Tuesday, May 26, 2009

စစ်အစိုးရ ကန့်ကွက်ချက် ထိုင်းနိုင်ငံ ပယ်ချ

ဇာနည်ဝင်း Tuesday, 26 May 2009

အာဆီယံ အသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်း နိုင်ငံက ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် တောင်းဆို ကြေညာ ခဲ့ခြင်းမှာ မြန်မာ့ အရေးကို ဝင်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ဖြေရှင်းချက် ထုတ်လိုက် သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ တွင် ဖော်ပြ ထားသည်။

“ပြည်တွင်းရေးကို ဝင်စွက်တာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့သလိုပဲပေါ့၊ နိုင်ငံ အတော်များများက ဆန္ဒပြပွဲတွေ၊ တောင်ပိုင်း ဒေသက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်တယ် ဆိုပြီး ပြောကြတယ်။

ဘာကြောင့်လည်း ဆိုတော့ ထိုင်းမှာ ဖြစ်တဲ့ အခြေ အနေတွေက ဒေသတွင်း တည်ငြိမ်ဖို့ နဲ့ အာဆီယံ အသင်းကို ထိခိုက် နိုင်တယ်လေ” ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကဆစ်ဖိရုမ်းက ပြောသည်။

ဗီယက်နမ် နိုင်ငံတွင် ပြုလုပ် နေသော အာဆီယံ-ဥရောပ အစည်း အဝေး (အာဆမ်)တွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် လာမည့်နှစ် ရွေးကောက်ပွဲအတွက် အဓိကကျသည့် ခြေလှမ်းများဖြစ်သည်ဟု ဝန်ကြီး ကဆစ်ဖိရုမ်းက ထိုင်းနိုင်ငံ၏ ကြေညာချက်ကို ကာကွယ် ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၏ ထုတ်ပြန်ချက်ကို မြန်မာစစ်အစိုးရက အလေးအနက် ကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသား တဦး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို “ဥပဒေနှင့်အညီ မလွှဲမရှောင်သာ အမှုဖွင့် တရားစွဲဆိုခဲ့ရပါသည်” ဟု မြန်မာ စစ်အစိုးရ၏ ကန့်ကွက်ချက်တွင် ရေးသားထားသည်။

“အာဆီယံ အဖွဲ့အနေဖြင့် ဥက္ကဋ္ဌ၏ ကြေညာချက် အပါအဝင် ကြေညာချက်များ ထုတ်ပြန်မည်ဆိုပါက အဆင့်မြင့် အရာရှိကြီးများ အဆင့်တွင် မူကြမ်းကို ညှိနှိုင်း ရေးသားပြီး နိုင်ငံခြားရေးဝန်ကြီးများအဆင့်သို့ တင်ပြလျက် တူညီဆန္ဒ ရရှိမှသာ ထုတ်ပြန်နိုင်ပါသည်” ဟု မြန်မာအစိုးရက ဆိုသည်။

သို့သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကမူ ကြေညာချက်ကို အာဆီယံအသင်း၏ နိုင်ငံခြားရေး ဝန်ကြီးများ၏ သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောလိုက်သည်။

အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက်ကို မြန်မာ စစ်အစိုးရက ကန့်ကွက်သော်လည်း ဥရောပ ကော်မရှင်က ထောက်ခံခဲ့သည်။

No comments: