Saturday, May 30, 2009

လမ်းလျှောက်ရင်း လမ်းပျောက်နေသူများ

မောင်သြ

(၂၂.၅.၀၉) နေ့က ထုတ်ဝေ တဲ့ နအဖ စစ်အစိုးရ ရဲ့ လက်စွဲ တော်လည်းဖြစ်၊ တဖက် စောင်းနင်း အာဏာရှင် အစိုးရရဲ့ အလို တော်ရိ လည်းဖြစ်တဲ့ သတင်းစာ တွေမှာ မြန်မာ နိုင်ငံရဲ့ ကမ္ဘာ လူလိမ်ကြီး များအဖွဲ့မှ အဖွဲ့ ၀င်တဦး ဖြစ်တဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ သဘောထား တုံ့ပြန် ပြောဆိုမှု တွေကို ဖတ်ရ ပါတယ်။

အကြောင်းကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာထောက်ထားရေး ရှုထောင့်မှလည်းကောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လေးစားယုံကြည်လောက်သည့် အနေအထားပုံစံမျိုး ရှိရန်အတွက်လည်းကောင်း၊ တိုးတက်ဖြစ်ပေါ်မှုကို မျှောင်လင့်ပါကြောင်း ပြောကြားသွားခြင်းကို နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းမှ ပြန်လည်ပြောကြားခြင်း ဖြစ်ပါတယ်။

သတင်းစာ စာမျက်နှာ (၆) တွင် စာလုံးမည်းကြီးများနဲ့ ဖော်ပြရေးသားထားသည့် မြန်မာစကားလုံး သုံးနှုန်းရေးထားပုံကို ကြည့်ပါဦး-

“ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံသားတဦးတို့၏ ကိစ္စမှာ မြန်မာနိုင်ငံအစိုးရက ဖန်တီးခြင်း မဟုတ်” ဟူသော စကားလုံး အသုံးအနှုန်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ လူပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကို သွယ်ဝိုက်သော နည်းဖြင့် အဓိပ္ပာယ်နှစ်ခွတွေး တွေးယူနိုင်ကာ ထိခိုက်စော်ကားရာ ကျပါတယ်။ ဤကဲ့သို့ ပြောဆိုရေးသား ဖော်ပြခြင်းကိုက ဒေါ်အောင်ဆန်းစုကြည်အပေါ် မည်မျှ အငြိုးအတေးထား၍ အာဃာတကြီးမားပုံကို ဖော်ပြရာ ရောက်သည်။ (လူကြီးလူကောင်း ဂုဏ်သိက္ခာနှင့် မညီညွတ်ပါ။ နဂိုကတည်းက မရှိလို့ဘဲ ဖြစ်ပါမည်။)

စာရေးသူအနေဖြင့် ဤသတင်းကို ဖတ်မိခဲ့ရာတွင်…

ခပ်ညံ့ညံ့ ဇာတ်ညွှန်းရေးဆရာနှင့် ခပ်တုံးတုံး ဒါရိုက်တာတို့က ရိုက်ပြသော ခပ်ပေါပေါ၊ ခပ်ချာချာ (Hot Shot, 0…) ဟော့ရှော့ သုညကား၊ ဟာသရုပ်ရှင်ကားတကား ကြည့်မိရသလို ခံစားမိရပြီး၊ လိမ်လည်း လိမ်နိုင်ကြပါပေရဲ့လို့၊ အတွေးပေါက်ကာ မုံလာဥ ပုံပြင်လေးတပုဒ်ကို သတိရမိပါတယ်။ ပုံပြင်အကျဉ်းကတော့ တရုတ်လင်မယားနှစ်ဦးမှာ မယားဖြစ်သူက လင်ငယ်ထားတော့ ယောက်ျားဖြစ်သူက လက်ပူးလက်ကြပ်မိတာကို မယားဖြစ်သူက လိမ်ညာပြော တော့ တရုတ်လင်ကြီးက “လက်ပူးလက်ကြပ်မိတာတောင် မုံလာဥ လုပ်ချင်သေးလား” ဆိုတဲ့ ပုံပြင်ပါ။ (ပုံပြင်က အသေးစိတ်ဖော်ပြရန်မသင့်လို့ စာဖတ်သူ ဖြည့်စဉ်းစားပါ။)

ပြီးတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဆက်ဖြီးသေးတယ်။

“အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် မူဝါဒရေးရာ ပြန်လည်သုံးသပ်နေချိန်တွင်၊ ၎င်းနိုင်ငံများ က မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် သဘောထား ပြောင်းလဲမည်ကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက် အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးမှုများ တိုးမြှင့် ပြုလုပ်စေရန်အတွက် အချိန်ကိုက် ဖန်တီးမှု တရပ်ဖြစ်နိုင်” .. ဆိုတဲ့ အကြောင်းပြချက်ဟာလည်း ထမင်းရည်ပူလာ လျှာလွှဲ၊ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာ ဆိုတာလို ပိရိခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘဲ လိမ်ဆင်ကြီး ဆိုတာကို ကလေးကအစ လူကြီးအဆုံး တကမ္ဘာလုံးက သိကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင် ထောင်စကားနဲ့ ပြောရရင် နောက်မှု ချိတ်တာပါပဲ။ မေလ (၂၇) ရက်နေ့မှာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရတော့မှာမို့ မလွှတ်ချင်၍ ကလိမ်စေ့ငြမ်းဆင်လိုက်တာပါ။

မင်းဘက်က မွှေးတဲ့ မီး… မီးကို မီးနဲ့ ငြိမ်းမယ်.. ဆိုတဲ့ (ကြိုးတန်းရုပ်ရှင်ကားမှ ကြေညာထားတဲ့ စာလုံး) စကားနဲ့အညီ နအဖစစ်အစိုးရ မွှေးတဲ့မီးဟာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ အလယ်မှာ တောက်လောင်နေပြီ.. ဆူပွက်နေပြီဆိုတာ နအဖ သိနေပါပြီ။

ဘယ်နည်းနဲ့ ငြိမ်းမလဲ။ နအဖ နောင်တ တရားတွေနဲ့ အသင့်ပြင်ဆင်ထားဖို့လိုပြီ။ ဒေါ်အောင်ဆန်းစုကြည်အဖို့ ကတော့ မန်လည်ဆရာတော်ကြီးရဲ့ “ပတ္တမြားရွှေဂူ” လေးဆစ်ကဗျာလို့ပါပဲ…

ပြစ်မရှိ ပြစ်ရှာ။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်လည်း။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ။

ဆင်ကောင်ကြီးတွေ့နေမှတော့ ဘာဆင်ခြေရာလည်း မေးမနေပါနဲ့တော့ နအဖရယ်………

No comments: