Saturday, May 30, 2009

ဘင်္ဂလာက မိုဘိုင်း လက်ကိုင်ဖုံးမှာ လာဒ်ယူ၍ အကောင်းဆုံး ပစ္စည်းဖြစ်

Narinjara News

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တာဝန် ကျနေသော နစက၊ ထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့၊ လုံထိန်း တပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသ အတွင်း အဓိက ထားပြီး စုံစမ်း ထောက်လှမ်းမူ ပြုလုပ် နေသော ကိစ္စမှာ မည်သူ ထံတွင် ဘင်္ဂလာဒေခ်ျ့ မှ လက်ကိုင်ဖုံး ကို အသုံး ပြု၍ ရှိ မရှိ ဆိုသည် ကိုပင် ဖြစ်သည် ဟု အမည် မ ဖေါ်လိုသူ စီးပွားရေး သမား တဦးက ပြောသည်။

“သူတို့က နယ်စပ် တလျောက်မှာ အဓိက ထား စုံစမ်း နေတာ ကတော့ သူပုန်တွေ၊ ဖေါက်ခွဲရေး သမား တွေနဲ့ ရာဇ၀တ်သား တွေကို မဟုတ် ပါဘူး။ လက်ကိုင်ဖုံး ဘယ်သူ့ဆီမှာ ရှိတ ယ် မရှိတယ် ဆိုတာ ကိုဘဲ ဖြစ်ပါတယ်။ ဘင်္ဂလာ လက်ကိုင်ဖုံး တလုံးကို ဖမ်းမိရင် အနည်းဆုံး ကျပ်ငွေ တသိန်းနဲ့ သုံးသိန်း အကြားမှာ သူတို့က လာဒ်ငွေ ရပါတယ်။ မပေးရင် ထောင်သုံး နှစ်ဆိုတော့ လက်ကိုင်ဖုံး အဖမ်း ခံရ သူတွေ ကလည်း ကြောက်ပီး ပေးကြ တာပါဘဲ။”

ယခု ကဲ့သို့ ဘင်္ဂလာဒေခ်ျ့ လက်ကိုင် ဖုံးများကို ဖမ်းဆီး ရမိပါက ကျပ်ငွေ တသိန်းမှ အထက်ကို ရရှိသဖြင့် ဘင်္ဂလာ လက်ကိုင် ဖုံးမှာ ဒေသ ဆိုင်ရာ အာဏာပိုင် များအား အထူး ရေပန်းစား နေသော လာဒ်ပေး လာဒ်ယူမူ ပြုလုပ်ရာ ပစ္စည်း ဖြစ်နေသည်။


“တချို့ မူဆလင်တွေရဲ့ ဆွေမျိုးတွေက ဆိုဒီအာရေဗီယားတို့ ဒူဘိုင်တို့ ယူအေအီးတို့မှာ သွားအလုပ် လုပ်ကြတော့ သူတို့က အဆက်အသွယ် လုပ်ဖို့ လက်ကိုင် ဖုံးမရှိလို့ မရဘူးလေ။ နိုင်ငံခြားကို ဆက်သွယ်တဲ့နေရာမှာ မြန်မာပြည်တွင်းက ဆက်ရင် ဈေးကြီးတဲ့အပြင် စိတ်မချရဆိုတော့ ဘင်္ဂလာက လက်ကိုင်ဖုံးတွေကိုဘဲ တင်သွင်းလာပြီး လျှို့လျို့ဝှက်ဝှက် သူတို့က အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေကလည်း ဒါတွေကို သိနေတော့ လက်ကိုင်ဖုံးရှိတဲ့ လူတွေကို လိုက်ရှာပြီး အတင်းငွေညစ်နေတာ ဖြစ်ပါတယ်။”

မြန်မာနိင်ငံတွင် CDMA ဖုံးတလုံး၏ တန်ဖိုးမှာ ၁၆ သိန်းရှိနေပြီး အဆိုပါ ဖုံးတလုံး အိမ်ကိုရောက်ရန်အတွက် မောင်တောမြို့တွင် လူတဦး အနေဖြင့် ကျပ်သိန်း ၂၀ ခန့် အသုံးပြုရသည်ဟု သိရသည်။ ဘင်္ဂလာမှ လက်ကိုင်ဖုံးများမှာ ဆိုင်းကဒ် အပါအ၀င် ကျပ်ငွေ တသိန်းဆိုလျှင် ကောင်းမွန်စွာ အသုံးပြုနိုင်သည်။

“ဘင်္ဂလာက လက်ကိုင်ဖုံးတွေက ဈေးလည်း ချိုတယ်။ ဆက်သွယ်ရင်လည်း သိပ်အကုန်အကျ မများတော့ လူတိုင်းလိုလိုက ဘင်္ဂလာ လက်ကိုင်ဖုံးတွေကို မောင်တော နယ်စပ်မှာ သုံးနေကြတာ ဖြစ်ပါတယ်။ အနည်းဆုံး မောင်တောမြို့နယ်မှာ ဘင်္ဂလာ လက်ကိုင်ဖုံး အလုံးပေါင်း တသောင်းကျော်ရှိနိုင်ပါတယ်။”

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မိုဘိုင်းလက်ကိုင်ဖုံးကို မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူသုံးစွဲနိုင်သဖြင့် မြန်မာနိုင်ငံသားများမှာ ဘင်္ဂလာဒေခ်ျ့သို့ လာရောက်လည်ပတ်ပြီး အပြန်တွင် မိုဘိုင်းများကို မြန်မာနိုင်ငံသို့ ယူဆောင်သွားကြသည်။

“ကျနော်တို့ သိရသလောက် ဘင်္ဂလာမိုဘိုင်းဖုံးကို မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ တချို့ရသေ့တောင်မြို့နယ်က အစိတ်အပိုင်း ဒေသ တချို့မှာ အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။ စစ်တွေက ဆိုရင်လည်း မေယုမီးပြနားက ပင်လယ်ပြင်ထဲကနေ သုံးလို့ ရတယ်လို့ ဆိုပါတယ်။ အဲဒီဖုံးတွေက တကမ္ဘာလုံးကို ခေါ်လို့ရတယ်ဆိုတော့ အရပ်သားတွေသာမက မောင်တောက နစက၊ ခရိုင်နဲ့ မြို့နယ် အဆင့်ရှိတဲ့ အရာရှိတွေလည်း သုံးနေကြတာပါဘဲ။”

လွန်ခဲ့သော ရက်အနည်းငယ်ကလည်း နစက နယ်မြေ (၃) တောင်ပြိုဝဲမှ စစ်ဦးစီး တပ်ကြပ် ကျော်မျိုးလတ်နှင့် အဖွဲ့မှ ကွမ်းသီးပင် ကျေးရွာအုပ်စု မဲဒီးကျေးရွာမှ ရွာသားနှစ်ဦး တို့ကို လက်ကိုင်ဖုံးများ တရား မ၀င်ကိုင်တွယ်မူဖြင့် ဖမ်းဆီထားပြီး ငွေ သုံးသိန်း တောင်းထားသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူများမှာ မိုဟာမတ် ရော်ဖိတ် (ဘ) အူလာမျာနှင့် မိုဟာမတ် တော်ယုတ် (ဘ) ဟာဗတ် အာမောက် တို့ ဖြစ်ကြသည်။


No comments: