Thursday, May 28, 2009

ဒေါ်အောင်ဆန်း စုကြည်အမှု တရားခွင် ထွက်ဆိုချက်များ နအဖ သတင်းစာတွင် အပြည့်အစုံ မဖော်ပြ

မင်းနိုင်သူ / ၂၈ မေ ၂၀၀၉

ယမန် နေ့ တရား ခွင်တွင် ဒေါ်ခင်ခင်ဝင်း၊ မ၀င်း မမနှင့် မစ္စတာ ယက်တော တို့ကို စစ်မေး ခဲ့ရာ အဓိက အားဖြင့် မစ္စတာ ယက်တောကို စစ်မေးမှု ပြုခဲ့ကြောင်း အန်အယ်လ်ဒီ ပါတီပြော ခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

နံနက်ပိုင်း တရားခွင်တွင် ဒေါ်ခင်ခင်ဝင်း နှင့် မ၀င်းမမ တို့အား တနာရီ ခန့်စီ စစ်မေး ခဲ့ပြီးနောက် ညနေပိုင်း တရားခွင်တွင် မစ္စတာ ယက်တော တဦး တည်းကိုသာ အဓိက ထားစစ် မေးခဲ့သည်။

ထိုသို့ စစ်မေးရာ မစ္စတာ ယက်တောက ၎င်းအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ခြံသို့ ယမန်နှစ် နိုဝင်ဘာလ အတွင်း ကလည်း ၀င်ရောက် ခဲ့ဖူး ကြောင်း၊ ထိုစဉ်က ဒေါ်အောင်ဆန်း စုကြည်ကို မတွေ့ခဲ့ ရကြောင်း၊ အပြန်တွင် လမ်းလျှောက်ပြန် လာရာ လုံခြုံရေး အရာရှိ တဦးက တွေ့ရှိပြီး ၎င်းကို တစုံတခု လှမ်းပြော ကြောင်း၊ ၎င်းက ပြန်တော့မယ်ဟု ဆိုကာ ပြောဆိုပြီး ပြန်လာ ခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဒေါ်အောင် ဆန်း စုကြည်ကို အကြမ်း ဖက်သူ တစုက လုပ်ကြံမည့် အရေးကို မြင်သော ကြောင့် ဘုရား သခင်အလိုရ လာရောက်ရခြင်း ဖြစ်ကြောင်း ထွက်ဆိုသွား ခဲ့သည်ဟု ပါတီ ပြောခွင့်ရ သူ ဦးအုံးကြိုင်က ပြန်လည် ပြောပြသည်။

ထို့နောက် ယခုနှစ် မေလ (၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရန် အင်းလျားကမ်းစပ်တလျှောက် လမ်းလျှောက်လာစဉ်တွင်လည်း လုံခြုံရေးဝန်ထမ်း (၅) ဦးကို တွေ့ခဲ့ရကြောင်း၊ ထိုသူတို့က တားဆီးခြင်းမရှိဘဲ ခဲသေးသေးလေးများဖြင့် ၎င်းကို ပေါက်ကာ စနောက်ခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ၎င်းယူလာသော ပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် အိမ်မှ သိမ်းဆည်းရမိသောပစ္စည်းများမှာ ၎င်းမေ့ကျန်ခဲ့သော ပစ္စည်းများသာ ဖြစ်ကြောင်း၊ ၎င်းဓာတ်ပုံတချို့ ရိုက်ကူးခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်တို့ မသိရှိခဲ့ကြောင်း၊ နေအိမ်အတွင်း ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ကြိမ်သာ တွေ့ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေကို လေးစားလိုက်နာရန်နှင့် အမြန်ဆုံးပြန်ရန် စကားနှစ်ခွန်းကိုသာ နှစ်ကြိမ်စလုံး ပြောဆိုသွား ခဲ့ကြောင်း မစ္စတာယက်တောက ထွက်ဆိုခဲ့သည်။

“မစ္စတာယက်တောက သူဟာ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမယ့်အရေးကို မြင်တဲ့အတွက် ဘုရားသခင် အလိုကျ လာရောက်ရတယ်လို့ သုံးလေးကြိမ်ပြောတာကို အစိုးရဘက်က လူတွေက ရယ်တယ်တဲ့။ တရားခွင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးကြည်ဝင်းကို ပြောတယ်။ ဒီလို သူတပါး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုတာကို ပြက်ရယ်ပြုတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်” ဟု ဦးအုံးကြိုင်က ပြန်လည်ပြောဆိုသည်။

နအဖစစ်အစိုးရ၏ ယနေ့ထုတ်သတင်းစာများတွင် တရားခွင်ထွက်ဆိုချက်အချို့ကို ဖော်ပြခဲ့သော်လည်း မစ္စတာယက်တော၏ အထက်ပါထွက်ဆိုချက်များကို ချန်လှပ်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးတင်ဦး (အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ)၊ ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး)၊ ဦးကြည်ဝင်း (လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်မို့မို့တို့ သက်သေ ထွက်ဆိုရန် တင်ပြခဲ့သော်လည်း တရားသူကြီးက ဦးကြည်ဝင်းကိုသာ သက်သေထွက်ဆိုခွင့်ပေးကာ ကျန် (၃) ဦးကို သက်သေထွက်ဆိုခွင့် ပယ်ချခဲ့သည်။

“ဒီနေ့ ဦးကြည်ဝင်း (လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကိုစစ်မေးပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကို သောကြာနေ့မှာ စီရင်ချက်ချလိမ့်မယ်လို့လည်း အများက ယူဆထားကြပါတယ်” ဟု ပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

သက်သေထွက်ဆိုရန် ပယ်ချခံရသူတဦးဖြစ်သည့် ဦးဝင်းတင်က “သူတို့ဘက်က ပုဒ်မ ၂၅၇ အပိုဒ်-(၁) အရ တရားစီရင်မှုကို အဟန့်အတားဖြစ်စေမယ့် ပုဂ္ဂိုလ်များကို တားဆီးနိုင်တယ်ဆိုတဲ့ ဥပဒေအရပေါ့။ ကျနော် တို့ဟာ တရားစီရင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်၊ အဟန့်အတားဖြစ်စေနိုင်တယ်၊ တရားစီရင်မှုရဲ့ တရားမျှတမှုကို ပျက်ပြားစေနိုင်တယ်လို့ ယူဆနိုင်တဲ့သူတွေဖြစ်တဲ့အတွက် ပယ်တယ်ဆိုပြီးတော့ ပြောတယ်တဲ့။ ဒီအမိန့်နဲ့ပတ်သက်ပြီး ဘာကြောင့်ဒီလို ချတယ်၊ ဘာအကြောင်းပြချက်လည်း ဆိုတာကို မေးဖို့သွားတဲ့အခါကျတော့ တံခါးပိတ်ထားတယ်။ မေးခွင့်လည်းမရဘူး။ သွားခွင့်လည်းမရဘူး။ အဲဒါနဲ့ပဲ လက်ခံလိုက်ရတယ်” ဟုပြောသည်။

No comments: