Friday, May 29, 2009

ရုံးထုတ်သည့် သတ္တမနေ့

အောင်သက်ဝိုင်း

ဒေါ်အောင်ဆန်း စုကြည်ကို တရား ရုံးတင် စစ်ဆေး တဲ့ ၇ ရက် မြောက်နေ့မှာ သတင်း ထောက်တချို့ နဲ့ သံတမန် တွေ တရား ခွင်ကို ၀င် ရောက်ခွင့် ရခဲ့ပါ တယ်။ ဒါဟာ ဒုတိယ အကြိမ်မြောက် လေ့လာခွင့် ရခြင်း ပါပဲ။

နံနက်ပိုင်းမှာ အရာရှိတဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ် မြင့်သိန်းက သတင်းစာ ရှင်းလင်းပွဲ တရပ် ကျင်းပပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၆ လ သက်တမ်း တိုးပြီး ချုပ်နှောင်နိုင်တယ်၊ ဒါပေမဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အနေနဲ့၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဖြစ်နေတဲ့ အတွက် နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အမေရိကန် နိုင်ငံသား တဦးကို နေအိမ်မှာ လက်ခံမှုနဲ့ တရားစွဲတာကို လက်ခံရမှာ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း သိရပါတယ်။

အဆိုပါ ရှင်းလင်းပွဲကို တက်ရောက်တဲ့ သံတမန်တွေ၊ သတင်းထောက်တွေက မေးခွန်း ထုတ်ခွင့် မရဘဲ ပြောသမျှကိုပဲ နားထောင်လိုက်ရတယ်လို့ ဆိုပါတယ်။

နေ့လည် ၁၂ နာရီ ၀န်းကျင်မှာတော့ အင်းစိန်ထောင်ထဲက တရားရုံးကို သတင်းထောက်တွေ၊ သံတမန်တွေ ၀င်ရောက်ခွင့် ရကြပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်ကို သွားရောက် နားထောင်ခွင့် ရသူတွေထဲမှာ News Watch၊ 7 Day ၊ The Voice ၊ Trust အပါ အ၀င် ပြည်တွင်းသတင်း ဂျာနယ်တချို့က အယ်ဒီတာ စုစုပေါင်း ၁၄ ယောက်လောက် ပါဝင်တယ်လို့ သိရပါတယ်။

သတင်းသမားတွေ၊ သံတမန်တွေကို ကင်မရာ၊ အသံဖမ်းစက်တွေ ယူဆောင်ခွင့် မပြုတဲ့အကြောင်း
ကြိုတင် အသိပေးထားတယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင် အပြင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံတဲ့ အနေနဲ့ စောင့်ဆိုင်းသူ များပြားလာတယ် ဆိုပေမဲ့ အရေအတွက် ပုံမှန် မရှိပါဘူး။ တချို့ရက်များမှာ လူ ၅၀၀ ကျော် ရှိပေမဲ့ ဒီနေ့တော့ ၂၀၀ ကျော်ကျော်လောက်ပဲ တွေ့ရပါတယ်။

အင်းစိန်ထောင် အပြင်ဘက်မှာ အမှန် တကယ် တိုးပွားလာတာတွေကတော့ လုံထိန်း၊ ရဲ၊ စွမ်းအားရှင်၊ ကြံ့ဖွံ့ အသင်းဝင်တွေပဲ ဖြစ်ပါတယ်။

လုံထိန်းတွေ အပြည့် တင်ထားတဲ့ ဒိုင်နာကားကြီး ၅ စီး ကနေ ဆယ်စီး အထိ အုပ်စုဖွဲ့ပြီး အင်းစိန်ဈေးရှေ့က ပိတ်ထားတဲ့ လမ်းပေါ် ဖြတ်ပြီး မကြာခဏ ဆိုသလို အင်အားပြနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံတဲ့ လူတွေရှေ့ကို ရောက်ရင် ကားပေါ်ပါတဲ့ အနီရောင် လည်စီးနဲ့ လုံထိန်းတွေက သူတို့ကို ရန်လိုတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ လူငယ်တချို့ကတော့ လုံထိန်းကားတွေ ဖြတ်သွားတိုင်း “တောက်” တခေါက်ခေါက်နဲ့ပေါ့။

“ဒါ သက်သက် လုပ်တာ။ အင်အား ပြနေတာ။ ကျနော်တို့ကို ဒေါသ မထွက် ထွက်အောင် ဆွပေးနေသလိုပဲ” လို့ အင်းစိန် ဈေးရှေ့၊ မြင့်မိုရ်လမ်းထိပ်၊ ထိပ်တန်း အပေါင်ဆိုင်မှာ ထိုင်နေတဲ့ လူငယ်တဦးက ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးတဲ့ လူတွေကတော့ နေပူ မရှောင်၊ မိုးရွာ မရှောင် လာပြီး စုဝေးနေကြဆဲပါ။ ကျုံစင်ရွှေဆိုင်နားမှာ ရပ်နေတဲ့ စွမ်းအားရှင်တွေကလည်း ရုံးထုတ်တဲ့ ပထမနေ့ ကတည်းက လူတွေကို ရန်လို မုန်းတီးတဲ့ မျက်နှာနဲ့ ကြည့်နေခဲ့တာ ဒီနေ့ ၇ ရက် မြောက်တဲ့အထိ ပါပဲ။

အင်းစိန်မီးရထားဝင်းထဲမှာတော့ ရဲတွေ၊ စစ်သားတွေ ခြေချင်း လိမ်ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့် နေကြတယ်။ အင်းစိန်ဈေးကြီးမှာ ဆိုင်ခန်း အများစုက ပိတ်ထားတယ်။ သတင်း တပ်ဖွဲ့ဝင်တွေက ဈေးဆိုင်တွေမှာ အလုပ်သမားတွေလို၊ ဆိုင်ပိုင်ရှင်တွေလို အသွင်ယူပြီး စောင့်ဆိုင်းနေတယ် ဆိုတဲ့ သတင်းများလည်း ပေါ်ထွက်နေတယ်။

“ဈေးရောင်း မကောင်းဘူး။ လမ်းတွေ ပိတ်ကတည်းက ရောင်းမကောင်းဘူး” လို့ အင်းစိန်ဈေးထဲက တညင်းသီး၊ သရက်သီး၊ ငှက်ပျောသီးတွေ ရောင်းတဲ့ ပျံကျဈေးသည်တဦးက ညည်းတယ်။

မွန်းလဲ ၁ နာရီ မိနစ် ၅၀ ခန့်မှာ အင်းစိန်ထောင်ထဲကနေ ကုလသမဂ္ဂ ညှိနှိုင်းရေးမှုး ရုံးက ကားတစီး စ ထွက်လာတယ်။ အဲဒီနောက် ပြင်သစ်၊ ဗြိတိန်၊ တောင်ကိုရီုးယား အပါအ၀င် စုစုပေါင်း သံရုံးကား
၁၅ စီးကျော် ထွက်လာတယ်။ သတင်းထောက်တွေကတော့ ပထမအကြိမ် တုန်းကလို လမ်းလျှောက် ထွက်ခွင့် မရဘူး။ သူတို့ အကုန်လုံးကို ကားတွေနဲ့ ခေါ်ထုတ်သွားတာ တွေ့လိုက်ရတယ်။

အင်းစိန်ဈေးရှေ့မှာ ရောက်နေတဲ့ ၂၀၀ ၀န်းကျင် ရှိတဲ့ လူအုပ်က ထောင်ဘက်ကို လှမ်းမျှော်ကြည့်ပြီး ဒီနေ့ ရုံးချိန်း စောစောပြီးသွားတာကို သို့လောသို့လော တွေးတောနေကြတယ်။ “ဒီနေ့ တရားရုံးထဲကနေ သံတမန်တွေ၊ သတင်းထောက်တွေ ထွက်လာတာ အရမ်းစောတယ်။ ဘာဖြစ်လို့များ တရားရုံး အစောကြီး ဆင်းသလဲ မသိဘူး” လို့ အင်းစိန်ဈေးရှေ့မှာ နေ့စဉ် လာရောက် စောင့်ဆိုင်းတဲ့ အသက် ၄၀ ကျော် အမျိုးသား တဦးက မွေးခွန်းထုတ်နေတယ်။

အင်းစိန်ဈေးနားကို နေ့တိုင်း လာပြီး စောင့်ဆိုင်းကြတဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံ ကြတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ အရပ်သားတွေကို အကြမ်းဖက် နှိမ်နင်း၊ လူစုခွဲတာတွေ ဖြစ်လာနိုင်တယ် လို့ တချို့က သုံးသပ်ကြတယ်။ ဒီလ ၂၅ ရက်နေ့ထုတ် စာနယ်ဇင်းတွေမှာ ပါတဲ့ အချက်တွေကိုလည်း သူတို့က ထောက်ပြကြတယ်။

အင်းစိန်ဈေးတဝိုက်နဲ့ လူစည်ကားတဲ့ နေရာများမှာ အစိုးရ ဆန့်ကျင်ရေး ပိုစတာတွေ ကပ်မယ်၊ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်မယ်ဆိုပြီး သတင်းရတယ်လို့ စစ်အစိုးရက ချုပ်ကိုင်ထားတဲ့ စာနယ်ဇင်းတွေမှာ ဖော်ပြထားတယ်။ ရထား တစီးထဲမှာ ချိန်ကိုက်မိုင်းတလုံး တွေ့တယ် လို့တောင် ဖော်ပြထားတယ်။

စစ်အစိုးရက ဒီသတင်းကို အကြောင်းမဲ့ ထုတ်ပြန်တာမဟုတ်ဘူးလို့ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက သံသယရှိနေတယ်။

“ဒီလူအုပ်ထဲမှာ အကြမ်းဖက်သမားတွေ ပါတယ်။ ဒါကြောင့် အရေးယူမှုတွေ လုပ်ရမယ်။ ပြည်သူလူထု အေးချမ်း တည်ငြိမ်အတွက် လုပ်ရမယ် ဆိုတဲ့ သဘောမျိုး သတင်းစာထဲမှာ ပြောထားတာ ဆိုတော့ နေ့တိုင်း လာတဲ့ ကျနော်တို့ ပြည်သူတွေ အများကြီး သတိထားဖို့ လိုပါတယ်” လို့ သူက သုံးသပ်တယ်။

ထုံးစံအတိုင်း ဒီနေ့လည်း အင်းစိန်ထောင် အနီးတ၀ိုက်မှာ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့ အဖွဲ့ဝင်တွေ၊ အရပ်ဝတ် ရဲတွေ၊ လက်နက် အပြည့် အစုံ တပ်ဆင်ထားတဲ့ လုံထိန်းကားတွေ၊ အသင့် ရပ်ထားတဲ့ အချုပ်ကားတွေကို ထင်ထင် ရှားရှား တွေ့ရတယ်။

အင်းစိန်ထောင် ၀န်းကျင်ကို ချည်းကပ်လာသူတွေကိုလည်း ရဲသတင်းတပ်ဖွဲ့က အင်းစိန်မြို့မဈေး အပေါ်ထပ်က နေပြီး ဓာတ်ပုံရိုက်ယူနေတယ် ဆိုတဲ့ သတင်းတွေ ကြားရတယ်။

“လက်ကိုင်ဖုန်း ကိုင်တဲ့သူတွေ အဓိကထား စောင့်ကြည့်ခံရတယ်။ ဒီနားကို နေ့တိုင်းလာတဲ့ သတင်းထောက်တွေ ဆိုရင် ပိုပြီး စောင့်ကြည့်ခံရတယ်။ ဓာတ်ပုံရိုက်ခံရတယ်” လို့ အင်းစိန်ဈေးနားမှာ တွေ့ရတဲ့ အလွတ် သတင်းထောက် တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့ သတ္တမနေ့မှာ သတင်းယူတဲ့ စာနယ်ဇင်းသမားတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသူတွေဟာ အင်အားသုံး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။

အင်းစိန်ထောင်တွင်း တရားရုံးထဲက ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ဒဏ် ၅ နှစ် ကျနိုင်တဲ့ အမှုတခုကို ရင်ဆိုင်နေရပါတယ်။

No comments: