Sunday, May 24, 2009

ပြည်သူကြားကလာတဲ့စာ

သို့,

အယ်ဒီတာ ခင်ဗျား ,

ကျွန်တော်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရေမျက်ကျေးရွာအုပ်စု၊ ကုလားတွင်း ကျေးရွာကပါ။

၂၃-၄-၀၉ နေ့က မယက အတွင်း ရေးမှုး ၊ လ/ထ စိုက်ပျိုးရေး မန်နေဂျာ ဦးထွန်းစိန်၊ စနဲ ရဲစခန်းမှ ဂါတ်စာရေး ဦးစံခင် နှင့် ရဲသား တစ် ဦး၊ ရေမျက် ကျေးရွာ အုပ်စုမှ ရယက ဥက္ကဌ ဦးရွှေမြင့် ၊ ရယက အတွင်း ရေးမှု ဦးလှမြင့်၊ ရယက စာရေး ဦးဘလှ တို့ တစ်စုဟာ ဒေသ ခံရွာ သားများ အပေါ် ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံ တဲ့ကိစ္စပါ။

ကျွန်တော်တို့ တောလက် ကျေးရွာတွေမှာ လူဦးရေ တိုးပွားလာတာနဲ့ အမျှ အိမ်တစ်အိမ်မှာ (၁၀) ယောက်၊ (၁၅) ယောက် နေထိုင်ဖို့ မသင့်တော်ဘူးလေ။ ဒါကြောင့် သီးခြား အိမ်ခွဲဆောက်ပြီး နေထိုင်ကြပါတယ်။ အိမ်ဆောက်တယ် ဆိုပေမယ့် အခုမှ ဆောက်တဲ့ အိမ်တွေ မဟုတ်ပါ။ နှစ် ၂၀ ကျော်က ဆောက်တဲ့ အိမ်တွေပါ။ ဒီအထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ က ဆောက်တဲ့အိမ် ၂ အိမ်၊ ၁၀ နှစ်ကျော်က ဆောက်တဲ့အိမ်က ၄ အိမ် ဖြစ်ပြီး အိမ်ပိုင်များမှာ ၁။ ဦးစံဖိုး ၂။ ဦးထွန်းတင် ၃။ ဦးမောင်ဆန်း ၄။ ဦးကျော်စိန်ချေ ၅။ ဦးကျော်လှချေ ၆။ ဦးမောင်အေးဖြူတို့ ဖြစ်ကြပါတယ်။

ရယက ဥက္ကဌက အထက်ဖော်ပြပါ အကျင့်ပျက်ပုဂ္ဂ္ဂိုလ်များ ဖြစ်ကြတဲ့ ဦးထွန်းစိန်၊ ဦးစံခင်တို့နဲ့ ပေါင်းပြီး လယ်ယာမြေမှာ အိမ်ဆောက် ထားတာတွေကို အခု ဖျက်ပစ်ရမယ်။ ခင်ဗျားတို့ ဥပဒေကို နားမလည်ဘူးလား ၊ ဘာတွေ ညာတွေ ပြောပြီးတော မဖျက်ချင်ရင် တစ်အိမ်ကို ငွေ(၅၀၀၀၀)ကျပ်စီ ပေးရမယ် ဆိုပြီး အတင်း အဓမ္မ လာပြီး ဆက်ကြေး တောင်းခံပါတယ်။ သူတို့က (၂၅- ၄- ၂၀၀၉) နေ့ ငွေပေးပါဆိုပြီး ချိန်းထားခဲ့ပြီး တစ်ခြား ရွာတွေမှာ ဆက်ကြေး တောင်းဖို့ သွားကြပါတယ်။ ဒီကြားထဲ ကျွန်တော်က မြို့ပေါ်က သက်ဆိုင်ရာကို ခုလို ငွေမတရား ကောက်ခံနေတာကို သွားတိုင် လိုက်ပါတယ်။ သက်ဆိုင်တဲ့ ဌာန တစ်ခုက ဒီလိုစည်းရုံးရေး ကာလမှာ ပြည်သူတွေကို ဒီလို မပြုလုပ်ကြဖို့ သတိပေးတဲ့ စာတစ်စောင် ကျွန်တော်နဲ့ အတူ ပေးလိုက်ပါတယ်။

၎င်းစာကိုသူတို့ လာမယ့်ရက်မှာ ရယက ဥက္ကဌဆီကို ကျွန်တော်က ပေးလိုက်ပါတယ်။ ဒီစာကို ရတာနဲ့ သူတို့ ပေါက်ကွဲ ကြတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ပါးစပ်နားကို ရောက်နေတဲ့ ထမင်းလုပ်ကို ခါချ လိုက်တဲ့ အတွက်ကြောင့်ပါ။ မယက အတွင်းရေးမှူးနဲ့ ရယက ဥက္ကဌ ဦးရွှေမြင့် တို့မှ ခယကကို တိုင်မယ် ဆိုပြီး ခြိမ်းခြောက် သွားပါသေးတယ်။

ဌာနတခုက စာတစောင်ကြောင့် ကျွန်တော်တို့ ကုလားတွင်း ကျေးရွာက မပေးလိုက်ရပေမဲ့ ကျူလွှင့်ကျေးရွာမှ ကိုညီချေ အိမ်အတွက် (၄၀၀၀) ကျပ် ၊ ကိုသိန်းအောင်အိမ် အတွက် (၂၀၀၀) ကျပ်နှင့် တောင်ငူကျေးရွာမှ ဦးအောင်သန်း (၁၅၀၀၀) ကျပ် စီပေးလိုက်ရပါတယ်။

ဒါ့အပြင် စနဲမင်းပြင် ကျေးရွာအုပ်စု ဘောရဘာရွာမှ ၁။ ဦးအောင်ချစ်စံ (၁၀၀၀၀) ကျပ် ၂။ ဦးပျောင်ချီးယေ (၁၀၀၀၀ ကျပ်) ၃။ ဦးသိန်းထွန်း ( ၁၀၀၀၀ ကျပ်) ၄။ ဦးအောင်သိန်းထွန်း ( ၁၀၀၀၀ ကျပ်) ၅။ ဦးမောင်ဇံ ( ၁၀၀၀၀ ကျပ်) ၆။ ဦးငဖြူအောင်( ၁၀၀၀၀ ကျပ်) ၇။ ဦးမောင်သန်း ( ၁၀၀၀၀ ကျပ်) ၈။ ဦးသာထွန်း (၅၀၀၀ကျပ်) ၉။ ဦးသန်းအောင်( ၅၀၀၀ ကျပ်) ၁၀။ဦးအောင်ဘဦး( ၁၀၀၀၀ ကျပ်) ၁၁။ ဦးမောင်ပိန်ဂျာ ( ၅၀၀၀ ကျပ်) စီကို စနဲမင်းပြင် ကျေးရွာအုပ်စု ရယက ဥက္ကဌ ဦးဦးဘရွှေ နှင့် မယက အဖွဲ့ ကိုပေးလိုက်ရပြီး ပေါက်ပြင်ကျေးရွာ၊ စနဲမင်းပြင်ကျေးရွာ နှင့် ရေချမ်းကြီး ကျေးရွာတို့မှ မပေးလိုက်ရပါ။

ဒီလူတွေကို ဘာကြောင့် ခုလို ငွေလာတောင်းရသလဲ ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာတော့ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်မှာ တောင်သူလယ်သမားတွေကို အစိုးရမှ စိုက်ပျိုးရေးအတွက် တစ်ဧကကို ငွေ (၃၀၀၀၀) ကျပ်စီ ချေးငွေ အဖြစ် ထုတ်ချေးပါတယ်။ အဲဒါလည်း အမှန်တကယ် လယ်သမားတွေ ရတာက (၂၈၀၀၀) ကျပ်ပါ။ ရယက ဥက္ကဌ ဦးရွှေမြင့်မှ (၂၀၀၀) ကျပ်စီ ဖြတ်တောက်ပါတယ်။ အဲဒီ ချေးငွေတွေကို လယ်သမားတွေက ပြန်ဆပ်ပြီး ပါပြီ။ ဒါပေမဲ့ စိုက်ပျိုးရေး မြို့နယ် မန်နေဂျာနဲ့ မယက အတွင်းရေးမှုးတို့က အဲဒီငွေတွေကို အလွဲသုံးစား လုပ်ထားပါတယ်။ အခု အစိုးရကို ပြန်ဆပ်မယ့် အခါ သူတို့မှာ ငွေမရှိတော့ပါဘူး။ ဒါကြောင့် ကျေးရွာ အဆင့်မှာ အကျင့် ပျက်နေတဲ့ ရယက ဥက္ကဌ တို့နဲ့ ပေါင်းပြီး ဥက္ကဌနဲ့ မသင့်မြတ်တဲ့ သူတွေကို ခြိမ်းခြောက်ပြီး ဆက်ကြေး တောင်းတာလို့ သိရပါတယ်။

နောက်ပြီး ၂၀၀၇-၂၀၀၈ ခုနှစ်က ကျွန်တော်တို့ ရေမျက်ကျေးရွာ အုပ်စုမှာ ကျူလွှင့်ရွာ နှင့်တောင်ငူရွာတို့မှာ ကားလမ်းမကြီးသို့ ဆက်သွယ် ပေးတဲ့ ရွာအ၀င် လမ်းကို ကားတွေ ၀င်ထွက်သွားလာ နိုင်အောင် တည်ဆောက်ရန် စည်ပင်မှ ငွေသိန်း တစ်ရာကျော်လောက် ချပေးပြီး မြိုနယ် စည်ပင်မှ ကျော်လင်းထွန်းက တာဝန်ယူ ဆောက်လုပ်ပါတယ်။ လိုအပ်တဲ့ ကျောက်ကို အနီးအနားမှာ ရှိတဲ့ တောင်မှ ထုတ်ယူတဲ့ အခါ ရယက ဥက္ကဌ ဦးရွှေမြင့်က အုပ်စုအတွင်း ငါ့ခွင့်ပြုချက် မရဘဲ ဘာမှ မလုပ်ရ ဆိုပြီး တားမြစ်မှုကြောင့် လုပ်ငန်းကို (၂) လကြာ ရပ်ဆိုင်း ထားခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်တွင် အစိုးရမှ တောင်သူလယ်သမားထံတွင် တပ်ရိက္ခာ အတွက် စပါး ၀ယ်ယူရာမှာ တစ်တင်းကို (၃၀၀၀)ကျပ်ဖြင့် ၀ယ်ယူသော်လည်း ရယက ဥက္ကဌ ဦးရွှေမြင့်က လယ်သမားများကို တစ်တင်းလျှင်(၁၂၀၀) ကျပ် နှုန်းသာ ရှင်းပေးပါတယ်။ ထို့အပြင် ကျွန်တော်တို့ ကုလားတွင်း ကျေးရွာမှာ ရှေးဟောင်း ရွာဦးစေတီ ပျက်စီးနေလို့ ပြုပြင်ရန် အုတ်ထုတ်လုပ်တာကို အုတ်လုပ်ကြေး ဆိုပြီး မယကကို အကြောင်းပြပြီး ရယက ဥက္ကဌ ဦးရွှေမြင့်က ကျေးရွာတွင်ငွေ (၂၀၀၀၀) ကျပ် ကောက်ခံသွားပါတယ်။

ဒေသခံ ရွာသူ၊ ရွာသားများ လုံးဝ (လုံးဝ) ကျေနပ်မှုမရှိပါ ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒေသခံများကိုယ်စား တနိုင်ငံလုံး သိအောင် ဖော်ပြပေးပါရန် မေတ္တာရပ်ခံပါတယ်။

ဒေသခံတဦး

No comments: