Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားတောင်းဆို

NEJ / ၂၇ မေ ၂၀၀၉

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်ကို ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ် ပေးရန် အမေရိကန် သမ္မတ အိုဘားမားက မြန်မာ စစ်အစိုးရ အာဏာ ပိုင်များကို ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်သည်။

ဒေါ်အောင်ဆန်း စုကြည်အား နေအိမ် အကျယ်ချုပ် ချထားခြင်း နှင့် ဖမ်းဆီး ထိန်းသိမ်း ထားခြင်းကို ပြင်းပြင်း ထန်ထန် ရှုတ်ချ လိုက် ကြောင်း သမ္မတအို ဘားမားက ယမန်နေ့က စာရေးသား ထုတ်ပြန် တောင်းဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ဖမ်းဆီးထားမှုနှင့် အခြေအမြစ်မရှိသည့် တရားစွဲဆိုမှုများသည် နိုင်ငံတကာအသိုင်းအ၀န်းတွင် တာဝန်သိနိုင်ငံတခုအဖြစ် မြန်မာနိုင်ငံ၏ရပ်တည်မှုကို အလွန်သံသယဖြစ်စရာ ကောင်းသည်ဟုလည်း အမေရိကန် သမ္မတက ထောက်ပြ ထားသည်။

ယခုလ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျမ်ယက်တောကို နေအိမ်တွင် လက်ခံခွင့်ပြုသည့်အတွက် တားမြစ်ကန့်သတ်မိန့်ကို ချိုးဖောက်သည်ဟုဆိုကာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။

ယမန်နေ့က တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင်စစ်ဆေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မိမိ၌ အပြစ်မရှိကြောင်း ချေပသွားခဲ့သည်။

ယမန်နေ့နံနက်ပိုင်း၌ ရဲချုပ်ခင်ရီနဲ့ ရဲမှူးချုပ်မြင့်သိန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း နောက်ထပ် (၆) လထပ်မံတိုးမြှင့်နိုင်သော်လည်း သက်ညှာသောအားဖြင့် တားဆီးမိန့် (၁၀/ခ) ကို ရုပ်သိမ်းကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများရှေ့၌ ဖတ်ကြားခဲ့သည်။

နေအိမ်အကျယ်ချုပ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာယက်တောအား လက်ခံမှုဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရကာ တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

No comments: