Friday, May 29, 2009

အမြီးမှန်း ခေါင်းမှန်း မကွဲတဲ့ စစ်ဗိုလ်ချုပ်ကြီးများ


ပြဿနာ တစုံတရာ တွေ့လာလျှင် အထူး သဖြင့် လူထုနှင့် တိုက်ရိုက် ပြဿနာ ဖြစ်လာလျှင် လက်နက် အားကိုး အကြမ်း ဖက်နည်းဖြင့် ဖြေရှင်း တတ်သော၊ သွေးထွက် သံယိုဖြစ်ပြီး၊ ဖန်တီး ပြီးမှ အကြောက် တရား သက်ဝင် လာစေပြီး ခွန်အား လက်နက်မဲ့ ပြည်သူကို ရက် စက်စွာ အုပ်ချုပ်သူ စစ်တပ် အတွက် ယခု ဂျွန်ဝီလျံ ယက်တော ပြဿနာ သည် နိုင်ငံတကာ မြင်ကွင်းတွင် တရား နည်းလမ်း တကျ လူကြီး လူကောင်း တို့၏ အသရေ ဖြင့် ချဉ်းကပ်ရ မည်ဖြစ်သော၊ ၎င်းတို့ ကျင့်သုံး နေကြ ပုံစံကို မည်သို့မှ အသုံးချ၍ မသင့်တော်သော နင်နေသည့် ပြဿနာ သစ်တရပ် ဖြစ်နေ တော့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံသားတဦးနှင့် မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် အမျိုးသမီးကြီးတို့၏ ကြိုတင်ပြင်ဆင်မထားသော တွေ့ဆုံမှုအပေါ် မည်သို့ဆုံးဖြတ်ပါမည်နည်း။

ဤကိစ္စသည် နိုင်ငံအတွက် မည်သို့ သက်ရောက်မည်နည်း။ ဤကိစ္စ၊ ဤပြဿနာသည် ၎င်းတို့ မည်သို့မှ မျှော်လင့်မထားသော နိုင်ငံရေးကျားကွက် ဖြစ်နေခဲ့၍ စစ်တပ်မှာ မည်သို့မည်ပုံ အမြတ်ထုတ်ရမည်ကို မရွေးတတ်၊ မဆုံးဖြတ်တတ် ဖြစ်နေပုံရသည်။ မည်သို့ဆိုစေ ကမ္ဘာ့မီဒီယာအားလုံး သတိပြုမိသွားသည့် မျက်ခုံးတွန့် စောင့်ကြည့်နေသည့် ပြဿနာဖြစ်လာသည့်အတွက် မြန်မာ့လူထုခေါင်းဆောင်နှင့် စစ်တပ်အာဏာရှင်တို့အကြား အားလုနေရသည့် ပြဿနာဖြစ်သည်ကား သေချာပေသည်။

အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်ကား ရိုးသားတည်ကြည်စွာ ပြဿနာကို အဆိုးအကောင်း နှစ်ဖက်စလုံးမှ ချဉ်းကပ်သည်။ ရရှိလာသော အနေအထားတွင်ဤ ခေါင်းဆောင်သည် အကျိုးရှိစွာ လှုပ်ရှားသွားမည်ကို ယုံမှားစရာမရှိပေ။ မိမိဆန္ဒအလျောက် တွေ့ဆုံခဲ့သော နိုင်ငံခြားသားမှာလည်း မည်သို့ပင်ဖြစ်စေ ကမ္ဘာကျော် မြန်မာစစ်အာဏာရှင်တို့၏ ကလိမ်ကျတတ်ပုံနှင့် နဖူးတွေ့ဒူးတွေ့ ကြုံရပြီ။ စစ်တပ်၏ အဆုံးအဖြတ် အာဏာ လက်ကိုင်ထားသူတို့မှာလည်း လုပ်နေကျအတိုင်း တဇောက်ကန်း ရှေ့တိုးမရ၊ ကြိုးတန်းပေါ် လမ်းလျှောက် နေရသူကဲ့သို့ သတိကြီးစွာ လှုပ်ရှားနေရရာ ကမ္ဘာ့အင်အားကြီးနိုင်ငံမှ နိုင်ငံသားတဦးအပေါ် မည်သို့ ဆုံးဖြတ်ချက် ချရမည်နည်း ဆိုသည်မှာလည်း မျက်လုံးဒေါက်ထောက် ကြည့်နေကြသော ကမ္ဘာ့သံတမန်များ၊ လူ့အခွင့်အရေးသမားများအလယ် ချွေးပြန်ဉာဏ်မထွက် ဖြစ်နေလေ၏။ လူကြီးလူကောင်း မျက်နှာဖုံး ကျွတ်မကျအောင် မနည်းထိန်းနေရသည်။ ၎င်းတို့ ရှေ့တိုးရန် ပြင်ဆင်နေသော ရွေးကောက်ပွဲကြီးအတွက် ဤပြဿနာသည် မည်သို့ အဆုံးသတ်မှ ကောင်းမည်နည်း ဆိုသည်ကို မစဉ်းစားနိုင်ဖြစ်နေပေမည်။

ကျွနုပ်တို့ ပြည်သူတရပ်လုံး၏ အမြင်နှင့် အတွေးကိုမူ ကြားဖြတ်ဖော်ပြချင်သည်။ အစစ်အမှန် လမ်းကြောင်းပေါ်တွင် မရှိသော ဒီမိုကရေစီ အနှစ်သာရကင်းမဲ့သည့် ရွေးကောက်ပွဲအတွက်၊ မည်သည့် ပြည်သူကမှ မထောက်ခံချင် ဖြစ်နေရာဝယ်၊ ဤ ကြိုတွက်မထားသော ပြဿနာပေါ်နင်း၍ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစေးမကပ်ဖြစ်နေသော အန်အယ်လ်ဒီ လူကြီးလူငယ်များတို့ အကျိုးအမြတ်ရှိမည့် အင်အားစုစည်းမှုကို ရယူနိုင်ပြီး ကမ္ဘာ့သံတမန်လောက၊ နိုင်ငံရေးအခင်းအကျဉ်းများ၊ စစ်တပ်ခုံရုံး တရားခွင်များမှတဆင့် အမျိုးသားလှုပ်ရှားမှုတရပ် ကျစ်လျစ်စွာ လှုပ်ရှားပြီး တစုံတရာသော ခရီးတခုကို ချီတက်နိုင်ရန် မျှော်လင့်ကြသည်။

သိက္ခာမဲ့ ရပ်တည်နေသော တရားမဲ့အုပ်ချုပ်နေသော စစ်တပ်ကို ရရာအခွင့်အရေး အသုံးပြုပြီး ထိုးနှက်နိုင်မှသာ အတိုက်အခံအင်အားစု၏ သက်ဝင်ရပ်တည်နေမှုနှင့် စွမ်းရည်ကို ပြည်သူတို့ အားရယုံကြည်နေနိုင်ပေလိမ့်မည်။

တဖန် စစ်တပ်၏ ခြေလှမ်းနှင့် ပြဿနာကို မည်သို့ ချဉ်းကပ်မည်နည်း ဆိုသည်ကို ပြန်ကြည့်လျှင် ၎င်းတို့ကလည်း ဤပြဿနာကိုနင်း၍ အကျိုးရှိ၊ အမြတ်ထွက်အောင် ဆောင်ရွက်ကြမည်။ သို့သော် ပြဿနာက သိမ်မွေ့သည့်အပြင် အကိုင်အတွယ် မတတ်ပါက ကိုယ့်ရှူးကိုယ်ပတ်မည့် အနေအထားဖြစ်သည်။ ထိုင်းဘုရင်ကို အကြည်ညိုပျက်စေသော နိုင်ငံခြားသားအမှုမျိုး မဟုတ်၊ လူထုခေါင်းဆောင်ကို ကိုယ့်သဘောနှင့်ကိုယ် သွားရောက်တွေ့ဆုံပြီး၊ စစ်တပ်အာဏာပိုင်တို့ကို မထီမဲ့မြင်လုပ်သွားသော ဖြစ်ရပ်ဖြစ်သည်။ ၎င်းသည် လူထု၏ အာရုံစိုက်မှုကိုလည်း အပြည့်အဝ ရစေသည့်အပြင် အင်အားကြီး နိုင်ငံကြီးသားမို့ လူ့အခွင့်အရေးကလည်း အပြည့်အဝ ရနေမည်။ ကမ္ဘာအရပ်ရပ်မှ မီဒီယာများကလည်း အာရုံစိုက်နေကြသည်မို့ ၎င်းကို ခပ်စပ်စပ်ကလေးလည်း ဆော်ချင်သော်လည်း အဆော်မတတ်လျှင် ဆူးကြားက ဘူးခါးဖြစ်မည်မို့ စစ်အာဏာရှင်တို့ အကြံအိုက်ပြီး ချွေးသုတ်နေရပေပြီ။

မည်သို့ပင်ဖြစ်စေ ဤ ဂျွန်ဝီလျံ ယက်တောကြောင့် အထိန်းချုပ်ခံခေါင်းဆောင်မှာ ဤရက်သတ္တပတ်အတွင်း ကမ္ဘာ့မီဒီယာများပေါ်သို့ ရောက်ရှိလာပြီး၊ ၎င်း၏ အေးဆေးတည်ငြိမ်သော လှုပ်ရှားတုံ့ပြန်မှု၊ ကျက်သရေ ကြီးမြတ်လှသော လူထုခေါင်းဆောင်တဦး၏ ခွန်အားပြည့်ဝမှုတို့ကို ပြည်သူတရပ်လုံးက အားရပါးရ ရှိနေကြတော့သည်မှာ မြန်မာလူထု၏ လက်ငင်းအမြတ်ပင် ဖြစ်တော့သည်။

ဂျွန်ဝီလျံ ယက်တောကြောင့် ပြည်တွင်းမီဒီယာများကို ချုပ်ကိုင်ထားသော စစ်တပ်အာဏာပိုင်တို့မှာ ယခု မီဒီယာများကို ပြန်လည်အားပြုပြီး၊ အမြတ်ရရန် မသေချာသော နိုင်ငံရေးကစားကွက်ကို ရွှေ့နေရလေပြီ။

လူထု၏ မေတ္တာကို အပြည့်အဝ ရထားသော လူထုခေါင်းဆောင်၏ အပြုံးတချက်၊ စကားတခွန်း၊ လက်တချက် ဝှေ့ယမ်းမှုလေးကပင် လူထုအတွက် အားမာန်ပြည့်ဝသော လှိုင်းလုံးကြီးကို တွေ့ရသည့်ပမာ ခံစားကြရသည်။

မကြာတော့သော ကာလဝယ် တရားမဲ့ လက်နက်အားကိုး အုပ်ချုပ်သော စစ်တပ်သည် ၎င်းတို့ တသက်လုံး မကျင့်သုံးခဲ့သော ဒီမိုကရေစီ၏ အရသာကို အပြည့်အဝ ခံယူချင်ပေလိမ့်မည်။ ဒီမိုကရေစီ၏ အကျိုးသက်ရောက်မှုကို ပြည်သူတို့၏ တရားခွင်တွင် ပထမဆုံး ခံစားရမည်။ ဤစစ်တပ်အာဏာပိုင်တို့သည် ပြည်သူတို့ဆီမှ တရားမျှတမှုကို အငမ်းမရ အပြည့်အဝ တောင်းဆိုကြပေလိမ့်မည်။

မတရား ပြုကျင့်သူတို့သည် ၎င်းတို့ အလှည့်တွင် တရားမျှတမှုကို ဟစ်အော်တောင်းဆိုကြပေဦးတော့မည်။

No comments: