Friday, May 29, 2009
ဗိုလ်ချုပ်ကျော်သောင်း (သို့မဟုတ်) ဘဝတက္ကသိုလ်မှ တပ်မင်းကြီး - အပိုင်း (၄)
(၁၂)
ရန်သူ၏ စစ်ရေးအရ ထိုးစစ်ကြီး များ ဆင်လာမှု က ဆက်တိုက်ပင်….။ ရွှေလင်းယုန် စစ်ဆင်ရေး၊ မိုးဟိန်း စစ်ဆင် ရေးများ ချမှတ်ပြီး မြစ်ဝ ကျွန်းပေါ်အား ထိုးစစ် ဆင်၏။ ရွှေလင်းယုန် အဆင့် ၁.၂.၃.၄.၅.၆ ……။ မိုးဟိန်းအဆင့် ၁.၂.၃…..။ ရန်သူ၏ ဖြတ်လေးဖြတ် ကြောင့်လည်း သူတို့ သည် လူထုနှင့် အဆက်မရ….။ နောက်ဆုံး …. သူတို့ မြစ်ဝ ကျွန်းပေါ် တိုင်းမှ ဆုတ်ကြရန် ဆုံးဖြတ် ခဲ့ကြရ သည်။ သူတို့ အဖွဲ့တွင် ဗိုလ်ချုပ်မြမောင်လည်း ပါ၏။ အင်အားက ၁ဝဝ ကျော်မည်။ ရဲမေ ၃-၄ ယောက်လည်း ပါ၏။
မြစ်ဝကျွန်းပေါ်မှသည် …. ပဲခူးရိုးမသို့ …..။
လှိုင်မြစ်ကို ကူးကြ၏။ “ည” တွင် ကူးကြရခြင်း ဖြစ်သည်။ လှိုင်မြစ်ကို ကူးကြရပြီးနောက် သူတို့ တောလမ်းအတိုင်း ဆက်၍ ချီကြသည်။ နေထွက်လာပြီဆိုလျှင် … သူတို့ နားကြ၏၊ အိပ်ကြ၏။ တောထဲ၌ပုန်း၍ အိပ်ကြရခြင်း ဖြစ်သည်။ သူတို့ခရီးက လူမြင်ခံ၍ မဖြစ် …..။ သတင်းလုံခြုံမှုအား မျက်လုံးအိမ်သဖွယ် ထိန်းသိမ်းထားကြရသည်။ ည ရောက်လျှင် ခရီးထွက်။ နေ့ဆိုလျှင် …. အနားယူအိပ်စက်ကြနှင့် …… ၃ ရက်ခန့်ချီခဲ့ရာ … “အမလွတ်” ရွာသို့ ရောက်သည်။ “အမလွတ်” ရွာတွင်ပင် သူတို့ နားကြ၏။ လူထုက ကောင်း၏။ သူတို့ကို ဝက်ပေါ်၍ ကျွေး၏။ ၃ ရက်လုံးလုံး ထမင်းမစားခဲ့ရ။ လမ်းတွင် အငတ်ငတ်အပြတ်ပြတ်နှင့် လာခဲ့ကြရသည်။ “အမလွတ်” ရွာတွင် သူတို့ ၂ ရက်မျှ နားကြ၏။ အမလွတ်ရွာက မျှော်၍ကြည့်လျှင် ပဲခူးရိုးမကြီးကို မြင်ရ၏။ ည …. ညတွင်မူ သာယာဝတီ၊ သုံးဆယ်ဘက်မှ မီးရောင်များ မြင်ရ၏။ နောက်တနေ့ ညတွင် သူတို့ “အမလွတ်” မှ ထွက်ကြ၏။ “အမလွတ်” ရွာမှ ထွက်ခဲ့ပြီးနောက် သူတို့ ပြည်-ရန်ကုန် ရထားလမ်းနှင့် ကားလမ်းကို ကူးကြ၏။ ရထားလမ်းနှင့် ကားလမ်းက မျဉ်းပြိုင် ….။ ကားလမ်းနှင့် ရထားလမ်းအား သူတို့ သတိထား၍ ကူးကြရ၏။ သူ့အဖွဲ့ကို အရင်ကူးစေ၏။ ပြီးလျှင် ….. ဗိုလ်မှူးမောင်ချစ်၊ ဗိုလ်မှူးမြရင်…..၊ ဗိုလ်မှူးမြသိန်း….၊ ဗိုလ်ချူပ်မြမောင်….။
လမ်း၏ တဖက်တွင် ကိုင်းတောကြီး ရှိသည်။ ကိုင်းတောကြီးအတွင်း ကိုယ့်လူကိုယ် စစ်ကြရ၏။ လူစုံမှ သူတို့ ဆက်ထွက်ကြ၏။ ကိုင်းတောအတွင်းမှ သူတို့ တိုးထွက်ခဲ့ကြပြီးနောက် …. လယ်ကွင်းပြင်ကြီးအတွင်း ရောက်၏။ ကွင်းပြင်ကြီးက တမျှော်တခေါ် …. ကျယ်ပြန့်လှ၏။ ဤခရီး ဆုံးလျှင်မူ ….. အရှေ့တွင် ပဲခူးရိုးမ ….။
(၁၃)
ပဲခူးရိုးမတွင် သူက ပဲခူးရိုးမတိုင်း၏ စစ်ဆင်ရေးမှူး တာဝန်ယူရ၏။ တဖက်တွင်လည်း နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်ပြီး နိုင်ငံရေးသင်တန်းများ ပို့ချရသည်။ ယခင် မြစ်ဝကျွန်းပေါ်တိုင်းတွင် ရှိစဉ်ကလည်း သူသည် နိုင်ငံရေးသင်တန်းများ ပို့ချပေးခဲ့ရ၏။ မြစ်ဝကျွန်းပေါ်တိုင်း ခရိုင်အမှတ် (၂) နှင့် အမှတ် (၃) တို့တွင် ပို့ချခဲ့၏။ ခရိုင်အမှတ် (၂) က မြောင်းမြခရိုင်ဖြစ်ပြီး၊ အမှတ် (၃) ခရိုင်က ဟံသာဝတီခရိုင် ဖြစ်၏။ နိုင်ငံရေးမှူးတာဝန်နှင့် နိုင်ငံရေးသင်တန်းများ ပို့ချရသည့် တာဝန်များ ရှိလာသည့်အတွက် သူသည် နိုင်ငံရေးစာပေများအား လေ့လာဆည်းပူးရ၏။ နိုင်ငံရေးတွင်မူ သူ၏ လက်ဦးခေါင်းကိုင် ပုဂ္ဂိုလ်ကြီးက မန်းဘဇံဖြစ်၏။ အင်းစိန်တိုက်ပွဲ အပြီးတွင် ၂ နှစ်ခန့် သူသည် မန်းဘဇံ၏ ဘော်ဒီဂတ်အဖြစ်နှင့် အတူနေခဲ့ရင်း နိုင်ငံရေးအား လေ့လာထိတွေ့ခဲ့ရသည်။ လက်ဝဲစာပေကို သူသည် နှံ့နှံ့စပ်စပ်၊ ထဲထဲဝင်ဝင် လေ့လာခဲ့၏။ သူ၏ သင်တန်းတွင် …. မန်းဘဇံ၏ ကရင်တော်လှန်ရေး သင်ကြားချက်…။ ကွန်မြူနစ်မူဝါဒ ကြေညာချက်စာတမ်း …. စသည့် ဘာသာရပ်များကိုလည်း ထည့်၍ သင်ကြားပို့ချ၏။
ပဲခူးရိုးမတွင် နိုင်ငံရေးသင်တန်းများကို “တောင်ညိုစခန်း” တွင် သူ ဖွင့်လှစ်၏။ ခက်ခက်ခဲခဲ၊ ကျပ်ကျပ်တည်းတည်းပင်….။ ရိက္ခာက …. သင်တန်းသားတဦးလျှင် …. တနေ့ ဆန်နို့ဆီဗူး ….. ဗူးဝက်သာ ထုတ်ပေးနိုင်၏။ တခြား ဘာမှ မထုတ်ပေးနိုင်။ ရသည့် ဆန်နို့ဆီဗူး ….. ဗူးတဝက်ကို စားလို့ရသည့် အသီးအရွက်မှန်သမျှ ခူး၍ ရောပြုပ်ပြီး စားကြရ၏။
၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်နေဝင်းက “အထူးစစ်ဆင်ရေးဌာနချုပ်” တခုကို ဖွဲ့၏။ “ဗဟိုရိုးမ စစ်ဆင်ရေးဌာနချုပ်” ဟုလည်း ခေါ်သည်။ ပဲခူးရိုးမရှိ KNUP ၊ BCP နှင့် မဒညတကို စစ်ဆင်ရေးကြီး ဆင်နွှဲရန်အတွက် ဖြစ်သည်။ ဗိုလ်မှူးကြီးခင်အုန်း ….. ဗိုလ်မှူးကြီးသန်းတင်ကို ဌာနချုပ်မှူးများအဖြစ် တာဝန်ပေး၏။ စစ်ဆင်ရေးဌာနချုပ်က ပဲခူးရိုးမ စစ်ဆင်ရေးအား “အောင်စိုးမိုး စစ်ဆင်ရေး” နှင့် စ၏။
ပဲခူးရိုးမ တောင်ပေါ်တွင် ရွာပေါင်း ၃ဝ မျှ ရှိ၏။ ဖြူးချောင်းဖျားတွင် တောင်ပေါ်ရွာ ၇ ရွာ၊ ရဲနွယ်ချောင်းဖျားတွင်က တောင်ပေါ်ရွာ ၁၄ ရွာ၊ ပဲခူးချောင်းဖျားတွင် တောင်ပေါ်ရွာ ၉ ရွာ ရှိကြ၏။ ထိုရွာများကို တောင်ပေါ်မှ မြေပြန့်သို့ အတင်းအဓမ္မ ရွာလုံးကျွတ် ပြောင်းရွှေ့၏။ တောင်ခြေရှိ ရွာများမှ လူထုကိုလည်း တောင်ပေါ်သို့ တက်ခွင့်မပြု….။ တင်းတင်းကျပ်ကျပ် တားမြစ်၏။ ပဲခူးရိုးမကြီးက သီးသန့် ကန့်သတ်နယ်မြေဖြစ်၍ နေသည်။ ဤတွင် …. “အောင်စိုးမိုး” စစ်ဆင်ရေး စ၏။ ပဲခူးရိုးမခုခံစစ်၌ အမျိုးသမီး ရဲမေများသည်လည်း ရွတ်ရွတ်ချွံချွံ …. ရဲရဲဝံ့ဝံ့နှင့် တိုက်ပွဲဝင်ကြ၏။ KNUP မှ နမ့်ကျင်ရွှေ (ယခုကွယ်လွန်၊ ပဒိုမန်းရှာ၏ ဇနီး) BCP မှ (ဒေါ်) ညို (သခင်ချစ်သမီး)၊ (ဒေါ်)ခင်စိုးဝင်းနှင့် နန်းတင်ရွှေမှာ နာမည်ကြီး အမျိုးသမီး တိုက်ခိုက်ရေးမှူးများ ဖြစ်သည်။
(၁၄)
၁၉၇၄ ခုနှစ်တွင် မန်းဘဇံ ဦးဆောင်ပြီး “ရှိုးလူ” ကွန်ကရက်ကို ကျင်းပခဲ့၏။ “ရှိုးလူ” ကွန်ကရက်မှ ညီညွှတ်ရေး သဘောထားများ ချမှတ်နိုင်ခဲ့ကြသည်။ ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်တိုင်းတွင် အခြေပြုရှိနေကြသည့် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) ခေါင်းဆောင်သည့် KNUP နှင့် KNU ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ခဲ့ကြသည်။ ရှိုးလူ ကွန်ကရက်၏ အခြေအနေများကို ဗိုလ်ချုပ်မြမောင်က ကြေးနန်းနှင့် လှမ်းခေါ်ပြီး သူ့ကို ပြောပြ၏၊ ရှင်းပြ၏။ ရှေ့လုပ်ဆောင်ရမည့် အခြေအနေများကိုလည်း ဆွေးနွေး၏။ ထိုစဉ်က …. သူသည် ပဲခူးရိုးမ၏ ရှေ့တန်းတွင် ရန်သူ့တပ်မ (၇၇) နှင့် ရင်ဆိုင်၍ တိုက်ပွဲကို ကွပ်ကဲနေသည့် အချိန်ဖြစ်သည်။
ရန်သူသည် “အောင်စိုးမိုး” စစ်ဆင်ရေးကို အရှိန်မြှင့်၍ တိုက်၏။ ၁၉၇၅ ခုနှစ် မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် BCP ဥက္ကဋ္ဌ သခင်ဇင်နှင့် အထွေထွေအတွင်းရေးမှူး သခင်ချစ်တို့ တိုက်ပွဲအတွင်း သူရဲကောင်း ပီသစွာနှင့် ကျဆုံးခဲ့၏။ ကျောက်တံခါးမြို့နယ်အတွင်းရှိ “ဖွတ်ကျား” ချောင်းအနီး တိုက်ပွဲတွင် ဖြစ်သည်။ ဖွတ်ကျားချောင်းက ရဲနွယ်ချောင်းအတွင်း စီးဝင်သည့် ချောင်းလက်တက်တခု ….။
၁၉၇၅ ခုနှစ်၊ အောက်တိုဘာလတွင် သူတို့ ပဲခူးရိုးမမှ ဆုတ်ခဲ့ကြရ၏။ သူနှင့်အတူ ဗိုလ်ချုပ်မြမောင်လည်း ပါ၏။ အခြား KNUP မှ ခေါင်းဆောင်များလည်း ပါသည်။ သူတို့ …. ပဲခူးရိုးမမှ ဖာပွန်ခရိုင်ဘက်သို့ ဆုတ်လာကြသည်။ ၁၉၇၃ ခုနှစ်ကတည်းမှ တရုတ်ပြည်သို့သွားသည့် ဆရာကြီးစကောလယ်တောတို့၏ မြောက်ပိုင်းချီ အဖွဲ့သည်လည်း ပြန်ရောက်လာကြပြီး ဖာပွန်ခရိုင် “ ဒူးဒါးဂေး” ရွာတွင် ပဲခူးရိုးမမှ ဆုတ်လာကြသည့် သူတို့အဖွဲ့နှင့် ဆုံကြ၏။ KNUP ခေါင်းဆောင်များ၊ “ဒူးဒါးဂေး” ရွာတွင်ပင် ပါတီကွန်ကရက်ကို ကျင်းပရန် စီစဉ်ကြသည်။ ဤကွန်ကရက်က KNUP ၏ ဆဋ္ဌမမြောက် ကွန်ကရက်ဖြစ်သည်။ ပြီးလျှင် …. KNUP ၏ နောက်ဆုံးသော ကွန်ကရက်လည်း ဖြစ်သည်။ ဤကွန်ကရက်တွင် အမျိုးသား စည်းလုံးညီညွှတ်ရေးအတွက် KNUP ကို ဖျက်သိမ်းပြီး၊ KNU အတွင်း၌ တပေါင်းတစည်းတည်း ပူးပေါင်း၍ ကရင့်အမျိုးသားရေးကို လုပ်ဆောင်ကြရန် ဆွေးနွေးကြ၏။ KNUP ဖျက်သိမ်းရေးကို သဘောမတူသူတို့ အချို့ရှိ၏။ သို့သော် …. ကွန်ကရက်တွင်မူ အများစုက ဆန္ဒပြုသဖြင့် ဆုံးဖြတ်လိုက်ကြ၏။
`ဒူးဒါးဂေး´ ကွန်ကရက်ပြီးသည့်နောက် ….. ဗိုလ်ချုပ်မြမောင်နှင့်အတူ သူသည် `မာနယ်ပလော´ သို့ တက်ခဲ့၏။ `မာနယ်ပလော´ မှသည် ကရင့်တော်လှန်ရေးခရီး သူ … ဆက်၍ ချီမည်။
(၁၅)
မာနယ်ပလောသို့ ရောက်ပြီးနောက် ….. ရှေ့တန်းခံကတုတ်တခုဖြစ်သည့် `ဝမ်းခခံတပ်´ တွင် KNLA အထူးတပ်ရင်း ၁ဝ၁ ၏ အကြံပေးအရာရှိအဖြစ်ဖြင့် ရဲဘော်များနှင့်အတူနေ၍ ခုခံစစ် ဆင်နွှဲ၏။ တဖက်တွင်မူ KNU ၏ ဗဟိုကော်မတီဝင်တဦးအဖြစ်နှင့် နိုင်ငံရေးစည်းရုံးရေး တာဝန်များ ထမ်းဆောင်သည်။ ၁၉၉၁ ခုနှစ်တွင် KNU ၏ ၁ဝ ကြိမ်မြောက် ကွန်ကရက်ကို `မာနယ်ပလော´ တွင် ပြုလုပ်၏။ သူလည်း ကွန်ကရက်သို့ တက်ရောက်သည်။ ကွန်ကရက်မှ သူ့ကို ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးသည်။ သူ ဦးစီးကွပ်ကဲရသည့် KNDO တပ်ရင်းများက KNU ၏ ခရိုင်တိုင်းတွင် တပ်ရင်း တရင်းစီ ရှိကြ၏။
၁၉၉၅ ခုနှစ်တွင် `ဝမ်းခခံတပ်´ ကျ၏။ ဝမ်းခကျပြီးသည့်နောက် သူသည် ဒူးပလာယာခရိုင်သို့ ပြောင်းရွှေ့ခဲ့၏။ သူ၏ အသက်က ၇ဝ ပင် ကျော်လွန်၍နေပြီ …..။ စိတ်ဓာတ်က ကြံ့ခိုင်ဆဲ….။ ကျန်းမာရေးကလည်း ကောင်းသည်ဟု ဆိုရမည်။ KNDO ၏ စစ်ဦးစီးချုပ်တာဝန်များအား တတ်ကြွထက်သန်စွာ ထမ်းဆောင်ဆဲ….။ စခန်းသစ်နှင့် ဒူးပလာယာခရိုင်၏ အခြေခံစခန်းများ ကျခဲ့ရပြီးသည့်နောက်တွင်မူ သူသည် နို့ဖိုးဒုက္ခသည်စခန်းရှိ နေအိမ်တွင် မိသားစုနှင့် အနေများလာ၏။ ဇရာကလည်း သူ့အား ဖိစီးစပြုလာပြီ…..။ စိတ်ဓာတ်နှင့် ခန္ဓာ … အားပြိုင်မှုအကြား၌ သူသည် တော်လှန်ရေးသမားပီသစွာ ရှင်သန်နေဆဲ …..။ ဇရာက စက္ကန့်မခြား ရှေ့တိုး၍ သူ့ကို ထိုးနှက်လာသည်။ စိတ်ဓာတ်ရေးရာအရ ကြံ့ခိုင်ဆဲဖြစ်သော်လည်း ရုပ်ခန္ဓာက လျော့လျော့ရဲရဲ …..။ ပြိုကွဲစ ပြုလာလေပြီ……။ ၂ဝဝ၄ ခုနှစ်တွင် သူသည် KNDO စစ်ဦးစီးချုပ်တာဝန်မှ အနားယူလိုက်ရ၏။ ပြီးလျှင် ….. KNDO စစ်ဦးစီးချုပ်နေရာကို သူ၏ ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် မန်းကျော်ဖေသို့ လွှဲပေးခဲ့၏။ သူကား ….. KNDO စစ်ဦးစီးချုပ်သစ် ဗိုလ်မှူးချုပ် မန်းကျော်ဖေကို တွေ့တိုင်း တဖွဖွပြော၏၊ တသသမှာ၏။
`မန်းကျော်ဖေ …. မင်း ရေဒီယိုနားထောင်ပါ။ သတင်းစာဖတ်ပါ။ ပြည်တွင်းပြည်ပ အခြေအနေ လေ့လာပါ။ ကျရာတာဝန်ကို သတ္တိရှိရှိ လုပ်ပါ။ တော်လှန်ရေးကို တော်လှန်တဲ့ မျိုးချစ်သဘောတရားနှင့် ရင်းပြီးလုပ်ပါ။ ငါတို့ဟာ နိုင်ငံရေးအသိနှင့် တော်လှန်လာခဲ့ခြင်း ဖြစ်တယ်။ KNU မူနဲ့ ကင်းကွာတဲ့ အလုပ်မှန်သမျှ ဘာမှ မလုပ်ပါနဲ့။ ငါတို့နဲ့အတူ မကုန်ခမ်းနိုင်တဲ့အားဟာ တော်လှန်တဲ့ ပြည်သူလူထုမှာ ရှိတယ်။ လူမျိုးစု မဟာမိတ်မှာ ရှိတယ်။ ငါတို့ အမျိုးသားတွေအပေါ် စာနာထောက်ထားတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ရှိတယ်။ ဒါကြောင့် တော်လှန်ရေးအပေါ် သစ္စာရှိရှိ လုပ်သွားရင် အောင်ပွဲပန်းတိုင် မုချရောက်မယ်။ တော်လှန်ရေးကို သစ္စာရှိရှိ ဆက်လုပ်ပါ။ ငါ အသက်ကြီးပြီ။ ငါ မလှုပ်ရှားနိုင်တော့ဘူး။ ကိုယ်ထိလက်ရောက် မလုပ်နိုင်လည်း အကြံဉာဏ်ကိုတော့ သေတဲ့အထိ ပေးသွားမယ်။ မင်းတို့ကို ငါ ယုံကြည်တယ်။ တော်လှန်ရေးအောင်ပွဲခံတဲ့အထိ လုပ်ကြပါ´
၂ဝဝ၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သူ ကွယ်လွန်ခဲ့၏။ သူ၏ ရုပ်ကလာပ်ကို နှစ်ပေါင်း ၂ဝ တိတိ သူ တာဝန်ယူခဲ့သည့် အထူးတပ်ရင်း ၁ဝ၁ ၏ သူရဲကောင်းဗိမာန်တွင် ဂူသွင်းမြှုပ်နှံခဲ့၏။ မြေဝသုန်က ဂုဏ်ပြုအပ်သည့် သူရဲကောင်းတဦးကို ထွေးပွေ့ထားခဲ့ပြီ …..။
`ညလွှာကိုခွဲ
မှောင်ရိပ်မဲကြား
ပတ္တမြားပွင့်
မီးကျည်ပွင့်သို့
ရင့်ရင့် မောင်းမောင်း
ခေါင်းမော့ လည်ချီ
နှင်းဆီနီများ
အားကျစရာပါပဲလေ။ ။´
(ဝင်းတင့်ထွန်း၏ ``နိုးနေသော လင်္ကာသည်´´ မှ)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment