Tuesday, May 26, 2009

ရှမ်းတပ်များက ခြုံခိုတိုက်မှုကြောင့် စစ်ဘက် အရာရှိ ၂ ဦး သေဆုံး

ဖိုးဇော် အင်္ဂါနေ့၊ မေလ 26 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) စစ်ကြောင်း တခုက ခြုံခို တိုက်ခိုက် မှုကြောင့် စစ်အစိုးရ တပ်မတော် အရာရှိ များ အပါ အဝင် လူ ၁၅ ဦး သေဆုံး သွားကြောင်း ရှမ်းတပ် ဘက်က အပြော အရ သိရသည်။

SSA (တောင်ပိုင်း) အောင်ပေစွတ် စစ်ကြောင်းက ရှမ်းပြည်နယ် မြို့တော်တောင်ကြီး အရှေ့ဘက် ၇၂ မိုင်တွင် တည်ရှိသည့် နန်းဇံမြို့နယ်အတွင်းမှ နမ့်ဟူးနှင့် ခိုလမ်ရွာအကြားတွင် ည ၁ဝ နာရီခန့်က စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တန်းပေါ်တွင် လိုက်ပါလာသူများမှာ မြန်မာ စစ်အစိုးရထံ လက်နက်ချထားသည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးမိုင်းဇင့် ခေါင်းဆောင်သည့် SSA (တောင်ပိုင်း)၏ ခွဲထွက်အဖွဲ့ အပြင် စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိ ၂ ဦးနှင့် အခြားအဆင့်များ ဖြစ်သည်။ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးရန် ထွက်လာစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ယာဉ်ပေါ်မှာ ပါတာက စုစုပေါင်း ၁၅ ယောက်ပါ။ ရှမ်းပြည် တပ်မတော်ဘက်က တဦးတယောက်မှ ကျဆုံးခြင်း မရှိပါဘူး" ဟု SSA (တောင်ပိုင်း) ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင်က မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

ယခုလ ၂၁ ရက်နေ့ကလည်း ပင်လုံနှင့် လိုင်ခကျေးရွာအကြား တပ်စွဲထားသည့် မြန်မာတပ်ဖွဲ့ တဖွဲ့အား SSA (တောင်ပိုင်း) က ဝင်ရောက်စီးနင်းရာ စစ်သား ၆ ဦး သေဆုံးပြီး၊ လက်နက် ၈ လက် သိမ်းဆည်းခဲ့ကြောင်း ရှမ်းတပ်က သတင်းထုတ်ပြန်ခဲ့သည်။

SSA (တောင်ပိုင်း) မှ ဗိုလ်မှူးကြီးမိုင်းဇင့် ဦးစီးသော လူအင်အား ၁၀၀ ကျော်သည် ၂၀၀၆ ခုနှစ် နှစ်လယ်ပိုင်းက ခွဲထွက်ကာ စစ်အစိုးရထံ လက်နက်ချခဲ့သည်။ သူတို့အား ပြည့်သူ့စစ်သဏ္ဍာန်ဖြင့် ထားရှိ၍ လက်နက်များ ပြန်လည် ကိုင်ဆောင်ခွင့် ပေးခဲ့သည်။

SSA (တောင်ပိုင်း) မှာ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စဝ်နွဲ့ စောရမ်တ ဦးဆောင်ပြီး မိုင်းဆက်မြို့၌ စတင် ဖွဲစည်းခဲ့ပြီး၊ ယခုအခါ ထိုင်း-မြန်မာနယ်စပ်ရှိ မိန်းဖန်မြို့ မျက်နှာချင်းဆိုင်တွင်ရှိသော မိုင်တုံမြို့နယ်ရှိ လွယ်ပန်းတောင်းတောင်ကို အခြေုပြု တပ်စွဲထားသည်။

No comments: