Tuesday, May 26, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆင်နွှဲရန်ပြည်တွင်း ဗကသအဖွဲ့ချုပ်တိုက်တွန်း

NEJ / ၂၆ မေ ၂၀၀၉

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို မတရား အမှုဆင် ထောင်ချရန် ကြိုးပမ်း မှုအား မရပ်တန့် ပါက နအဖ စစ် အုပ်စုသည် (ရှစ်လေးလုံး) လူထု အုံကြွမှု ကဲ့သို့ အခြေအနေ မျိုးနှင့် မလွဲမသွေ ရင်ဆိုင်ရ မည်ဟု ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ပြောသည်။

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် နိုင်ငံခြား ရေးရာကော်မတီ တာဝန်ခံကိုမင်းနိုင်က “ပြည်တွင်း ဗကသ အဖွဲ့ချုပ် က နေပြီးတော့ ကျောင်းသား/သူတွေကို လှုံ့ဆော်ပန်ကြားတဲ့ ကြေညာချက်မှာ အဓိကတင်ပြထားတာက ဒေါ်အောင်ဆန်းစုကြည်ကို နအဖက မတရားအမှုဆင် ဖမ်းဆီးတဲ့အပေါ်မှာ ပြင်းပြင်းထန်ထန်ရှုတ်ချထားတယ်။ အန်အယ်လ်ဒီက တင်ပြထားတဲ့ ရွှေဂုံတိုင် ကြေညာ ချက်ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုထားတာဖြစ်တယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီကလည်း အပြည့်အ၀ထောက်ခံ လှုပ်ရှားသွားမှာဖြစ်တယ်” ဟု ပြောသည်။

၎င်းက “မကြာခင်လွှတ်ပေးရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲအတွက်ကို ပြင်ဆင်မှုရှိရှိနဲ့ အခုလို မတရားအကွက်ဆင်ပြီး ထောင်ချဖို့ ကြိုးပမ်းတာဖြစ်တယ်။ သူတို့ မျှော်လင့်သလို ဒေါ်စုကို ထောင်ထဲထည့်လိုက်ရုံနဲ့ မပြီးသွားပါဘူး။ ဗမာပြည်အခြေခံ ပြဿနာက ဒီနေ့ လူထုခံစားနေရတဲ့ ဒုက္ခသုတ်ခတွေပဲ ဖြစ်တယ်။ ဒီပြဿနာတွေ ရှိနေသရွေ့ နအဖ စစ်အုပ်စု အနေ နဲ့က လူထုရဲ့တိုက်ပွဲကို မလွဲမသွေ ကြုံတွေ့ရမှာ ဖြစ်တယ်။ တကယ့်အခြေခံ အကြောင်းတရားကတော့ လူထုထဲမှာ ရှိပါတယ်။ တွေ့ဆုံ ဆွေးနွေးရေးနည်းလမ်းကို မသုံးဘဲ အဓမ္မနည်းနဲ့ အာဏာကို ရယူဖို့ ကြိုးစားလာမယ်ဆိုရင်တော့ တကယ့် လူထု အုံကြွမှုကြီး တရပ်က တော့ မလွဲမသွေ ဗမာပြည်မှာ ပေါ်ပေါက် လာမှာ ဖြစ်တယ်” ဟု ပြောသည်။

ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာသမဂ္ဂများအဖွဲ့ချုပ်၏ ပန်ကြားချက်တွင် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အကြွင်းမဲ့လွတ်မြောက်ရေးအတွက် မိမိတို့ကျောင်းများ၊ ရပ်ကွက်များ တွင် နည်းမျိုးစုံဖြင့် မိခင် ဒေါ်အောင်ဆန်း စုကြည်လွတ်မြောက်ရေးအတွက် မတရားသည့်အမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အစုအဖွဲ့လိုက် ပုံစံမျိုးဖြင့် ဆင်နွှဲကြရန် တိုက်တွန်း နိုးဆော် ထားသည်။

No comments: