Sunday, May 31, 2009

ဒေါ်အောင်ဆန်းစုကြည် နေမကောင်း သတင်းကြောင့် အများပြည်သူ စိုးရိမ်မူတိုးပွား

ဒေါ်အောင် ဆန်း စုကြည် နေမကောင်း သည့် သတင်း ထွက်ပေါ်လာ သဖြင့် အများ ပြည်သူများ အကြား စိုးရိမ် မူများ တိုးပွား နေသည် ဟု သိရ သည်။

စစ်တွေ ပလုတ်တောင် ရပ်ကွက်မှ ဈေးဆိုင် ပိုင်ရှင် အမျိုးသမီး တဦးက “ လူတိုင်း လိုလိုက ခုရေဒီယို နားထောင် နေကြ တယ်လေ။ ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန်ထောင် ကိုဖမ်းသွား တယ်။ နေမကောင်း ဖြစ်နေ တယ်လို့လည်း ကြားရတယ်။ လူတွေ အားလုံး က စိတ်မကောင်း ကြပါဘူး။ သူနေကောင်းဖို့ အမေတို့ တောင် ဆုတောင်း နေကြပါတယ်။” ဟု ပြောသည်။

ဒေါ်စု နေမကောင်း ဖြစ်နေသည့် သတင်းကို အစိုးရ ရေဒီယိုများ အပြင် သတင်းစာ များတွင်လည်း ဖေါ်ပြ ထားခြင်း မရှိ သဖြင့် ဒေါ် အောင် ဆန်းစုကြည် နှင့် ပတ်သက်သော တိကျသော သတင်း များကို သိလို၍ ပြည်ပ ရေဒီယိုများ ကိုသာ လူအများ က နားထောင် နေကြရ သည်ဟု မောင်တော ခရီးသည် အမျိုးသမီး တဦး ကလည်း ယခုကဲ့သို့ ပြောသည်။

“ကျွန်မတို့ မောင်တောမှာ ခုအခါ ရွှေဈေးငွေဈေး ဆန်ဈေးတွေ အကြောင်း သိပ်မပြောကြဘူး။ မနက်လင်း လာရင် ရေဒီယို နားထောင်တယ်။ ညနေကျရင် ရေဒီယို နားထောင်တယ်။ အရက်ဝိုင်းတွေမှာတောင် ရေဒီယို နားထောင်ကြပါတယ်။ ပီးရင် လဘက်ရည်ဆိုင်တွေမှာ ဈေးဆိုင်တွေမှာ ဘီဘီစီက ဘာပြောတယ် ဗွီအိုအေက ဘာပြောတယ်ဆိုပြီး ရေဒီယို သတင်းတွေကိုဘဲ ပြောနေကြပါတယ်။ သတင်းတွေလည်း အမျိုးမျိုးထွက်နေပြီး ဒေါ်စုကို ဆေးကုဖို့ နိုင်ငံခြားကို ယူရမယ်ဆိုပီးလည်း ပြောနေကြပါတယ်။ သူမကို အားလုံးက မေတ္တာ ရှိနေကြတော့ ကျန်းမာဖို့ အတွက် လူတိုင်းက လိုလားနေပါတယ်” ။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ချထားစဉ် ကန့်သတ်ထားသော ဥပဒေများကို ချိုးဖေါက်သည်ဟု စွပ်စွဲကာ စစ်အစိုးရမှ အင်းစိန်ထောင်တွင် တရားစွဲပြီးခုံရုံးတင် စစ်ဆေးနေသည်။

ထိုသို့ စစ်ဆေးနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ ညဘက်ပိုင်းတွင် ကြွက်တက်သည့် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည်။ သို့သော်လည်း အဆိုပါ ဝေဒနာအတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မူ မရဟု အန်အယ်လ်ဒီ သတင်းများက ဖေါ်ပြသည်။

အမည်မဖေါ်လိုသူ စစ်တွေ ဆင်ကူလမ်းမှ အမျိုးသမီး တဦးကလည်း “ စားဝတ်နေရေးကတော့ အထူး ကျပ်တည်း ပါတယ်။ လူတိုင်းလိုလို ဒုက္ခရောက်နေကြရ ပါတယ်။ သူတို့က ဘယ်လိုဘဲ ကောင်းတယ် ပြောပြော ခုလို ဒုက္ခ ရောက်ကြရတော့ ယူနီဖေါင်းဝတ် ဘိုးတော်တွေကို ဘယ်သူမှ မလိုတော့ပါဘူး။ ဒါကြောင်း ဒေါ်စုလွှတ်လာပြီး တိုင်းပြည် အပြောင်းအလဲ ဖြစ်တာကို လူတိုင်း မြင်ချင်နေကြတယ်။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေက ဒေါ်စုကို သေတောင် အာဏာ မအပ်ဘူးလို့ ပြောဆိုနေတော့ လူတွေက တဘက်မှာလည်း စိတ်ဓါတ်ကျနေကြပါတယ်။ ဆက်ထောင်ချမယ်ဆိုပြီးလည်း ပြောနေကြပါတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား နိုင်ငံခြားသား တဦးမှ ရေကူးဝင်ရောက်ခဲ့သည့် သတင်းနှင့် ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် တရားစစ်ဆေးနေသော သတင်းမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် လူအများ အထူး စိတ်ဝင်စားနေသော သတင်းဖြစ်ပြီး ရေဒီယိုကို လက်ကမချဘဲ သတင်းဌာန တခုပြီးလျှင် တခုနားထောင်နေကြသည်ဟု သိရသည်။

ဖလောင်းချိတ်မြို့မှ ပန်းထိမ်ဆရာ မောင်ယိုင်ကလည်း “ ဗမာပြည်မှာထား ဒီမှာတောင် ကုလား ရခိုင် ပန်းသီးက အစ ဒေါ်အောင်ဆန်းစုကြည် သတင်းကို သိနေကြပြီး လူတိုင်း စိတ်ဝင်တစား ရှိနေကြပါ တယ်။ ဗမာ စကားကို နားမလည်ပေမယ့် ရခိုင်တချို့လည်း ရေဒီယိုတွေကို နားထောင်နေ ကြပါတယ်” ဟု ပြောသည်။

ဒေါ်စု ဖမ်းဆီးခံရသည့်အတွက် မြန်မာပြည်သူ အများစု စိတ်မကောင်း ဖြစ်နေကြသည့် အချိန်တွင် နောက်ထပ် ကျန်းမာရေး မကောင်းသည့် သတင်းထွက်ပေါ်လာသဖြင့် သူမ ကျန်းမာရေးနှင့် ပတ်သက်ပြီး လူထု အကြား အထူး စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။


No comments: