Sunday, May 24, 2009

စစ်အာဏာရှင်ရဲ့ သက်ကယ်ဆေးလား၊ သက်ပျောက်ဆေးလား


စစ်အစိုးရ ကတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံခြားသား တယောက် နေအိမ် အတွင်း ဝင်ရောက် မှုနဲ့ ပတ် သက်ပြီး သူမအပေါ် ကန့်သတ် ထိန်းချုပ် ထားတဲ့ အခြေအနေ တွေကို ဖောက်ဖျက် ကျူးလွန်မှုနဲ့ ဖမ်းဆီး အရေးယူ တရား စွဲဆိုလိုက် ပါပြီ။ ဒီလုပ်ရပ် ဟာ မတော်တဆ ဖြစ်ပျက် သွားတဲ့ ဖြစ်ရပ် တခုပါလား၊ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်သွား တဲ့ ဖြစ်ရပ် တခု ပါလား။ နောက် ကွယ်မှာ အကြောင်းရင်း တခုခု ရှိနေပါ သေးသလား။ ကြိုးကိုင် ထိမ်းချုပ်သူ (Mastermind) တစုံတယောက် ရှိပါ သလား။ ဘယ် သူဖြစ်ဖြစ် အဲဒီလို စဉ်းစား ကြမှာပါပဲ။ စဉ်းစားလည်း စဉ်းစား သင့်ပါတယ်။

တိုက်ဆိုင်တာကလည်း အတော်လေး တိုက်ဆိုင်တယ်လို့ ဆိုရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားတဲ့ ဥပဒေပုဒ်မက တရားဝင် ခွင့်ပြုထားတဲ့ ကာလကလည်း ပြည့်လုဆဲဆဲ ဖြစ်နေပြီဆိုတာ အားလုံး အသိဖြစ်ပါတယ်။ စပြီးဖမ်းဆီးချုပ်နှောင်ထားတဲ့ အချိန်တုန်းကလည်း ဥပဒေနဲ့ ညီညွတ်ခဲ့တာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် လက်နက်နဲ့ အာဏာကို ချုပ်ကိုင်ပြီး တနှစ်ပြီးတနှစ် သက်တမ်းတိုးလာခဲ့တာ အခု သက်တမ်းထပ်တိုးဖို့ သူတို့လုပ်တဲ့ ဥပဒေအရကိုပဲ လုပ်လို့မရတော့တဲ့ အခြေအနေ ရောက်လာခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံတကာကလည်း ဥပဒေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုဖိအားပေးနေခဲ့ပါပြီ။ အဲဒီအချိန်နဲ့ ကွက်တိ တိုက်ဆိုင်နေတာ တွေ့ရပါတယ်။

တကယ်တော့ စစ်အစိုးရဟာ လက်နက်အားကိုး သူ့ရဲ့သဘာဝမှန်ကို ချုပ်ထိန်းဖုံးကွယ်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါကို ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီးက ပြသခဲ့ပြီး ဖြစ်ပါတယ်။

တရားဥပဒေအရ ရိုးရိုးသားသား သမာသမတ်နည်းနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်လို့ မနိုင်နိုင်မှန်းသိထားတဲ့ စစ်အာဏာရှင် အစိုးရဟာ သူရဲ့ အကြောက်တရားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ဖုံးလို့ မလုံနိုင်မှန်းလည်း သိသိကြီးနဲ့ကိုပဲ လက်သီးပုန်းနဲ့ထိုးပြီး ပွဲသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်ပဲ အစိုးရ ကြိုတင်ကြံစည် ကြိုးကိုင်ကျူးလွန်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးဖြစ်တဲ့ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး ပေါ်လာခဲ့ရတာပါ။

တဖက်ကလည်း ပြည်သူလူထုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် သူတို့ သုံးထားတဲ့ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ရေး၊ မက်လုံးပေး သွေးခွဲစည်းရုံးရေး နည်းရဲ့ ထိရောက်မှုကို သွေးတိုးစမ်းကြည့်လိုက်တာ ဖြစ်ပါတယ်။

တုံ့ပြန်မှုပေါ်မှာ မီးစင်ကြည့်ကဖို့ပဲ စဉ်းစားခဲ့တာပါ။ သူတို့ဟာ မီးစင်ကြည့်ကတဲ့ နည်းကိုပဲ သုံးနေတာလို့ စစ်အစိုးရ တာဝန်ရှိ ဗိုလ်ချုပ်တွေကိုယ်တိုင် ဝန်ခံပြောဆိုပြီး ဖြစ်ပါတယ်။ သူတို့ တကယ်ပဲ မီးစင်ကြည့်ကခဲ့တာပါပဲ။

အခုတကြိမ် ဖြစ်ရပ်ကတော့ သူတို့အသုံးပြုထားတဲ့ ဥပဒေ ပုဒ်မအရ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လည်း ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာက တောင်းဆိုလာကြပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ချောင်ပိတ်ဖမ်ပြီး၊ အပြီးသတ် ချေမှုန်းပစ်ရေးမှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မှန်ကန်တဲ့သတိ၊ သတ္တိနဲ့ အမျှော်အမြင်ရှိရှိ တုံ့ပြန်မှုကြောင့် ဘယ်လို တုံ့ပြန်ရရင် ကောင်းမလဲဆိုတာ အကြံရခက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရင် သူတို့ စစ်အာဏာရှင်စနစ် ရေရှည် တရားဝင် တည်မြဲရေးအတွက် ကျားကုတ်ကျားခဲ စနစ်တကျ ရေးဆွဲထားတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကိုလည်း မလွှဲမရှောင်သာ ပြန်ပြီး ပြင်ဆင်ပေးရမယ့် အခြေအနေ ဆိုက်ရောက်လာတော့မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နိုင်ရင်လည်း နိုင်၊ ရှုံးရင်လည်း နိုင် ဖြစ်အောင် စီစဉ်ထားတဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မဟာဗျူဟာကြီးလည်း ပျက်စီးဆုံးရှုံးရတော့မယ့်ကိန်း ဆိုက်သွားနိုင်တဲ့ အခြေအနေကို စစ်အစိုးရ ကြုံတွေ့နေရပါပြီ။

အဲဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ချခံနေရတဲ့ နေအိမ်ကို အမေရိကန်နိုင်ငံသား "ရက်တော" ဆိုသူက တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေကူးဝင်ရောက်သွားခဲ့ပါတယ်။ ဖြစ်ရပ်မှန် အကြောင်းရင်းမှန်ကို တတ်နိုင်သမျှ အချက်အလက်၊ အထောက်အထား ရအောင် ရှာဖွေစုဆောင်းပြီး စဉ်းစားကြရပါလိမ့်မယ်။ အမှန်ကန်နိုင်ဆုံး ဖြစ်တန်ရာခြေ အရှိဆုံးကို စဉ်းစားဖော်ထုတ်ဖွင့်ချပြီး အမှန်တရား၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်ကာကွယ်ကြရပါလိမ့်မယ်။

စစ်အစိုးရရဲ့ အခုလုပ်ရပ်ပေါ်မှာ ပြည်တွင်းက သည်းမခံနိုင်တော့ကြောင်း တုံ့ပြန်လာသံ တချို့ကို ကြားလာရသလို ပြည်ပရောက် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဘက်က တုံ့ပြန်ပြောဆိုလာတာတွေလည်း ကြားလာနေရပါပြီ။ သိပ်တော့ မကျယ်ပြန့်လှသေးပါဘူး။ အာဆီယံဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျား၊ အမေရိကန်နဲ့ နော်ဝေးနိုင်ငံခေါင်းဆောင်တွေရဲ့ သဘောထားတွေ၊ ကန့်ကွက်ပြစ်တင် ရှုတ်ချမှုတွေကိုလည်း ကြားလာရပါပြီ။ စစ်အစိုးရကတော့ မီးစင်ကြည့်ပြီး ကသွားပါလိမ့်အုံးမယ်။

ဒီနေရာမှာ ကျနော် အားရကျေနပ်လိုက်ရတဲ့ တုံ့ပြန်မှုတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ သုတေသနနဲ့ လေ့လာရေးဌာနက ထုတ်ပြန်လိုက်တဲ့ ဝေဖန်သုံးသပ်ချက် (၅/၂ဝဝ၉) ကို ကျနော် ဖော်ပြချင်ပါတယ်။



သိမ်ဖျဉ်းသေးနုတ်ပြီး ဆိုးညစ်သော လုပ်ဆောင်မှု
(၂ဝဝ၉ ခုနှစ်၊ မေလ ၁၅ ရက်)


အခြေအနေကား အိမ်ချုပ်ချထားသည့် အနေအထားမှ အင်းစိန်ထောင်သို့ပို့ပြီး ထောင်ချပစ်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ။ ထို့အပြင် (နအဖ) စစ်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်မှုနှင့် ဆိုးညစ်မှုများမှာ ကမ်းကုန်အောင် ပွင့်ကျခဲ့ပြီလည်း ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွန်ခဲ့သည့် ဧပြီလ (၂၈/၂၉) ရက်များတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ ယင်းအစည်းဝေးပွဲကို (နအဖ) စစ်အစိုးရဘက်က နှောင့်ယှက်မှု မရှိခဲ့။ ယင်းသို့ နှောင့်ယှက်မှုမရှိခြင်းမှာ (နအဖ) စစ်အစိုးရက သဘောထားကြီး လွန်းလှ၍မဟုတ်။ ဒီတစ်ခါ အစည်းဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂ ခြမ်းကွဲလိမ့်မည် ဟူသော အပိုင်တွက်ကိန်းနှင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်။ စေတနာဆိုးဖြင့် “ဟ” ပေးလိုက်ခြင်းသာ ဖြစ်သည်။

သို့သော်လည်း ထိုအစည်းဝေးတွင် (နအဖ) စစ်အစိုးရဆင်ထားသည့်အကွက်၊ တွက်ထားသည့် တွက်ကိန်းအတိုင်း ဖြစ်မလာခဲ့။ (နအဖ) စစ်အစိုးရ ဆင်ထား/တွက်ထားသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကွဲပြဲမသွားဘဲ ပျော့ပြောင်း၍ အမြော်အမြင်ရှိသော “ရွှေဂုံတိုင်ကြေညာချက်” ထွက်လာခဲ့ပါသည်။

မေလ နှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ချထားရာမှ လွှတ်ပေးရတော့မည်။ လွှတ်မပေး၍ မရတော့။ (နအဖ) စစ်အစိုးရက လွှတ်မပေးချင်။ တိုင်းပြည်နှင့် ပြည်သူ့အကျိုးကို ရှေ့ရှုထားသည့် ရွှေဂုံတိုင် ကြေညာချက်ကလည်း ထွက်လာပြီ။ မကြာခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လွတ်လာတော့မည်။ သို့ဖြင့် ၂ဝဝ၉ ခုနှစ် မေလ သည် ထိုသို့သော မျှော်လင့်ချက်များဖြင့် ဝင်းပနေတော့သည်။

“ရွှေဂုံတိုင်ကြေညာချက်” ကို စွဲကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူထုကို စည်းရုံးလှုပ်ရှားလာခဲ့သော် (နအဖ) စစ်အစိုးရ၏ ဖွဲစည်းပုံအခြေခံဥပဒေ (၂ဝဝ၈) သည် လည်းကောင်း၊ (၂ဝ၁ဝ) ရွေးကောက်ပွဲ အိပ်မက်သည် လည်းကောင်း ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရတော့မည်။ ယင်းအချက်သည် (နအဖ) စစ်အစိုးရအတွက် ထိပ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စကြီးဖြစ်သည်။

ယင်းသို့သော အခြေအနေတွင် ခိုးကြောင်ခိုးဝှက် ရေကူးဝင်လာသည့် “ယက်တော” သည် ရေနစ်တော့မည့် (နအဖ) စစ်အစိုးရအတွက် “ကောက်ရိုးတမျှင်” ဖြစ်ခဲ့ပုံရသည် သို့တည်းမဟုတ် “ယက်တော” နှင့် (နအဖ) စစ်အစိုးရတို့ လက်ဝါးချင်း ရိုက်အကွက်ဆင်ခဲ့ပုံလည်း ဖြစ်နိုင်စရာရှိသည်။

တကယ်တော့ (နအဖ) စစ်အစိုးရ အကြောက်ရွံ့ဆုံးကိစ္စမှာ “ရွှေဂုံတိုင်ကြေညာချက်” နှင့် လွတ်မြောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်တို့ ပေါင်းစပ်သွားပြီး ပြည်သူလူထုကြီး နိုးကြားထကြွလာကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂ဝဝ၈) နှင့် (၂ဝ၁ဝ) ရွေးကောက်ပွဲ ထိပါးခံရမည့် ကိစ္စသာဖြစ်သည်။ ဗိုလ်သန်းရွှေက အထိပါးမခံနိုင်ဟု မတ်လ (၂၇) ရက်နေ့က ဗြောင်ပြောထားပြီးလည်း ဖြစ်သည်။

သို့အတွက် ယခုကဲ့သို့ မတရားသဖြင့် (ပုဒ်မ ၂၂ အရ) စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

ထိုသို့ မတရားသဖြင့် စွဲချက်တင်လိုက်သဖြင့် အခြေအနေက ပိုပြီး တင်းမာရှုပ်ထွေးလာသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းပြည်နှင့် လူထုအကျိုး ရှေ့ရှုပြီး သင့်မြတ်ပြေလည်ရေးလက်ကို ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း (နအဖ) စစ်အစိုးရက အာဏာကို ဖက်တွယ်ပြီး အညှိုးအာဃာတဖြင့် ကျောခိုင်းပစ်ပယ်ခဲ့ပြန်ပြီ။

သို့ပါ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထားရှိသည့် ပြည်သူလူထု၏ ထောက်ခံမှု၊ စာနာထောက်ထားမှုများကို ခိုင်မာညီညွတ်သော အင်အားအဖြစ် ပြောင်းပြီး (နအဖ) စစ်အစိုးရ၏ ဖိနှိပ်မှု မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန်မှတပါး အခြားနည်းလမ်း မရှိတော့ပါ။

ဒါကတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးအတွက် စူးစူးနစ်နစ် ဆောင်ရွက်နေတဲ့ ပြည်ပရောက် နိုင်ငံရေးပါတီတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ရှင်းလင်းပြတ်သားတဲ့ အမြင်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံးရှိ ပြည်သူလူထုအားလုံးနဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ အားလုံးက ဒီလို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်နိုင်ကြဖို့၊ စစ်အာဏာရှင်အစိုးရရဲ့ မတရားဖိနှိပ်ညှဉ်းပမ်းမှုတွေကို ရဲရဲရင့်ရင့် ဆန့်ကျင်တွန်းလှန်ကြဖို့ဟာ ဒီကနေ့ အရေးအကြီးဆုံး ဖြစ်ပါကြောင်းနဲ့ သက်ကယ်ဆေးလို့ သူတို့ ထင်တဲ့ဆေးချက်ကို သူတို့ ထိုးလိုက်ပါပြီ။ သက်ကယ်ဆေး ဖြစ်၊ မဖြစ် ဆိုတာကိုတော့ မကြာမတင်မှာ မြင်သာထင်ရှား ဖြစ်လာမှာဖြစ်တဲ့အကြောင်း ....။ ။

No comments: