Sunday, May 24, 2009

မြန်မာပြည်အတွက် ချာတာ ၉

အန်ဇိုရီးရေး

တရုတ်ပြည် တွင် ပြီးခဲ့သည့် ဒီဇင်ဘာ လက အလား အလာရှိသော တော်လှန်ရေး နှင့် ပတ်သက်သည့် အထောက် အထား များသည် အင် တာနက် ဝက်ဘ်ဆိုက် များမှ တဆင့် စတင် ပျံ့နှံ့ခဲ့ သည်။ ကွန်မြူနစ်ခေတ် အတွင်းက ချက်ကိုစလို ဗက်ကီးယားမှ အတိုက် အခံ များ ၏ ကြေညာ စာတမ်း တွန်းအား ကြောင့် ဖြစ်ပေါ်လာသော ချာတာ ၈ သည် ပညာ တတ်များ နှင့် ကျွမ်းကျင်သူ ပညာရှင်များ၊ တက် ကြွ လှုပ်ရှား သူများ၏ လုပ်ဆောင် မှုဖြစ်၍ တရုတ် နိုင်ငံ အတွင်း၌ လစ်ဘရယ် ဒီမိုကရေစီ တည်ဆောက်ခြင်း နှင့် နိုင်ငံ၏ လက်ရှိ အာ ဏာပိုင် စနစ်ကို ကျော်လွှား နိုင်ရန် ရည်ရွယ် သည့် စစ်မှန် သော ကြေညာချက် လည်း ဖြစ်သည်။

လူ့အခွင့်အရေး၏ အပြည်ပြည်ဆိုင်ရာနှင့် သက်ဆိုင်မှုကို ရည်ညွှန်း၍ ရေးသားသူများသည် တပါတီအစိုးရ၏ နိဂုံး၊ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပခြင်း၊ တရားဥပဒေစိုးမိုးရေး၏ ကျင့်သုံးခြင်း၊ အခြေခံ လွတ်လပ်ခွင့်များကို ကာကွယ်ခြင်းနှင့် ဖွဲ့စည်းပုံအရ အာမခံပေးထားသော အာဏာခွဲဝေခြင်းတို့ကို အခြေခံကျကျ မေးခွန်းထုတ်ထားသည်။ သို့သော် ပို၍ အရေးကြီးသည်မှာ နိုင်ငံရေးပြောင်းလဲမှုတွင် နိုင်ငံသားတိုင်း ပါဝင်နိုင်ရန် လှုံ့ဆော်ပေးနိုင်သော လူထုလှုပ်ရှားမှု၊ ထို အဓိက မူများအတိုင်း တည်ဆောက်ရန် ထုတ်ပြန်ကြေညာသော ရည်ရွယ်ချက်များပင် ဖြစ်သည်။

ထိုအထောက်အထားကို အစိုးရမှ အထင်အရှား ပြင်းထန်စွာ ဆင်ဆာဖြတ်ခဲ့သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဝက်ဘ်ဆိုက်မှ ရရှိခဲ့သော အခွင့်အရေးများကို ကျေးဇူးတင်ရလောက်အောင်ပင် နိုင်ငံအတွင်း၊ နိုင်ငံအပြင်ရှိ များပြားလှသော ပရိသတ်များထံ အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့သည်။ မူလက သုံးစွဲသူ ၃ဝဝ ခန့်ကိုသာ ဆွဲဆောင်နိုင်ခဲ့သော်လည်း ယနေ့အချိန်တွင် သောင်းဂဏန်းအထိ ရှိခဲ့ပြီးဖြစ်၍ ၎င်းတို့ တော်တော်များများမှာ အာဏာပိုင်တို့၏ စစ်ကြောမေးမြန်းခြင်းများကို ခံခဲ့ရပြီး အမြဲတမ်း စောင့်ကြည့်ခံနေရဆဲ ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ထိုချာတာ ၈ ၏ တည်ရှိမှုကို တရားဝင် အသိအမှတ်မပြုသော တရုတ်အစိုးရသည် နောက်ထပ် ၂ နှစ်တွင် အကောင်အထည်ဖော်ရမည့် နိုင်ငံသားနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေး နယ်ပယ်ရှိ တင်ပြထားသော တိုးတက်မှုများ စာရင်းဖြစ်သည့် “လူ့အခွင့်အရေးအတွက် အမျိုးသားဆောင်ရွက်မှု အစီအစဉ်” ကို ထုတ်ဝေခဲ့သည်။ ၎င်းသည် တရုတ်တို့၏ ဝါဒဖြန့်ချိမှု ပုံစံတခု (ပီကင်းပုံစံ) သာ ဖြစ်သည်မှာ ထင်ရှား၍ ထိုသို့သော ဗျူရိုကရက်ဆန်သည့် အစီအမံမျိုးသည် တကယ့်အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်မည်ဟု တွေးဆရလောက်အောင်မူ ညံ့ဖျင်းကြမည် မဟုတ်ပေ။ သို့သော် ၎င်းသည် နိုင်ငံရေးဆိုင်ရာ အရေးကြီးမှုကို အတည်ပြုပေးသည့် ချာတာ ၈ ထုတ်ပြန်အပြီး လအနည်းငယ်အထိ တည်ရှိနေရလောက်အောင် ထင်ရှားဆဲဖြစ်သည်။

ကြေညာချက်ကို ဖတ်ရှုသူများနှင့် မြှင့်တင်ပေးသူများသည် အောင်မြင်မှု နှစ်ခုကို အကျိုးရှိစွာ သိရှိခဲ့ကြရသည်။ ပထမတခုမှာ ၎င်းတို့၏ ထုတ်ပြန်မှုသည် ဆိတ်ငြိမ်နေမှုနှင့် ဆင်ဆာတည်း ဖြတ်မှုတို့ကို ချိုးဖောက်နိုင်သည်အထိ အောင်မြင်မှု ရရှိခဲ့သည်ဟု ပြသနိုင်ခဲ့ခြင်းဖြစ်၍ ဒုတိယတခုမှာ အရေးကြီးဆုံးဖြစ်ကာ ကွန်မြူနစ်ပါတီကို လူ့အခွင့်အရေး နယ်ပယ်တွင် ပြိုင်ဆိုင်လာစေရန် တွန်းအားပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ရန်ကုန်၌ မကြာသေးခင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် မြန်မာနိုင်ငံရှိ ပြည်နယ်၊ တိုင်းများမှ အဖွဲ့အစည်း ကိုယ်စားလှယ်အနည်းငယ်နှင့် ၁၉၉ဝ ရွေးကောက်ပွဲမှ ရွေးချယ်ခံရသော ကိုယ်စားလှယ်များ စုပေါင်း၍ အမျိုးသားအစည်းအဝေးတခု ကျင်းပခဲ့သည်။ ၎င်းသည် အဓိက အတိုက်အခံပါတီတခုအနေဖြင့် အားလုံး ပါဝင်နိုင်ခဲ့သည့် ၄ ကြိမ်မြောက် အစည်းအဝေး ဖြစ်သည်။ ၁၉၉၈ ခုနှစ်က ထိုသို့ ပေါ်ပေါက်လာရန် နောက်ဆုံး ကြိုးစားခဲ့စဉ်က စစ်အစိုးရ၏ ကြိုတင်ဖမ်းဆီးမှုများကြောင့် မအောင်မြင်နိုင်ခဲ့ပေ။

NLD သည် ၎င်း၏ နှစ် ၂၀ ခံစားလာခဲ့ရမှု၏ ဒဏ်ရာများကို ထင်ရှားစွာ ပြသခဲ့သည်။ ၎င်း၏ ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများမှာ ထောင်အချခံခဲ့ရ သို့မဟုတ် နိုင်ငံမှ ထွက်ပြေးခဲ့ရကာ ရုံးများလည်း ပိတ်ခဲ့ရသည်။ အစွန်အဖျားမှ အဖွဲ့အစည်းများမှာ အဆက်ပြတ်ခဲ့ရသည်။ အစည်းအဝေးမစခင် နာရီအနည်းငယ်အထိ ကိုယ်စားလှယ်များသည် နိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာများကို မရှင်းလင်းစွာ မှီငြမ်းနေသည်မှ လွဲ၍ သူတို့ ငြင်းခုန်ရမည့် အကြောင်းအရာကို သူတို့ကိုယ်တိုင်ပင် မသိကြပေ။ ထိုအခြေအနေများ အောက်တွင် ဒီမိုကရေစီ တိုက်ပွဲအတွက် ဆက်လက်ရန် မျိုးဆက်ဆိုင်ရာ ပြောင်းလဲမှု လိုအပ်သည်။ ထိုအပိုင်းတွင် အုပ်ချုပ်သော စစ်အစိုးရသည် စိုးရိမ်မှု ကြီးကြီးမထားဘဲ ထိုသို့သော စုဝေးမှုမျိုးကို ခွင့်ပြုနိုင်ခဲ့သည်။

နှစ်ရက်အကြာ ငြင်းခုံအပြီးတွင် NLD သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မှုကို နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ လွန်ခဲ့သည့်တနှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။ သို့သော် ကျယ်ပြန့်သော သဘောတူညီမှုကို ချမှတ်ရန် ရည်ရွယ်သော ပိုမိုကျယ်ပြန့်သည့် မူဝါဒများ ပူးပေါင်းပါဝင်သည့် ထုတ်ပြန်ချက်တခုကို ရရှိနိုင်ခဲ့သော ရှားပါးလှသည့် အခွင့်အရေး အကျိုးကျေးဇူးကို ကိုယ်စားလှယ်များ ရရှိနိုင်ခဲ့သည်ဆိုလျှင် တရုတ်၏ ချာတာ ၈ ဥပမာပြီးလျှင် ၎င်းသည် ပို၍ အသုံးဝင်ကောင်း ဝင်ပါလိမ့်မည်။

မကြားသော နားများဆီသို့ တောင်းဆိုမှု အစိတ်အပိုင်းများကို ထပ်မံတောင်းဆိုနေမည့်အစား သမိုင်းဝင် အခွင့်အရေး ကြေညာစာတမ်းများ၊ တော်ဝင် လစ်ဘရယ်ဝါဒ၏ တန်ဖိုးများနှင့် စိတ်ကူးယဉ် အကောင်းဆုံးများပေါ်တွင် အခြေခံထားသော နိုင်ငံရေးအစီအမံများနှင့် အစိုးရကို ဆန့်ကျင်သော စိန်ခေါ်မှုအဆင့်များကို မြင့်တက်လာစေခဲ့သည်။ အရှေ့ဥရောပ၏ ကော်ဇောတော်လှန်ရေးများ သို့မဟုတ် အခြား အလားတူ အတွေ့အကြုံများ၏ တွန်းအားကြောင့် ပေါ်ပေါက်လာသော ဗဟိုဦးစီးစနစ် ဆန့်ကျင်ရေး ချာတာ ၉ နှင့် တချိန်တည်းမှာပင် ဗိုလ်ချုပ်များမှ သူတို့၏ အာဏာဆုပ်ကိုင်ထားနိုင်မှုကို တရားဝင်သကဲ့သို့ ဟန်ဆောင်ပြုလုပ်ရန် အသုံးချမည့် တူညီသော ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် စံပြတုံ့ပြန်မှုလည်း ဖြစ်သည်။

ထိုအထောက်အထားများသည် မည်သည့်ရည်ရွယ်ချက်နှင့် အသုံးခံကြသနည်း။ အမှန်ပင် ၎င်းသည် မနက်ဖြန် နံနက်တွင် စစ်အစိုးရကို ပြောင်းလဲသွားစေမည်တော့ မဟုတ်ပေ။ တရုတ်အစိုးရထက် များစွာဖိနှိပ်သော မိမိ၏ အတိတ်မှ လုပ်ရပ်များအတွက် အမြဲ ကာကွယ်ရန် ကြိုးစားနေတတ်သော အစိုးရဆီမှ အဖြေကို ရရှိနိုင်ရန်လည်း လုပ်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ သို့သော် ၎င်းတွင် အခြားရှုထောင့်မှ အရေးကြီးသော အကျိုးဆက်များ ရရှိနိုင်မည်မှာတော့ အသေအချာပင် ဖြစ်သည်။

ပထမအနေနှင့် မြန်မာပြည်ရှိ ဒီမိုကရေစီလှုပ်ရှားမှုနှင့် NLD တို့သည် စစ်အစိုးရ၏ ဖိနှိပ်ရက်စက်မှုများကို ခံစားရလင့်ကစား ၎င်းတို့ကိုယ်၎င်းတို့ တည်ဆောက်ရပ်တည်နိုင်ကြ၍ လူထုကြံ့ကြံ့ခံမှုထက် ရှောင်ခွာသွားမှုနှင့်သာ ယခု ပိုမိုတူကာ အသုံးမဝင်တော့သော အတွေးအခေါ် စင်မြင့်တခုဖြစ်သည့် အကြမ်းမဖက်ရေး ဟူသော အသိမျှသာ၏ အလွန် စိတ်ကူးယဉ်စရာ အကောင်းဆုံး နောက်တခုကို တွေးထုတ်လာနိုင်ကြသည်။

၎င်းသည် ဖွံ့ဖြိုးလာမည့် လူ့အဖွဲ့အစည်း (ထိုအဖွဲ့အစည်း မရှိခြင်းသည် ယနေ့မြန်မာပြည်၏ လွတ်မြောက်မှုကို အဓိက အတားအဆီးများမှ တခုဖြစ်နေကာ တချိန်တည်းမှာပင် စစ်လူတန်းစားတခု ရပ်တည်နိုင်ရန်လည်း အကောင်းဆုံး အာမခံပေးသည်) နှင့် လူဦးရေကို တိုးတက်လာစေသော လူထုလှုပ်ရှားမှုတခုကို ထွက်ပေါ်လာစေသည့် မှီငြမ်း အချက်တချက်ကိုလည်း ပံ့ပိုးပေးသည်။

နောက်ဆုံးတွင် ချာတာ (ဥပဒေ) ၉ သည် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းအား နေပြည်တော်၏ သံရေးတမန်ရေးဆိုင်ရာ ပိုင်ဆိုင်မှုများဖြင့် အရူးလုပ်ခံရန် ဆန္ဒရှိနေသူများ၏ မြှောက်ပင့် ပြောဆိုမှုများကို ရှင်းလင်းစွာ တင်ပြကာ မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားမှု အသစ်ကို အစစ်အမှန်တခုအဖြစ်၎င်း၊ ရုပ်အား၊ စိတ်အားဖြင့် ထောက်ပံ့ပေးရန် ထိုက်တန်သော လှုပ်ရှားမှုတခုအဖြစ်၎င်း လက်ခံလာစေရန် တွန်းအားပေးပေးပါလိမ့်မည်။

သို့သော် ကံမကောင်းစွာပင် NLD ကိုယ်စားလှယ်များသည် တရုတ်ချာတာ ၈ အကြောင်းကို ၎င်းတို့ ဆွေးနွေးပွဲများတွင် ဆွေးနွေးနိုင်ရန် အချိန်မရှိခဲ့ကြပေ။ သနားဖို့ကောင်းသည်မှာ အကြင်နာကင်းမဲ့သော စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် နောက်ဆုံး ခံစားနာကျင်စေခဲ့သော အရှက်ရစေမှုသည် အတိုက်အခံများကြားတွင် ရှင်းလင်းသော အမြင်နှင့် ခိုင်မြဲသော ယုံကြည်ချက်လိုအပ်မှုကို ထပ်မံ၍ ပြသလိုက်ခြင်းပင် ဖြစ်သည်။

(အန်ဇို ရီးရေးသည် အလွတ်သတင်းထောက် တယောက်ဖြစ်သည်။ သူသည် အီတလီ အွန်လိုင်း သတင်းစာနှင့် မဂ္ဂဇင်းများတွင် အရှေ့တောင်အာရှနှင့်ဆိုင်သော အကြောင်းအရာများကို ရေးသားပါသည်။)

No comments: