကို သိပေမယ့် အမှန်အတိုင်းပြောရင် သစ္စာဖောက်လို့ မဟားတရားစွပ်စွဲခံရမှာ သေချာတာကြောင့် ကိုယ်မတတ်တဲ့ကိစ္စကို လုပ်ကြတယ်။ မော်စီတုန်းရဲ့ သံမဏိရောဂါကို ကုသနေရတာကြောင့် စိုက်ပျိုးရေးလုပ်မယ့် လူအင်အား နည်းသွားတယ်။


ဒါပေမယ့် ပါတီကေဒါတွေကတော့ သီးနှံအထွက်တိုးတက် နေကြောင်း စာရင်းလိမ်ပြတယ်။ ခုန်ပျံချီတက်လို့ တနှစ်လောက် ကြာတော့ ရာသီဥတုမကောင်းလို့ သီးနှံအထွက် ဆက်တိုက်ကျဆင်း တယ်။ ၁၉၆၀ မှာ တရုတ်ပြည်သား (၉) သန်း ငတ်သေကြတယ်။ မသေရုံစားသောက်နိုင်အောင် အစိုးရက ခွဲတမ်းစနစ်နဲ့ ရိက္ခာ ဝေရတယ်။ ငတ်လို့သေသူစုစုပေါင်း သန်း (၂၀) လောက် ရှိမယ်လို့ ခန့်မှန်းကြတယ်။ ဒါဟာ အမိန့်နာခံတဲ့ စီမံကိန်းရဲ့ ဆိုးဝါးတဲ့ ရလဒ်ပဲ။

ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်မပါ၊ စနစ်တကျလေ့လာမှု မပြု၊ နည်းပညာအခြေခံ မခိုင်မာဘဲ အမိန့်အာဏာ တခုတည်းကို သုံးပြီး ပြည်သူပြည်သားကို အနိုင်ကျင့်ပြီး အတင်းအဓမ္မ စိုက်ခိုင်းတဲ့ ကြက်ဆူစီမံကိန်း မအောင်မြင်တာ အံ့သြစရာ မဟုတ်ပါဘူး။ ကြက်ဆူလောင်စာဟာ အကောင်းဆုံး ဖြစ်ကြောင်း အစိုးရစာနယ်ဇင်းက နေ့စဉ် ၀ါဒဖြန့်တာနဲ့ ကြက်ဆူပင်တွေ ပေါက်လာမှာ မဟုတ်ပါဘူး။ ဗမာပြည်က ကြက်ဆူစီမံကိန်းဟာ ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ အစီအစဉ်တခုသာ ဖြစ်ပါတယ်။

ကြက်ဆူပင်ကို သင့်လျော်တဲ့ မြေနေရာမှာ စိုက်ပျိုးတာ မဟုတ်ဘဲ အာဏာပိုင်တွေ မြင်နိုင်တဲ့ နေရာမှာ စိုက်ပျိုးတဲ့အတွက် စီမံကိန်းမအောင်မြင်တာလို့ ဆိုတယ်။ ကြက်ဆူပင်စိုက်ဖို့ သင့်လျော်တဲ့ နေရာတွေ မြန်မာပြည်မှာ ရှိပေမယ့် စီမံကိန်းအကောင်အထည်ဖော်တဲ့နေရာဟာ မသင့်လျော်ဘူးလို့ သိရတယ်။ ရာသီဥတုနဲ့ မဆီလျော်လို့ ကြက်ဆူပင်တွေ သေကုန်တာ ဖြစ်တယ်တဲ့။ တရုတ်ပြည်တောင်ပိုင်းက ကြက်ဆူစိုက်ပျိုးရေးကို လေ့လာတဲ့အခါ အသေအချာ လေ့လာရေးနဲ့ ကောင်းမွန်တဲ့ မျိုးစေ့တွေရဖို့ (၅) နှစ် စောင့်ကြည့်ပြီး သုတေသနလုပ်ဖို့ လိုတယ်လို့ ကမ္ဘာ့သစ်တောဌာနက မှတ်ချက်ချပါတယ်တဲ့။

မြန်မာ့ကြက်ဆူကိုတော့ ကြပ်ပြေးဗိုလ်ချုပ်တွေ မြင်နိုင်မယ့်နေရာမှာသာ စိုက်ပျိုးကြပါတယ်။ လမ်ဘေး၊ ရွာဝင်ရွာထွက်၊ ဘူတာရုံ၊ စာတိုက်၊ ကျောင်း၊ ဆေးရုံနဲ့ ရုံးတွေမှာ အမျိုးသားရေးတာဝန်ထမ်းဆောင်တဲ့အနေနဲ့ ကြက်ဆူပင်စိုက်ထား ကြရတယ်။ ကြက်ဆူသီးကို စားမိရင် အဆိပ်သင့်တတ်တာမို့ ကလေးတွေအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါပေမယ့် ခြံစည်းရိုးမှာ ကြက်ဆူပင်စိုက်ဖို့ နအဖ စိုက်ပျိုးရေးဌာနက ပညာပေးထားပြီး ခြံစည်းရိုးကြက်ဆူလို့ အမည်ပေးထားတယ်။ နာမည်ပေးတဲ့အတိုင်း ကြက်ဆူပင်တွေဟာ ခြံစည်းရိုးဘ၀မှပဲ နိဂုံးချုပ်ပြီး ပြည်သူကို အန္တရာယ် မပေးဘူးလို့ မျှော်လင့်ရပါတယ်။


No comments: