Monday, May 25, 2009

စစ်ဗိုလ်က ရယက ဥက္ကဋ္ဌကို ရိုက်နှက်

မေကျော် တနင်္လာနေ့၊ မေလ 25 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း သနပ်ပင်မြို့ နယ်ရှိ ကျေးရွာ ကောင်စီ ဥက္ကဋ္ဌ တဦးကို ဒေသ တွင်း တပ်စွဲထား သည့် ခြေမြန် တပ်ရင်း တ ခုမှ အရာရှိ ငယ်တဦးက ကိုယ်ထိ လက်ရောက် ထိုးကြိတ်မှု တရပ် ယခုလ ၂၁ ရက်နေ့ က ဖြစ်ပွား ခဲ့သည်။

ခမရ ၁ဝ၇ မှ ဗိုလ်ကြီး ညီညီအောင်သည် ကုလားချောင်းကြီးရွာမှ ရွာသားနှစ်ဦးအကြား ငွေကြေးပြဿနာကို လာရောက်ဖြေရှင်းရာ မပြေလည်ရာမှ ရယက ဥက္ကဋ္ဌ ဦးထွန်းတင်ထံမှ ဒီဇယ် ၁၅ ဂါလံဖိုး တောင်းယူသည့်အခါ မရရှိသဖြင့် ထိုးကြိတ်ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ ဦးထွန်းတင်မှာ ယခုအခါ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေရသည်။

ကျေးရွာကောင်စီဝင် ဦးတင်စိန်က ခမရ ၁ဝ၇ တပ်ရင်းမှူး၊ ပဲခူးတိုင်း ခရိုင်ကောင်စီ၊ မြို့နယ်ကောင်စီ သနပ်ပင်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ သနပ်ပင် တပ်ဆွယ်မှူး (စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဆွယ်)၊ သနပ်ပင်မြို့သတင်းတပ်ဖွဲ့ တာဝန်ခံသို့ အမှုဖွင့် တိုင်ကြားထားသည်။

အရက်သေစာ သောက်စားပြီး ရယက ဥက္ကဋ္ဌအား လက်နက်နှင့် ခြိမ်းခြောက်မှု၊ ကျေးရွာလူထု ကြည်ညိုမှု ပျက်ပြားစေရန် လုပ်ဆောင်မှုတို့ဖြင့် တိုင်ကြားခြင်း ဖြစ်သည်။

ပဲခူးတိုင်း ကျေးရွာအချို့တွင် လုံခြုံရေးအတွက် စစ်သားများကို ချလေ့ရှိရာ ရွာသားချင်း ငွေကြေးအမှု ဖြစ်သည့်အခါ ကာယကံရှင်များက တပ်အရာရှိထံ ဖြေရှင်းခိုင်းပြီး နှစ်ဦးနှစ်ဖက် ပြေလည်မှု ရပါက ဖြန်ဖြေခ ငွေတောင်းယူလေ့ရှိသည်။

ကုလားချောင်းရွာ အမှုအခင်း တရပ်တွင် နှစ်ဦးနှစ်ဖက် ပြေလည်မှု မရသလို၊ ငွေတောင်းရာ မရသဖြင့် ရွာဥက္ကဋ္ဌထံတောင်းခဲ့ပြီးနောက် ယခု ပြဿနာ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

''အခုဟာက အကြွေးရရင် ဘယ်လောက်ပေးမယ်ဆိုပြီး စစ်ဗိုလ်တွေကို ရွာတွေက ခေါ်ပြီး တောင်းခိုင်းကြတာ။ အခု အမှုဆိုရင် ငွေတသိန်း ပေးမယ်ဆိုပြီး ခေါ်လာတာလို့ ပြောတယ်'' ဟု သနပ်ပင် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားသည့် ဖြစ်စဉ်မှာ ဗိုလ်ကြီးညီညီအောင်သည် ကျေးရွာကောင်စီရုံး၌ သွားရောက်၍ အကြွေးကိစ္စဖြစ်နေသည့် နှစ်ဦးနှစ်ဖက်ကို ခေါ်ယူညှိနှိုင်းပေးသည့်အခါ ပြေလည်မှု မရသဖြင့် ဗိုလ်ကြီးက တိုင်ကြားသူ၏ နေအိမ်သို့ လိုက်သွားခဲ့သည်။

ထိုအိမ်မှနေ၍ စစ်သားတဦး စေလွှတ်ကာ ကျေးရွာ ဥက္ကဋ္ဌထံ ဓာတ်ဆီဖိုးဆိုကာ ငွေတောင်းသည်ကို ကျေးရွာတွင် ရန်ပုံငွေမရှိသဖြင့် မပေးနိုင်ကြောင်း ဥက္ကဋ္ဌက ကျေးရွာကောင်စီရုံးမှနေ၍ အကြောင်းပြန်ခဲ့သည်။

ထိုအခါ စစ်ဗိုလ်က ဥက္ကဋ္ဌအား သူ ရောက်နေသည့် နေအိမ်သို့ ဆင့်ခေါ်ကာ ထိုးကြိတ်ခဲ့သလို၊ နေပူထဲတွင် တနာရီခွဲခန့် ရပ်ခိုင်းထားပြီး သူ၏ ပစ္စတိုသေနတ်နှင့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟုလည်း ဒေသခံများက စွပ်စွဲပြောဆိုကြသည်။

စစ်ဗိုလ်က ဥက္ကဋ္ဌအား ကျပ်ငွေ ၃ သောင်း ပေးရမည်ဟု ထပ်မံတောင်းဖြင့် ဥက္ကဋ္ဌနှင့် အတူပါလာသူ ရာအိမ်မှူး ဦးပန်းဖူးက ငွေကို ရွာထဲမှ ချေးငှားကာ ပေးလိုက်သဖြင့် ယင်းနေ့ ညနေ ၇ နာရီခန့်တွင် ဥက္ကဋ္ဌကို ပြန်လွှတ်ပေးခဲ့သည်။

အမှုကို ပဲခူးတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် လှမင်း ကိုယ်တိုင် လာစစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။


No comments: