Monday, May 25, 2009

စွမ်းအားရှင်များ စရိတ်ငြိမ်းတနေ့ ၂ ထောင်ရ

ကြည်ဝေ Monday, 25 May 2009

အင်းစိန် ထောင်နှင့် အနီး တ၀ိုက်တွင် မေလ ၁၅ ရက်နေ့ နံနက်ပိုင်း ကတည်းက ယနေ့ထိ စွမ်းအားရှင်နှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင် ၅၀၀ ကျော်ခန့်ကို တရက် ကျပ် ၂ ထောင်နှုန်း နှင့် အခကြေး ငွေပေးကာ ငှားရမ်း ထားကြောင်း သိရသည်။

ထိုစွမ်းအားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များမှာ ဒေါပုံ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့တွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

“ဒေါပုံက ပါတယ်၊ ရွှေပြည်သာနဲ့ လှိုင်သာယာက ပါတယ်၊ နောက် အင်းစိန်ထဲက တချို့ပါတယ်။ သူတို့ကို မနက် ၈ နာရီဆိုရင် စုရပ်တွေမှာ သွားကြိုပေးရတယ်၊ နေ့လယ်စာကျွေးရတယ်၊ တနေ့ ၂ ထောင်ပေးရတယ်၊ တကယ်လို့ ပြဿနာဖြစ်တယ် ဖမ်းရမယ်၊ ရိုက်ရမယ် ဆိုရင် တယောက်ကို ၂ သောင်းပေးမယ်လို့ ပြောထား တယ်” ဟု အင်းစိန် အနောက် ရွာမ မှ ရယက အဖွဲ့ဝင်တဦးက ပြောပြသည်။

အဆိုပါအဖွဲ့တွင် အမျိုးသမီးများလည်း ပါရှိပြီး လူ ၄၀၀ ကျော်ကို အင်းစိန်ဈေးအရှေ့တွင် နေရာ ချထားကာ ကျန် ၅၀ ကျော်ကို အင်းစိန်အကျဉ်းထောင် ဘူးဝ၊ ဘုရင့်နောင်လမ်းမ များတွင် နေရာယူထားကြောင်း သိရသည်။

“အမျိုးသမီးတွေကတော့ ထိပ်တန်းအပေါင်ဆိုင်ရှေ့က NLD အဖွဲ့ဝင်တွေနားမှာ ကပ်ပြီး နေရာယူတယ်။ သူတို့က နည်းနည်းထူးခြားရင် လာပြောပေးတယ်” ဟု အဆိုပါ အဖွဲ့အတွင်းမှ ကြီးကြပ်ရေးမှူးတာဝန်ယူထားသူ တဦးက ပြောဆိုသည်။

၎င်းတို့၏ အဓိက တာဝန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကို စောင့်ကြည့်ရန်ဖြစ်ပြီး NLD ဘက်မှ လှုပ်ရှားမှု တစုံတရာ ပြုခဲ့ပါက ထိုအနီးတ၀ိုက်တွင် ၀ှက်ထားသော လက်ကိုင်တုတ်များနှင့် ရိုက်နှက်ရန်၊ ဖမ်းဆီး ချုပ်နှောင်ရန် တာဝန်ပေးထားကြောင်း သိရှိရသည်။

“တနေ့ ၂ ထောင်နဲ့ နေ့လယ်စာ ကျွေးမယ်ဆိုလို့ လိုက်လာတာ၊ ထိုင်စောင့်ကြည့်ရမယ်လို့ ပြောတယ်” ဟု အဆိုပါ စွမ်းအားရှင်အဖွဲ့တွင် ပါဝင်သော အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောသည်။ ၎င်းသည် လှိုင်သာယာ မြို့နယ်၊ ရွှေလင်ပန်းကျေးရွာက ဖြစ်ပြီး ကျဘန်းအလုပ်သမတဦးဖြစ်သည်။

သူနှင့်အတူ အမျိုးသမီး ၃၀ ကျော်ခန့်ပါဝင်ကြောင်း သိရပြီး ထိုအမျိုးသမီးများမှာ အင်းစိန်ဈေးရှေ့ တွင်လည်းကောင်း၊ ထိပ်တန်းအပေါင်ဆိုင်အနီးတွင်လည်းကောင်း နေရာယူထားကြသည်။

“သူတို့က အမြဲတမ်း NLD က လူတွေထက် ၁ ဆလောက်ပိုများအောင် ခေါ်ထားတယ်။ အဖွဲ့ချုပ်က လူ ၂၀၀ ဆိုရင် သူတို့က ၄၀၀ ကျော်လောက် ထားတယ်။ ဒါမှ လူအင်အားသုံးပြီး အနိုင်ယူနိုင်မှာ” ဟု အင်းစိန်၊ ပိန္နဲကုန်း ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

NLD ရုံးရှေ့နှင့် အနီးတ၀ိုက်တွင်လည်း တခြားသော စွမ်းအားရှင်အဖွဲ့ တဖွဲ့ ရှိသေးကြောင်း သိရှိရသည်။

ထိုစွမ်းအားရှင်အဖွဲ့မှာ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးရှေ့ရှိ ကျောက်ဆည်ဓမ္မာရုံထဲတွင် လည်းကောင်း၊ ရေတာရှည်လမ်းတို ထိပ်ရှိ လက်ဖက်ရည်ဆိုင်ထဲတွင် လည်းကောင်း အုပ်စု ၂ စုခွဲကာ နေရာယူထားကြောင်း သိရပြီး စုစုပေါင်း လူ ၅၀ ၀န်းကျင်ခန့်ရှိကြောင်း ရွှေဂုံတိုင်၊ ရေတာရှည်လမ်းတို့တွင် နေထိုင်သူ တဦးက ပြောဆို သည်။

၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းဖြစ်ပွားခဲ့သော လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ လမ်းလျှောက်ပွဲတွင်လည်း အေးချမ်းစွာ လမ်းလျှောက်လာကြသော NLD အဖွဲ့ဝင်များအား ၀င်ရောက် ရိုက်နှက်၍ ဖမ်းဆီးကာ ဒိုင်နာ ကားပေါ်သို့ ဆွဲတင်ခြင်းများကို ပြုလုပ်ခဲ့ကြသူများမှာလည်း နေ့လယ်စာကျွေး၊ နေ့စားခပေးကာ ငှားရမ်းထားသော ကြေးစားများဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုင်ငံခြားသားလက်ခံမှုဖြင့် တရားစွဲဆိုနေသည့် အချိန်တွင် NLD အဖွဲ့ဝင်ပေါင်း ၁၀၀ ၀န်းကျင်ခန့်နှင့် တခြား လာရောက် အားပေးသူများ အင်းစိန်ထောင်အနီးတွင် နေ့စဉ် ရှိနေကြသည်။

No comments: