Monday, May 25, 2009

ဒေါ်အောင်ဆန်း စုကြည်အမှု တရားလိုပြ သက်သေ စစ်မေးမှု ပြီးဆုံး ဦးဝင်းတင် အပါအ၀င် သက်သေလေးဦး တင်သွင်းရန်ရှိ

NEJ / ၂၅ မေ ၂၀၀၉

ယနေ့ ဆဌမ မြောက် ရုံးချိန်းတွင် နအဖ စစ်အစိုးရ က ၎င်းတို့ တင်ပြ ထားသော သက်သေ (၂၃) ဦး အနက်မှ (၁၀) ဦးကို ပယ်ဖျက် လိုက်ခြင်း ဖြင့် တရားလိုပြ သက်သေ စစ်မေးမှု ကို အဆုံး သတ်စေ ခဲ့ပြီဖြစ် သည်။

“ဒီနေ့ ပြန်ခေါ်သက်သေ (၄) ဦးကို စစ်မေးတယ်။ နောက်စစ်မေးဖို့ကျန်နေတဲ့ အထဲက (၁) ဦးကို မေးတယ်။ နောက်ထပ် စစ်မေးဖို့ကျန်နေသေးတဲ့ သက်သေ (၁၀) ဦးကို အစိုးရကပယ်ဖျက်လိုက်တယ်တဲ့” ဟု အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီးများက ပြန်ခေါ်သက်သေ (၅) ဦးကို ထပ်မံစစ်မေး မှုပြုရန် တင်ပြထားသော်လည်း ယနေ့တွင် (၄) ဦးသာ စစ်မေးခွင့်ရခဲ့သည်။

မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး အမည်စာရင်းကို တင်သွင်းသွားမည်ဖြစ်ပြီး အဆိုပါ (၄) ဦးထဲတွင် ဦးဝင်းတင်၊ ဦးကြည်ဝင်း(အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်) ၊ ဦးတင်ဦး(အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ) တို့ ပါဝင်မည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

အမှုစစ်ဆေးရာ အထူးတရားရုံး၊ အကျဉ်းဦးစီးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များနှင့် ပြည်သူများသည် ယခင်နေ့များအတိုင်း အေးချမ်းစွာရှိကြပြီး လုံခြုံရေးအင်အားလည်း လျော့နည်းချထားကြောင်း မျက်မြင်တဦးက ပြောသည်။

“အရပ်ဝတ်လုံခြုံရေးတွေ နည်းသွားပေမယ့် လုံခြုံရေးကား (၃) စီးနဲ့ ၂က/၇၄၄၀ အချုပ်ကား (၁) စီး အသင့်အနေ အထား ရှိနေတာကို ထူးထူးခြားခြားတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ယနေ့နံနက် (၁၀) နာရီခန့်တွင် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်နှင့်ဇိုမီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်တို့ အင်းစိန် (အကစ) ရှေ့သို့ရောက်ရှိလာကြပြီး (၁၁) နာရီခန့်တွင် ပုံမှန်အစည်းအဝေးရှိသည့် အတွက် ဗဟန်း ရွှေဂုံတိုင်ရုံးချုပ်သို့ ပြန်သွားကြသည်။

ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်းတို့်မှ အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင်အချို့လည်း လာရောက်အင်အား ဖြည့်ကြသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုကို မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်တွင် စစ်မေးမှုများပြုလုပ်တော့မည်ဟု ယူဆရသည်။

No comments: