Friday, May 22, 2009

ရုံးထုတ်သည့် တတိယနေ့

အောင်သက်ဝိုင်း

ဒီကနေ့ မှာတော့ အရင်နေ့ တွေကလို မဟုတ်ဘဲ ဒေါ်အောင်ဆန်း စုကြည်ကို အားပေး ထောက်ခံကြတဲ့ အရပ်သူ အရပ်သား တွေ၊ အဖွဲ့ချူပ် အဖွဲ့ဝင်တွေက ပိတ်ဆို့ ထားတဲ့ အင်းစိန် မီးသတ် ရှေ့ကို မနက် ၁၁ နာရီ လောက်ကျမှ လာရောက်ကြ ပါတယ်။

အင်းစိန် ထောင်မှာ ပြည်တွင်း သတင်း မီဒီယာ ၅ ခုနဲ့ မြန်မာ နိုင်ငံသား နိုင်ငံခြား သတင်း ဌာနက သတင်း ထောက် ၅ ဦးကို ၀င်ခွင့်ပြု တယ် ဆိုတဲ့ သတင်းက အင်းစိန် မီးသတ် ရှေ့နား မှာ ရှိနေတဲ့ လူတွေ အကြား တိုးတိုး တမျိုး၊ ကျယ်ကျယ် တမျိုး ပြောဆို နေကြတယ်။

မနက် ၁၁ နာရီ ခွဲလောက် မှာတော့ သံရုံကား တွေတစီး ပြီးတစီး အင်းစိန် ခုံးတံတား ပေါ်က ဆင်းလာ တော့ လူတွေ အားလုံး မျက်နှာမှာ အပြုံး တွေကို မြင်ရ ပါတယ်။

“နောက်ဆုံးတော့ နိုင်ငံတကာဖိအားဆိုတာ အစိုးရနားလည်သွားပြီထင်ပါရဲ့”လို့ ဆိုပြီး အဖွဲ့ချူပ် အဖွဲ့ဝင်တဦးက လည်း အပြုံးနဲ့ပြောဆိုနေတယ်။

အင်းစိန်ထောင်ကို ၀င်ရောက်နေတဲ့ သံရုံးကားတွေဟာ နေ့လယ် ၁ နာရီထိုးတဲ့အထိ မစဲနိုင်ဘူး။ တစီးပြီး တစီး ၀င်နေတယ်။ ရာဂဏန်း ချီတဲ့ လူအုပ်ကြီးကလည်း အင်းစိန်ထောင်ထဲဝင်သွားတဲ့ သံရုံးကားတွေကို တစုံတရာ မျှော်လင့်သလိုမျိုး ကြည့်နေကြပါတယ်။

အဲဒီ နေ့လယ် ၁ နာရီကျော်လာတဲ့အချိန် အင်းစိန်မီးသတ်နားကို ရောက်လာကြတဲ့ လူအုပ်ကြီးက တဖြည်းဖြည်း များလာတယ်။

အင်းစိန်မီးသတ်ရှေ့လာရောက်ကြတဲ့ လူအုပ်ကြီးကို စောင့်ကြည့်နေသူ၊ ဓာတ်ပုံ မှတ်တမ်းတင်ရိုက်ကူးနေသူ အရပ်ဝတ် စစ်သားနဲ့ ရဲတွေကလည်း မနည်းပါဘူး။ အင်းးစိန်မြို့မဈေးကြီးရဲ့ အပေါ်ထပ်ကနေ ဓာတ်ပုံကင်မရာ တွေ၊ ဗီဒီယိုကင်မရာတွေ တဖျပ်ဖျပ်နဲ့ ရိုက်နေကြတာကို တွေ့ရတယ်။

အင်းစိန်မီးသတ်ရှေ့မှာရောက်နေတဲ့အဖွဲ့ချူပ်ဝင်တွေနဲ့ လူထုက မှတ်တမ်းတင်နေတဲ့ စစ်သား၊ ရဲ ၊ စွမ်းအားရှင် နဲ့ သတင်းပေးတွေ အားလုံးကို“ဖုတ်လေတဲ့ ငါးပိ၊ ရှိလေတယ်တောင်” သတိမထားကြ၊ အရေးမစိုက်ကြပါဘူး။

ကိုယ့်အတွေးနဲ့ကိုယ် ပြောစရာရှိတာပြော၊ ဆိုစရာရှိတာဆိုနေကြတယ်။ သူတို့အားလုံးမျက်နှာမှာ ကြောက်ရွံ့ ခြင်း တွေကင်းနေပြီး တသွေးတည်း တသားတည်းဆိုသလိုမျိုး ဓာတ်ပုံကင်မရာများ၊ ဗီဒီယို ကင်မရာ တွေနဲ့ မှတ်တမ်းတင်နေသူတွေဘက်ဆီ မျက်နှာမူပြီး ပြောင်ပြောင်တင်းတင်း မှတ်တမ်းတင်ခံနေကြတယ်။

နက်ပြာရောင် ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ လူငယ်တဦးက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းတပ်ဖွဲ့ ကလား၊ ထောက်လှမ်းရေးကလား မသိတဲ့ လူဘက်ဆီ မျက်နှာမူလို့ လက်နှစ်ချောင်းထောင်ပြပြီး သရုပ်ဆောင် ပြနေတယ်။
နေ့လယ် ၂ နာရီ ခွဲလောက်မှာ အင်းစိန်ထောင်ထဲက သံရုံးကားတွေ တစီးပြီး တစီးထွက်လာတော့ အင်းစိန် မီးသတ်ရှေ့က လမ်းဘေးဝဲယာမှာရပ်ပြီး စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးက ထွက်လာတဲ့ကားတွေကို စိတ်ဝင် စားစွာ ကြည့်နေကြပါတယ်။

သံရုံးကားတစီး ထွက်သွားတိုင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးတဲ့ ရဲတွေ၊ သတင်းထောက်တွေ၊ သာမန်အရပ်သူ အရပ်သားတွေက နေရာအနှံ့တွေ့နေရတယ်။ လူအုပ်ကြီးထဲမှာ အင်းစိန်ထောင်က ထွက်ခွာသွားတဲ့ သံရုံးကား တွေကို လက်နှစ်ဘက်ဝှေ့ယမ်း ပြသူပြနဲ့ နှုတ်ဆက်နေကြပါတယ်။

အဲဒီအချိန် အင်းစိန်ထာင်ဘက်ကို ရိုက်တာ သတင်းဌာန၊ ဂျပန်သတင်းဌာနတွေက မြန်မာသတင်းထောက်၊ ပြည်တွင်း သတင်းဂျာနယ်တွေက သတင်းထောက်တွေ အပါအ၀င် လူရှစ်ဦးကနေ ဆယ်ဦး လောက်ရှိတဲ့ သတင်း ထောက်အုပ်စုကြီး ထွက်လာတယ်။

အင်းစိန်ထောင်ဝင်ခွင့်ရခဲ့တဲ့ သတင်းထောက်အုပ်စုထဲမှာ ပါတဲ့ သတင်းထောက်တဦးက လက်မကို ထောင်လို့ စကားတခွန်းပြောလိုက်တယ်။

“အားလုံး အခြေအနေ ကောင်းတယ်”

အဲဒီ စကားက စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို နှစ်သိမ့်လိုက်တာလား၊ အမှန်တကယ်ပဲလားတော့ မသိရပါ။

အင်္ကျီအဖြူရောင်နဲ့ ယောထဘီဝတ်ဆင်ထားတဲ့ အဖွဲ့ချူပ်အဖွဲ့ဝင် အမျိုးသမီးကြီးတဦးကလည်း ...

“အမှန်တရား ဘက်တော်သားဆိုတာ ဘယ်တော့မှ မကျဆုံးဘူး”ဆိုတဲ့ စကားကို ပြောဆိုနေခဲ့ပါတယ်။



No comments: