Friday, May 22, 2009

ကုလရုံးရှေ့တွင် သံဃာတော်များ ဆန္ဒပြ

ကုလရုံးရှေ့တွင် သံဃာတော်များ ဆန္ဒပြ

သောကြာနေ့၊ မေလ 22 2009 14:15 - မြန်မာစံတော်ချိန်

သံဃာတော်များက ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှု ယနေ့ ပြုလုပ်ခဲ့သည်။

၁၃ ပါးသော ရဟန်းများသည် မွန်းလွဲပိုင်းက မေတ္တာသုတ်ရွတ်ဆိုကာ “ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှု ပယ်ဖျက်ပေးရန်၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန်နှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန်” တောင်းဆိုခဲ့ကြသည်။

ယနေ့ ဆန္ဒပြမှုသည် ဒုတိယမြောက်နေ့ဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးရှေ့တွင် စစ်အစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
-----------------------------------------------------------------------------

မြန်မာကောင်စစ်ဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် ယက်တောကို သမုတ်

သောကြာနေ့၊ မေလ 22 2009 13:15 - မြန်မာစံတော်ချိန်

ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန် ရုံး၏ ဝဘ်ဆိုဒ်တွင် နေအိမ်ခြံဝင်း အတွင်းသို့ အခွင့် မရှိဘဲ ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်တော သည် ဒေါ်အောင်ဆန်း စုကြည်၏ ချစ်သူရည်းစား ဖြစ်နိုင် သည်ဟု စာရေးသား ဖော်ပြထားသည်။

အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားသော “ထောက်လှမ်းရေး လား ရည်းစားလား” ဆိုသော စာကို ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန် က လက်မှတ် ရေးထိုး ထားခြင်း ဖြစ်သည်။

“စာဖတ်သူများ ခင်ဗျား” ဟု အစ ချီထား သော စာတွင် “ဒေါ်အောင်ဆန်း စုကြည် နေအိမ်ကို အင်လျားကန်ကို ရေကူးပြီး ခိုးဝင်ခဲ့တဲ့ အမေရိကန် တယောက် အကြောင်း ကျနော်တို့ရဲ့ မိတ်ဆွေ အချို့က မေးမြန်း စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ သူဘာကြောင့် ရေကူးပြီး သူမဆီကို သွားတယ် ဆိုတာနဲ့ သူမရဲ့ အိမ်မှာ နေခဲ့တဲ့ အချိန် အတွင်း ဘာတွေ ဆွေးနွေး ခဲ့တယ် ဆိုတာကို သူတို့ မေးခွန်း ထုတ်ခဲ့ကြ ပါတယ်။” ဟု ရေးသားထားသည်။

တဆက်တည်းမှာပင် “မိတ်ဆွေများခင်ဗျား” အစချီကာ စာပြန်ထားဟန်ဖြင့် ” ရင်းရင်းနှီးနှီး ပြောရရင်ဖြင့် သူဟာ ထောက်လှမ်းရေး တယောက်လား၊ သူမရဲ့ ရည်းစားလား ဆိုတာကို အခုအချိန်မှာတော့ ကျနော်တို့ မသိရသေးပါဘူး။ ကျနော်တို့ ဆက်လက် လေ့လာပြီး ပြောပါမယ်။” ဟုဆိုကာ ရေးသားထားသည်။

အငြင်းပွားဖွယ်ရာ သံအမှုထမ်း ဦးရဲမြင့်အောင်သည် ရိုဟင်ဂျာများသည် “ဘီလူးလို ရုပ်ဆိုးသည်” ဟု ဆိုကာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း ယခုနှစ် အစောပိုင်းက ပြောခဲ့သူလည်း ဖြစ်သည်။
-------------------------------------------------------------------------

အင်းစိန်ထောင်အနီး စောင့်ကြည့် လေ့လာသူတဦး၏ ပြောပြချက်

သောကြာနေ့၊ မေလ 22 2009 13:05 - မြန်မာစံတော်ချိန်

“မနက် ၁၀ နာရီကတည်းက ရှေ့နေတွေက ဝင်သွားပြီ။ သံရုံးကတော့ မလာတော့ဘူး။ လုံခြုံရေးတွေ တင်းကျပ်တယ်။ အရင်တုန်းက မာဖီတွေနဲ့ ရှိသလို၊ ရဲကားတွေ လာချထားတာလည်း ရှိတယ်။ အချုပ်ကားတွေဘာတွေ ချထားတယ်။ မိုးက အခုတော့ စွေစွေပဲ ရွာနေ တာ။ မနက်ကတော့ တော်တော်များတယ်။ ရေတွေ ပါတယ်။ မနက်က တခါရွာတယ်၊ တခု တခါ ပြန်ရွာလာတာပေါ့။”

“အန်အယ်ဒီ အမျိုးသမီးအဖွဲ့တွေ လာတယ်။ ရန်ကုန်တိုင်းစည်းက လာကြတယ်။ အဖွဲ့ဝင် လူငယ်တွေ များတယ်။”

“ဘဘ ဦးဝင်းတင်က တမနက်လုံး ထိုင်နေတာ။ ခုနကမှ ပြန်သွားတာ။ ရုံးမှာ အစည်းအဝေး ရှိလို့လေ။ ပြန် လာ၊ မလာတော့ မသေချာသေးဘူး။ အစည်းအဝေးဆိုရင်တော့ နည်းနည်း ကြာတယ်လေ။”
----------------------------------------------------------------------------

ဦးအေးသာအောင်က တိုက်ရိုက်ဖြေဆိုချက်

သောကြာနေ့၊ မေလ 22 2009 13:00 - မြန်မာစံတော်ချိန်

“ထောင်နားက အတားအဆီး လုပ်ထားတဲ့ နေရာနားမှာ၊ အင်းစိန် ဈေးလယ်ရှေ့ မျက်နှာချင်းဆိုင် နေရာမှာ ဖြစ်ပါတယ်။ အဲဒီမှာ ရောက် နေတယ်။ ထောင်ဗူးဝနဲ့ ကိုက် ၅၀ လောက် ဝေးတယ်။ တရားရုံးကတော့ အဲဒီကနေ ကိုက် ၅၀ လောက် ဝင်ရဦးမယ်။”

“ဦးဝင်းတင်က အစည်းအဝေးရှိလို့ ပြန်သွားပြီ။ ကျနော်နဲ့အတူ တခြားလူတွေလည်း ပါပါတယ်။ ၁၁ နာရီကျော်ကျော်လောက်က ရောက်တာပါ။”

“လူတွေက လာပြီးတော့ စာနာစိတ်နဲ့ ထိုင်စောင့်ပြီး နေကြတဲ့ အခြေအနေပဲ ရှိတယ်။ … ရဲကားတွေကတော့ ၃ စီးလောက်ရှိတယ်။ ကားတွေကတော့ လမ်း ဒီဘက်မှာပေါ့။ အချုပ်ကား တစီး၊ ရဲလုံခြုံရေးက ၃ စီးပေါ့။ လုံခြုံရေးတွေက ဈေးဘက်မှာ။”
----------------------------------------------------------------------------------

ဦးအေးသာအောင် အင်းစိန်ထောင်အနီး ရောက်ရှိနေ

သောကြာနေ့၊ မေလ 22 2009 12:20 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်း စုကြည်၏ အမှု ကြားနာခြင်း ငါးရက်မြောက် နေ့ဖြစ်သော ယနေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) ၏ အတွင်း ရေးမှူး ဦးအေး သာအောင်လည်း အင်းစိန် ဈေးအနီး တွင် လာရောက် စောင့်ဆိုင်း လျှက် ရှိသည်။


မိုးများသည်းထန်စွာ ရွာသွန်းနေသလို လုံခြုံရေးများကလည်း တိုးမြှင့်ချထားရာ အချုပ်ကားများကို အဆင့်သင့် ခေါ်ဆောင်ထားသည်ကို တွေ့ကြရသည်။
----------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်အရေး ယူနက်စကိုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံစာပို့

ဒေါ်အောင်ဆန်း စုကြည်ကို ခြွင်းချက်မရှိ အမြန် ပြန်လွှတ် ပေးရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့၏ အထွေထွေ ညွှန် ကြား ရေးမှူး ချုပ်က မေလ ၂၀ ရက်နေ့က မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပြောကြား လိုက် သည်။

UNESCO၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ် ကိုရီချီယို မတ်ဆုရာက အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အင်းစိန်ထောင်မှာ ဖမ်းဆီးတရားစွဲဆို တာကို လုံးဝ လက်မခံနိုင်ကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ အဓိက အရေးပါတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ကြောင်းလည်း သူက ပြောကြားလိုက်သည်။

နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်ရတော့မယ့် အချိန်မှာ စစ်အစိုးရက အခုလို အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့ အပေါ်မှာ သူ့အနေနဲ့ စိုးရိမ်မိပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စာရေးသားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယူနက်စကိုက ပေးအပ်သော အကြမ်းဖက်မှု ဆန့်ကျင်ရေးဆိုင်ရာဆု -၂၀၀၂ကို ရရှိထားသူလည်း ဖြစ်သည်။
----------------------------------------------------------------------------

စမ်းချောင်း လမ်းဘေး ဓာတ်ဆီဆိုင်မီးလန့်
သောကြာနေ့၊ မေလ 22 2009 11:25 - မြန်မာစံတော်ချိန်

စမ်းချောင်းမြို့နယ် ဗဟိုလမ်း၊ ဝေဠုဝန်တိုက်တန်းများရှေ့ လမ်းဘေးဓာတ်ဆီဆိုင်တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဘုရားမီးပူဇော်သည့် ဖယောင်တိုင်အား ကတ္တရာစေး ဘူးခွံပေါ်တွင် တင်ထွန်းရာက မီးလောင်ခြင်းဖြစ်ပြီး အနီးနားရှိ လူအများ ဝိုင်းဝန်းငြိမ်းသတ်ရာက ၁၅ မိနစ်ခန့် အကြာတွင် ငြိမ်းသွားခဲ့သည်။
----------------------------------------------------


ဘန်ကီမွန်း မြန်မာနိုင်ငံ သွားမည်
သောကြာနေ့၊ မေလ 22 2009 10:31 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီး တရားစွဲဆိုနေသည့် ကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ မကြာမီ သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယင်းသို့ တရားစွဲဆိုနေသည့် ကိစ္စနှင့်ပတ်သက်၍ အလွန် စိုးရိမ်မကင်းဖြစ်ရပြီး သူမ အပါအဝင် အခြားနိုင်ငံရေး အကျဉ်းသားများကို အမြန်လွှတ်ပေးရန် နအဖ စစ်ခေါင်းဆောင်များကို ဆက်လက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက စီအန်အန် CNN ရုပ်သံဌာနနှင့် သီးသန့် မေးဖြေခန်းတခုတွင် ပြောခြင်းဖြစ်သည်။
----------------------------------------------------


ယက်တောကို သင်သိပါသလား
သောကြာနေ့၊ မေလ 22 2009 10:30 - မြန်မာစံတော်ချိန်

နေအိမ်အကျယ်ချုပ် ၆ နှစ်တာ သက်တမ်းပြည့်ခါနီး ကာလတွင် အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ ဖိတ်ခေါ်ခြင်းမရှိဘဲ ဝင်ရောက်သွားခဲ့သည်။

နေအိမ်အကျယ်ချုပ်ကာလအတွင်း ခွင့်ပြုချက်မရဘဲ ဧည့်ခံမှုဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားရာ ယနေ့တွင် ငါးရက်မြောက် အမှုကြားနာမည့်နေ့ဖြစ်သည်။

ကမ္ဘာကျော်ယခုအမှုခင်းတွင် ဇာတ်ကောင်တဦးဖြစ်သော မစ္စတာယက်တောအကြောင်းကို အသေးစိတ်သိသူ နည်းပါးလှသေးသည်။ သူက လူစွမ်းကောင်းအကြောင်း ဘာသာရေးစာအုပ်ရေးနေသူတဦးဖြစ်ပြီး ထိုင်းနိုင်ငံသို့လာရောက်ခဲ့ဖူးကာ စစ်အစိုးရအတိုက်အခံအချို့ကို တွေ့ဆုံခဲ့သူဟု သတင်းများက ရေးသားကြသည်။

အသက် ၅၃ နှစ်အရွယ် မစ္စတာယက်တောသည် မြန်မာနိုင်ငံသို့ မေ ၂ ရက်နေ့က လာရောက်ခဲ့ပြီး အင်ယားကန်အတွင်း တမိုင်ခန့်အကွာအဝေးကို ရေကူးဖြတ်ကျော်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းတွင်းသို့ ဝင်ရောက်ခဲ့သည်။

သူ့ကို ပြန်ခိုင်းသော်လည်း ရေကူးလာရ၍ အလွန်အမင်းမောပန်းနေ၍ အနားယူခွင့်ပြုရန် ပြောကြားကာ အဆုံးမှာတော့ နေအိမ်အောက်ထပ်တွင် အိပ်မောကျသွားခဲ့သည်ဟု ဆိုသည်။ သူသည် နေအိမ်အတွင်း နောက်တည နေခဲ့ဟန်ရှိပြီး ရေကူး၍ ပြန်ခဲ့ရာ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

စစ်အစိုးရကလက်ခံသော ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ထပ်မံတိုး၍ မရတော့သည့် အခြေအနေတွင် အမှုသစ်ဖြစ်ထွန်းလာခြင်းဖြစ်သည်။

မစ္စတာယက်တောသည် အမေရိကန်နိုင်ငံ ဖယ်လ်ကွန်း၊ မစ်ဆူရီ အရပ်တွင် နေထိုင်သူတဦးဖြစ်ဖွယ်ရှိသည်။

အကယ်၍ သင်သည် မစ္စတာယက်တောကို လူပုဂ္ဂိုလ်ချင်း တွေ့ဆုံဖူးသူ မြင်ဖူးသူ ဖြစ်လျှင် ဖော်ပြပါ အီးမေးလ် လိပ်စာအတိုင်း မဇ္ဈိမသို့ အကြောင်းကြားနိုင်ပါသည်။ mizzima@mizzima.com This e-mail address is being protected from spambots, you need JavaScript enabled to view it , editor@mizzima.com This e-mail address is being protected from spambots, you need JavaScript enabled to view it
----------------------------------------------------


ဒေါ်အောင်ဆန်းစုကြည် အထုပ္ပတ္တိ
သောကြာနေ့၊ မေလ 22 2009 10:28 - မြန်မာစံတော်ချိန်

တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဖိနှိပ်ခြင်းကို သူရဲကောင်းပီသစွာ ငြိမ်းချမ်းစွာ ကြံ့ကြံ့ခံနိုင်ခြင်း၏ အပြည်ပြည်ဆိုင်ရာ ပြယုဂ်တခု ဖြစ်လာခဲ့ပါသည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများအတွက် တနေ့တွင် နိုင်ငံ၏ စစ်အာဏာရှင် ဖိနှိပ်မှု အဆုံးသတ်ရမည်ဟူသော အကောင်းဆုံးနှင့် တခုတည်းသော မျှော်လင့်ချက်လည်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒီမိုကရေစီ လိုလားသော ခေါင်းဆောင်တဦး အနေနှင့် သူသည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်းမှ ၁၃ နှစ်ကျော်ကာလကို စစ်အစိုးရ၏ ထိန်းသိမ်းမှု ပုံစံအမျိုးမျိုး အောက်တွင် ဖြတ်သန်းခဲ့ရသည်။


အင်အားမဲ့တို့၏ အင်အား
၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုအတွက် သူသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးကော်မတီ ဥက္ကဌဖြစ်သော ဖရန်စစ် စီဂျက်စတက်က သူမအား “ ထင်ရှားသော အင်အားမဲ့တို့၏ အင်အား ဥပမာ တခု” ဟု ခေါ်ဝေါ်ခဲ့သည်။

နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင်ခဲ့ရပြီးနောက် ၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသို့ပြန်သွားခဲ့သည်။

သူပြန်ရောက်ပြီး မကြာခင်ပင် ရန်ကုန်မြို့တွင် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ၌ ပြန်လွတ်လာသည်အထိ ၆ နှစ်ကြာမျှ နေအိမ်အကျယ်ချုပ် အချခံခဲ့ရသည်။

ခရီးသွားကန့်သတ်ထားမှုကို အာခံသည့်အနေဖြင့် မန္တလေးသို့သွားရန် ကြိုးစားခဲ့စဉ် ၂ဝဝဝ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ်ချခဲ့သည်။

သူ့ကို ၂ဝဝ၂ ခုနှစ် မေလတွင် ချွင်းချက်မရှိ ပြန်လွတ်ပေးခဲ့သည်။ သို့သော် နောက်တနှစ် အကြာတွင် သူနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူများကို စစ်အစိုးရ လက်သပ်မွေးထားသော လူမိုက်အုပ်စုကြီးက တိုက်ခိုက်မှုဖြစ်ပွားပြီး သူ့ကို ထောင်တွင်း ထိန်းသိမ်းခဲ့သည်။

၂ဝဝ၃ ခုနှစ် စက်တင်ဘာလတွင် အမျိုးသမီးရောဂါနှင့် ခွဲစိတ်ခံရပြီးနောက် သူအား အိမ်သို့ ပြန်ပို့ခဲ့သည်။ သို့သော်လည်း နေအိမ်အကျယ်ချုပ်အဖြစ်နှင့်သာဖြစ်သည်။

၂ဝဝ၇ ခုနှစ်နွေရာသီတွင် လောင်စာဆီ ဈေးနှုန်းနှင့်ပါတ်သက်၍ ဆန့်ကျင်ဆန္ဒပြမှုများ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။ ၎င်းမှနောက်ဆက်တွဲတွင် အစိုးရမှ အကြမ်း ဖက်အဆုံးသတ်ခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။


သူ့ကို မမေ့နိုင်
ဒေါ်အောင်ဆန်းစုကြည် သည်စက်တင်ဘာလတွင် သူ၏အိမ်ရှေ့သို့ ကြွချီလာသော ဆန္ဒပြ သံဃာတော်များကို အိမ်ခြံဝင်းမှ ဖူးမျှော်ခဲ့သည်။၂ဝဝ၃ ခုနှစ်ကတည်းကဆိုလျှင် ပထမဆုံး လူထုရှေ့မှောက်သို့ ပေါ်လာခြင်းပင် ဖြစ်သည်။

၂ဝဝ၉ ခုနှစ်မေလ သူမ၏နောက်ဆုံးထိန်းသိမ်းထားမှု ကာလပြည့်ကာနီးအချိန်တွင် NLD မှသူ မတွင် သွေးအားနည်းရောဂါနှင့် ရေဓါတ်လျော့နည်းသော ရောဂါခံစားနေရသောကြောင့် သူမ အားလွတ်ပေးပါရန် စစ်အစိုးရအားအယူခံဝင်ခဲ့ရာ ပယ်ချခြင်းခံခဲ့ရသည်။


ထူးဆန်းတဲ့ အမှုတက်
မကြာသေးခင်ကာလက ကန်ကိုဖြတ်၍ရေကူးကာ သူ၏နေအိမ်ဝင်းခြံထဲသို့ ခိုးဝင်ခဲ့သော အမေရိကန် နိုင်ငံသားတဦးအား ဖမ်းဆီးမိခဲ့သည်။

ထို့နောက်ရက်အနည်းငယ်အကြာတွင် ထိုသူကိုဝင်လာရန် မဖိတ်ခေါ်ခဲ့သည်မှာ ထင်ရှားသော် လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အား ထိန်းသိမ်းထားစဉ် ကန့်သတ်ထားသည့် အခြေအနေ တို့ကိုဖောက်ဖျက်သည်ဟုဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုခဲ့သည်။

သူ့အား အင်းစိန် အကျဉ်းထောင်သို့ခေါ်ဆောင်သွား၍ မေလ ၁၈ ရက်နေ့တွင် သတ်မှတ်ထား သော အမှုကြားနာမှုကိုစောင့်နေရသည်။

ဝေဖန်ချက်များက ဖမ်းဆီးမှုသည် ၂ဝ၁ဝ တွင်ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအထိ သူမအားလူအများမျက်စိရှေ့မှောက်မှ ဖယ်ရှားထားရန် အကွက်ချစီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။


နေအိမ်အကျယ်ချုပ်မှာ ဘယ်လိုဖြတ်သန်းခဲ့လဲ
ထိန်းသိမ်းထားသည့် ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လေ့လာခြင်းများနှင့် အလုပ်ရှုပ်နေခဲ့သည်။

“ကျမအဖေရဲ့ သမီးတယောက်အနေနဲ့ ဖြစ်ပျက်နေတာတွေ အားလုံးကို မထူးခြားသလို ကျမ မနေနိုင်ပါဘူး“ ဟုဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခုနှစ်က ပြောခဲ့ပါသည်။

သူသည် တရားထိုင်သည်။ ပြင်သစ်စာ၊ ဂျပန်စာ ကျွမ်းကျင်မှုများအတွက် အလုပ်လုပ် နေခဲ့သည်။ ထို့နောက် စန္ဒရားတွင် ဂျာမန်တေးရေးဆရာ ဘက်ခ်ျ ၏ တေးများတီးရင်း အပန်း ဖြေတတ်သည်။

မကြာသေးခင်အချိန်များကူ သူသည်တခြား NLD မှလူကြီးများနှင့်လည်းကောင်း၊ ကုလသမဂအထူးသံတမန် ရာဇာလီ အစ္စမေးလ် ကဲ့သို့သော ရွေးချယ် ပေးထားသော သံတမန်များနှင့် လည်းကောင်း တွေ့ခွင့်ရခဲ့သည်။

သို့သော် ထိန်းသိမ်းခံရသည့် စောစောပိုင်းနှစ်များကမူ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ် တော်တော်များများတွင် တဦးတည်းသီးသန့်ခွဲထားခဲ့သည်။ ၁၉၉၉ ခုနှစ်က ကင်ဆာရောဂါနှင့် ဆုံးသွားခဲ့သော အင်္ဂလိပ်လူမျိုး ခင်ပွန်းနှင့် သားနှစ်ယောက်ကို ပင်တွေ့ခွင့်မရခဲ့ပေ။

သူ၏ခင်ပွန်း သေဆုံးခါနီး အိပ်ရာထဲတွင်လဲနေစဉ်တွင် သူ့အားစစ်အစိုးကအာဏာပိုင်များ ကခင်ပွန်းအား တွေ့ဆုံနိုင်ရန် အင်္ဂလန်သို့ပြန်ခွင့်ပြုမည်ဟု ကမ်းလှမ်းခဲ့သည်။ သို့သော်သူက နိုင်ငံသို့ပြန်လည်ဝင်ရောက်ခွင့်မပြုမည်ကိုစိုးသောကြောင့် တာဝန်အရငြင်းဆန်သင့်သည်ဟု ယူဆကာ ငြင်းဆန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းထားခြင်းကသူ၏ကျန်ရှိနေသောဘဝအား မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ကိုယ်စားပြုပေးရန် သူ့အားပိုမို၍ရည်စူးဆုံးဖြတ်လာ စေသည်ဟုမကြာခဏပြောလေ့ရှိသည်။

ကုလသမဂ္ဂ သံတမန် ရာဇာလီအစ္စမေးလ်က ဒေါ်အောင်ဆန်းစုကြည်သည် သူတွေ့ ဘူးသမျှ လေးစားအထင်ကြီးစရာအကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တယောက်ဖြစ်သည်ဟုဆို၏။


နိုင်ငံခြားတွင် နေထိုင်ရသောဘဝ
ဒေါ်အောင်ဆန်းစုကြည်အား လေးစား စိတ်ဝင်စားခံရခြင်း အကြောင်းအရင်း တော်တော်များများ မှာ သူသည် တိုင်းပြည်၏ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးမရခင် ခြောက်လခန့်အလို အပြောင်းအလဲကာလ ၁၉၄၇ ခု၊ ဇူလိုင်လ တွင်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ နှစ် နှစ်သမီးသာရှိပါသေးသည်။

၁၉၆ဝ ခုတွင် ဒေလီသို့ မြန်မာသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော မိခင်နှင့်အတူ အိန္ဒိယ သို့လိုက်ပါသွားခဲ့သည်။

လေးနှစ်ကြာသောအခါ အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် သို့ သွားရောက်၍ အတွေးအခေါ်ပညာ၊ နိုင်ငံရေးနှင့် စီးပွါးရေးတို့ကို သင်ယူခဲ့သည်။ ထိုတက္ကသိုလ်တွင် သူ၏ ခင်ပွန်းလောင်းနှင့် တွေ့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နှင့် ဘူတန်တို့တွင် စွဲမြဲစွာ နေထိုင်လုပ်ကိုင်ခဲ့ပြီးနောက် သားနှစ်ယောက် ဖြစ်သော အလက်ဇန်းဒါး နှင့် ကင်မ် တို့ကို ပြုစုပျိုးထောင်ကာ အင်္ဂလိပ်တက္ကသိုလ် ကျောင်းဆရာတယောက်၏ အိမ်ရှင်မအဖြစ် ဘဝအခြေချခဲ့သည်။

သို့သော် မြန်မာပြည်သည် သူ၏အတွေးမှ ဘယ်သောအခါမှ ဝေးကွာမသွားခဲ့။

ပထမပိုင်း အလွန်ဖျားနာနေသော မိခင်အား ကြည့်ရှု့စောက်ရှောက်ရန် ၁၉၈၈ ခုနှစ် တွင်ရန်ကုန်သို့ ပြန်ရောက်သွားခဲ့စဉ်က မြန်မာနိုင်ငံသည် အဓိကနိုင်ငံရေး ပြသာနာအပြောင်း အလဲများ ကြားတွင်ရှိနေခဲ့သည်။

ထောင်နှင့်ချီသော ကျောင်းသားများ၊ ရုံးအလုပ်သမားများနှင့် ဘုန်းတော်ကြီးများသည် ဒီမိုက ရေစီအပြောင်းအလဲအတွက် လမ်းများပေါ်သို့ထွက်၍ တောင်းဆိုနေကြသည်။

“ကျမအဖေရဲ့ သမီးတယောက်အနေနဲ့ ဖြစ်ပျက်နေတာတွေ အားလုံးကို မထူးခြားသလို ကျမ မနေနိုင်ပါဘူး“ ဟုဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခု သြဂုတ် လ၂၆ ရက်နေ့တွင်ရန်ကုန်၌ ပြောသော သူ၏ မိန့်ခွန်း၌ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီတွင် ထိုစဉ်ကအာဏာရှင် ဗိုလ်ချုပ်နေဝင်းကိုဆန့်ကျင် သောတော်လှန်ရေး ၏ဦးဆောင်မှုအခန်းဂဏ္ဌထဲသို့ တွန်းပို့ခြင်းခံလိုက်ရတော့သည်။

အမေရိကန် နိုင်ငံသားအခွင့်အရေးတောင်းဆိုမှု ခေါင်းဆောင် မာတင်လူသာကင်း နှင့် အိန္ဒိယမှ မဟတ္တမဂန္ဒီ တို့၏အကြမ်းမဖက်ရေးလှုပ်ရှားမှုများ ကိုအားကျအတုယူကာနိုင်ငံ အနံ့ သွာရောက်၍ တရားပွဲများပြုလုပ်စည်းရုံးခဲ့သည်။ လွတ်လပ်သော ရွေးကောက်ပွဲနှင့် ငြိမ်းချမ်း သောဒီမိုကရေစီ အသွင်ကူးပြောင်းလဲရေးတို့ကိုတောင်းဆိုခဲ့သည်။

သို့သော် ၁၉၈၈ ခုစက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော စစ်တပ်မှ ဆန္ဒပြ ပွဲများကိုရက်ရက်စက်စက် ဖြိုခွင်းခဲ့သည်။

စစ်အစိုးရသည် ၁၉၉ဝ ခု၊ မေလတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယှဉ်ပြိုင်ရန်အချက်များနှင့်မပြည့်စုံခဲ့ဘဲ၊ နေအိမ်အကျယ်ချုပ်ကျ နေခဲ့သော်လည်း သူမ၏ NLD ပါတီသည် မဲအပြတ်အသတ် အနိုင်ရခဲ့သည်။

သို့သော် စစ်အစိုးရသည် ထိန်းချုပ်ထားမှုကို လွဲပေးရန်ငြင်းဆန်ခဲ့၍ ထိုအချိန်ကတည်းက အာဏာကိုဆုတ်ကိုင်ထားခဲ့သည်။
( ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်ကို ကိုးကားပါသည်။)

No comments: