Thursday, May 28, 2009

ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် မော်လမြိုင်ရောက်နေစဉ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

Kaowao မေ ၂၈၊ ၂၀၀၉။

မော်လမြိုင်(မေ-၂၈)။ ။ အပစ်ရပ် အဖွဲ့ အချို့နှင့် တိုင်းရင်းသား ခွဲထွက် လက်နက်ချ တပ်ဖွဲ့ ဝင်များ နယ်ခြား စောင့် တပ်ဖွဲ့ အသွင် ပြောင်းရေး ကိစ္စ အတွက် နေပြည်တော်မှ စစ်အစိုးရ စရဖ ညွှန်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် မော်လမြိုင်မြို့သို့ရောက်ရှိ နေစဉ် ယ မန်နေ့ နံနက် ၁၀ နာရီ ဝန်းကျင် ခန့်၌ ရွှေတောင် ရပ်ကွက်၊ ကန်းနားလမ်း အနီး ရေမြောင်း ငယ်တွင်၎င်း၊ မော်လမြိုင် ထောင်နှင့် မလှမ်း မကမ်း တွင်၎င်း၊ ညနေ ပိုင်း၌ မရမ်းကုန်း ရပ်ကွက်ရှိ မွန်ပြည်နယ် စသုံးလုံး ရုံးအနီး တွင်၎င်း ဗုံးသုံး ကြိမ်ပေါက်ကွဲခဲ့ သည်ဟု စရဖ အသိုင်းအဝိုင်းမှ ပြောကြားနေသည်။

အဆိုပါပေါက်ကွဲမှုများကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် စရဖ အရာရှိ ဒုတိယဗိုလ်မှူးကြီးမျိုးမြင့် G1 မှာ အရေး ယူခံရဖွယ်ရှိကြောင်း မော်လမြိုင်မြို့စစ်တပ်အသိုင်းအဝိုင်းများကြားတွင် ယူဆနေကြ၏။ အဆိုပါ စရဖ အရာရှိ ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်မှာ သတ္ထုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်၏ သားမက်တော်စပ်သည်ဟု သိရသည်။

စစ်အစိုးရ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ကရင်ခွဲထွက်အဖွဲ့၊ မွန်ခွဲထွက်အဖွဲ့တို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ ကိစ္စများကို အစီအစဉ်ချမှတ်ရန် လာရောက်ခြင်းဖြစ်သည်ဟု KPF မှ အမည်မဖေါ်လိုသော အရာရှိတစ်ဦးက ပြောပြခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် ကြိုတင်ချိန်းဆိုမရှိခဲ့သဖြင့် ၄င်းစရဖညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်အား ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု မယူဆကြောင်း မော်လမြိုင်မြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှ အရာရှိတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့ပါသည်။

လွန်ခဲ့သော မတ်လဆန်းပိုင်းက မွန်ပြည်သစ်ပါတီဗဟို အလုပ်သမှုဆောင်များဖြစ်ကြသည့် ဥက္ကဌကြီးနိုင်ထောမွန်၊ ဒုဥက္ကဌ နိုင်ရော့စ(နိုင်ရဿ)၊ တွဲဘက်အထွေထွေအတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ထာဝရ၊ နိုင်တလညီတို့နှင့် စရဖညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံခဲ့ကြရာတွင် မွန်ပြည်သစ်ပါတီ၏ သတ္တမ အကြိမ်မြောက်ညီလာခံမှ ချမှတ်ခဲ့သည့် မူအတိုင်း နယ်ခြားတပ်ဖွဲ့ကိစ္စကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို စစ်အစိုးရလုံခြုံရေး ဝန်ထမ်းများ အပြင်း အထန်စုံစမ်းနေဆဲဖြစ်ပြီး မြို့အဝင်အထွက်ဂိတ်များ၊ ဧည့်စာရင်းစစ်ဆေးမှုများ လိုအပ်သည်ထက် ပိုမိုလုပ်ဆောင် လာသည်ကို တွေ့ရနေရသည်။

No comments: