Sunday, May 31, 2009

ဒီပဲယင်း (၆) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

ဉာဏ်မောင်

ဒီပဲယင်း အကြမ်းဖက် တိုက် ခိုက်ခံရ မှု (၆) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနား တရပ်ကို ထိုင်း - မြန်မာ နယ်စပ်၊ မဲဆောက်မြို့ တွင် ယနေ့ ကျင်းပ ပြု လုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည့်တို့ ဦးဆောင်သည့် လူထု စည်းရုံးရေး ခရီးစဉ် အတွင်း မုံရွာခရိုင်၊ ဒီပဲယင်း မြို့နယ်၊ ကျည်ရွာ အနီး အကြမ်းဖက် တိုက်ခိုက် ခံရ မှုတွင် ကျဆုံး သွားခဲ့ရသော အန်အယ်လ်ဒီ အဖွဲ့ဝင် များနှင့် ပြည်သူများ အတွက် အောက်မေ့ဖွယ် အခမ်း အနားကို ပြုလုပ် ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြမ်း ဖက်တိုက်ခိုက် ခံရမှုတွင် စစ်အစိုးရ ပါဝင် ပတ်သက် နေသည့် အတွက် ၆ နှစ်ကြာသည့် ယနေ့ အချိန်ထိ တရားခံ မ ပေါ်ဘဲ ဖုံးကွယ်ထား နိုင်ခဲ့တာ ဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက အခမ်း အနား တွင် ပြောကြားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည့်ရဲ့ လူထုစည်းရုံးရေးခရီးစဉ်တွေ အားကောင်းလာတဲ့အတွက် ပြည်သူနဲ့ တသားတည်းဖြစ်လာတာကို ခွဲဖို့ နအဖစစ်အစိုးရက ပြင်ဆင်မှုရှိရှိ ဆောင်ရွက်လာတဲ့ အချက်အလက်တွေ၊ ကျည်ရွာမှာ လူအင်အားအများကြီးနဲ့ ကားမီးတွေထိုးပြီး ညမှာ အော်ပရေးရှင်းတခုလို လုပ်ကိုင်နိုင်တဲ့ကိစ္စဟာ နအဖကိုယ်တိုင်ပါလို့ အထမြောက်တာဖြစ်တယ်၊ အခုချိန်ထိလည်း တရားခံမပေါ်ဘဲ ဖုံးအုပ်ထားနိုင်တာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါအခမ်းအနားကို ဦးဆောင်ကျင်းပရာတွင်ပါဝင်သည့် သံဃာတော် အရှင်ဣဿရိယက “ဦးဇင်းတို့နိုင်ငံမှာ မတရားမှူတွေ ကျူးလွန်ခဲ့တာကြာပြီ၊ အထင်ရှားဆုံးကတော့ ဒီပဲယင်းက မှတ်တိုင်တခုပါ၊ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ သတ်ဖို့လုပ်တယ်၊ အဲဒီမှာ အဖွဲ့ဝင်တော်တော်များများ သေဆုံးခဲ့တယ်၊ အဲဒီလို မတရားမှုတွေ ကျူးလွန်ခံခဲ့ရပေမယ့် ဒီနေ့အထိ အရေးမယူနိုင်သေးတာဟာ သံဃာတော်တွေရော ပြည်သူတွေရော ကမ္ဘာသူကမ္ဘာသားတွေအားလုံးမှာပါ တာဝန်ရှိတယ်” ဟု မိန့်ကြားသည်။

ဒီပဲယင်း (၆) နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲကို အဖွဲ့ချုပ်ဌာနချုပ်နှင့် ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မန္တလေးမြို့များရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များကလည်း ဒီပဲယင်းတွင် ကျဆုံးသူများအတွက် ရည်စူးကာ ဆွမ်းကပ်လှူဒါန်း၍ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြသည်။

No comments: