Wednesday, May 27, 2009

လူကိုသာ ထောင်ချ၍ ရမည်၊ ထိုသူ၏ ဂုဏ်သိက္ခာနှင့် ကြိုးပမ်း အားထုတ်မှုများကို ထောင်ချ၍ မရနိုင်


မြန်မာ နိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ရေကူး ဝိဇ္ဇာ တဦးကြောင့် အင်းစိန် ထောင်သို့ အပို့ခံရ သည် ဆို သော သတင်းသည် ကမ္ဘာ့ နိုင်ငံရေး လောကတွင် မြန်မာ စစ်တပ် အာဏာရှင် တို့၏ ကလေး ကလား ဆန်မှု၊ ယုတ္တိ ကင်းမဲ့မှု ကို မျက်ဝါး ထင်ထင် တွေ့မြင် စေလေ တော့သည်။

လွတ်ရက်စေ့ခါနီးမှ တိုက်ဆိုင်စွာ ဖြစ်ပေါ်လာသော ဤဖြစ်ရပ်၏ နောက်ကွယ်တွင် စစ်တပ်၏ ကျိုးကြောင်းမခိုင်လုံသော စွပ်စွဲချက်များ၊ တဖက်သတ် အဓမ္မပြုမူချက်များကို မြင်တွေ့ရရုံသာမက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်မှ ခေါ်ထုတ်၍ ထောင်ထဲသို့ သွင်းလိုက်သောအခါ မြန်မာ့နိုင်ငံရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွက် မည်သို့သော သက်ရောက်မှု ရှိလာနိုင်မည်ဆိုသည်ကို စောင့်ကြည့်ကြရပေဦးမည်။

အကြမ်းဖျင်း မှန်းဆကြည့်ရမည် ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြီးမားသော အာရုံစိုက်မှုကို ခံရမည်။ စစ်တပ်၏ လိုသလို သုံးနေသော ဥပဒေအပေါ် နိုင်ငံတကာ၏ အမြင်မှာ သုညအောက်သို့ ရောက်သွားမည်။ တိုင်းပြည် လူထုတရပ်လုံး လိုချင်နေသော ဒီမိုကရေစီအရေးအတွက် လှုပ်ရှားသူများကို နင်းသထက် နင်းလာသောအခါ တစုံတရာသော အတိုင်းအတာအထိ လူထုက တုံ့ပြန်လာကြပေလိမ့်မည်။

ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံများကို ဖိသတ်ထားသောကြောင့် တဖက်သတ် ရွေးကောက်ပွဲ၏ ဒီမိုကရေစီ အနှစ်သာရ ကင်းမဲ့သော ရလဒ်များကို လူထုက ဤအတိုင်း လက်ခံမည်မထင်။ တစုံတရာ တုံ့ပြန်ကြပေလိမ့်မည်။ တဦးတည်း ပြေးနေသော ပြိုင်ပွဲအတွက် ပန်းတိုင်တွင် ကြိုဆိုသူ မရှိနိုင်ချေ။

ရေကူးဝိဇ္ဇာက သူ့အစီအစဉ်အတိုင်းဖြစ်စေ၊ စစ်တပ်၏ အစီအမံအရဖြစ်စေ လုပ်ခဲ့သော လုပ်ရပ်သည် ပြည်သူလူထု၏ အတွေးအမြင်ကို များစွာရိုက်ခတ်သွားသည်။

အကယ်၍ ဤလူသားသည် သူ့ကိုယ်ကျိုးအတွက် ဆိုပါကလည်း ၎င်းကြောင့် ငိုက်မြည်းနေသူ ပြည်သူတချို့ မျက်စိကျယ်သွားစေသည်။ ထိန်းချုပ်ခံ လူထုခေါင်းဆောင်ကို ခိုးဝှက်တွေ့ဆုံပါက စစ်တပ်က မည်သို့ တုံ့ပြန်မည်နည်း။ တိုင်းပြည်လူထုထဲမှ ဤသို့ လုပ်ရပ်မျိုး ထပ်မံဖြစ်ပေါ်လာပါက ထိန်းသိမ်းခံ လူထုခေါင်းဆောင်များ၊ ရဲဘော်များအတွက် မည်သို့ အဓိပ္ပာယ် သက်ရောက်ပါမည်နည်း။ ထိန်းချုပ်ခံ ခေါင်းဆောင်များ၊ ရဲဘော်များက အဆိုးမြင်သဘော တုံ့ပြန်မည်လော။ ၎င်းတို့အား မတရားဖိနှိပ် ထောင်သွင်း နှောင်ဖွဲ့ထားသည်ကို လက်မခံနိုင်သူများက မကြောက်မရွံ့ လာရောက်တွေ့ဆုံပါက ထိုသူများအား အဆိုးပုံချမည်လော။ ငရမန်ကန်းလက် ရောက်နေသော စောလူးမင်းကို ကျန်စစ်သား ဝင်တွေ့သောအခါ စောလူးမင်းကဲ့သို့ ပြုမူမည်လော စသဖြင့် စဉ်းစားဖွယ်များစွာ ရှိလေသည်။

အကယ်၍ ဤလူသားသည် ၎င်းကိုယ်ကျိုးအတွက် မဟုတ်ဘဲ၊ ဒီမိုကရေစီခေါင်းဆောင်ကို တွေ့ခွင့်ရလျှင် ဘာဖြစ်ဖြစ် ခံမည်ဆိုပြီး လာရောက်တွေ့ဆုံပါက ၎င်းအတွက် ဒုက္ခမျိုးစုံကို ရင်ဆိုင်ပါမည်ဆိုပြီး စွန့်စားသူဖြစ်ပါက ၎င်းအပေါ် မည်သို့ သတ်မှတ်ကြမည်နည်း။

စစ်တပ်နှင့် အချိန်ကိုက် လက်ဝါးချင်းရိုက်၍ ဖန်တီးသူဖြစ်ခဲ့ပါမူ ၎င်းတို့ ကြံစည်ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တမင်သက်သက် အကွက်ဆင်၍ ထောင်သွင်းလိုက်ခြင်း ဖြစ်ပါမူ ကမ္ဘာ့ တရားခွင်လောကကို မထီမဲ့မြင် ဂရုမစိုက်သော၊ မလေးစားသော၊ လုပ်ချင်ရာကို ဥပဒေမဲ့လုပ်သော ၎င်းတို့၏ ဇာတ်ရုပ်ကို ပေါ်လွင်စေခဲ့လေပြီ။ ပြုသူတဦး၊ ခံရသူတဦး ဖြစ်နေလေပြီ။

ကမ္ဘာအရပ်ရပ်မှ တုံ့ပြန်လာမှုနှင့် မှတ်ချက်တို့ကိုမူ စဉ်းစားစရာ လိုမည်မထင်။ ၂ဝ၁ဝ မတိုင်မီ လှမ်းလာမည့် စစ်တပ်၏ ခြေလှမ်းကို ဗေဒင်မမေးဘဲ သိရှိထားပြီး ဖြစ်လေသည်။ အတိုက်အခံ လူထုခေါင်းဆောင်များသည် ၎င်းတို့အတွက် ခလုတ်ကန်သင်း၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများကို ယုတ္တိမဲ့ ပုဒ်မများ တပ်မည်၊ နှောင်ကြိုးတည်းမည်၊ ထောင်ထဲသွင်းပေမည်။ ၎င်းတို့ အလိုကျ အဖွဲ့အစည်းများကို ပြည်သူ့မျက်စိထဲ၊ နားထဲရောက်အောင် မီဒီယာမျိုးစုံသုံး၍ တွန်းပို့မည်။

၎င်းတို့ နောက်ကွယ်တွင် မည်သူတို့ ရပ်တည်နေသည်ကိုလည်း ပြည်သူတို့ကို သိစေမည်၊ ခြိမ်းခြောက်မည်။

သို့သော် ဒီမိုကရေစီကို ပင်ပမ်းကြီးစွာ ထုဆစ်နေသူ ပြည်သူ့ခေါင်းဆောင်ကို ထောင်သွင်းရုံဖြင့် ပြည်သူတို့ လမ်းကြောင်း ပြောင်းသွားမည်လော။ မတရား အာဏာသုံးပြီး ဖိနှိပ်လေလေ၊ ဖိနှိပ်ခံရသူဘက်မှ ရပ်တည်လာလေလေ ဖြစ်လိမ့်မည်။ ဒီမိုကရေစီ မိခင်သည်လည်း ရောက်ရာအရပ်တွင် ဒီမိုကရေစီ အလင်းရောင်ကို ထွန်းညှိရန် အားထုတ်နေပေလိမ့်မည်။ ထောင်နံရံသည် ဒီမိုကရေစီ အလင်းရောင်ကို ချုပ်နှောင်နိုင်မည်မဟုတ်။ ဒီမိုကရေစီ မိခင်၏ နှလုံးသား၊ ယုံကြည်ချက်၊ ပေးဆပ်မှုတို့ကို လျော့ကျသွားစေမည် မဟုတ်ပေ။ ပို၍ ပြောင်လက်သွားစေလိမ့်မည်၊ ပို၍ လင်းလက်သွားစေလိမ့်မည်။

အပြင်မှာရှိသော လူထုနှင့် ဒီမိုကရေစီ နိုင်ငံတော်ကို ထုဆစ်ဖန်တီးနေသူများကလည်း အခက်အခဲ ပြဿနာမျိုးစုံကို အင်အားအပြည့်ဖြင့် စိန်ခေါ်ဖြေရှင်းပေလိမ့်မည်။ စစ်တပ်၏ မတရားသော လုပ်ရပ်များအတွက် ၎င်းတို့၏ ခေါင်းဆောင်အတွက် သွေးပွက်ကြပေလိမ့်မည်။

အမှောင်သည် အလင်းရောင်ကို ထုပ်ပိုးထား၍ မရနိုင်။

အလင်းရောင်သည် သူ၏ ကိုယ်ပိုင်အရှိန်အဝါနှင့် ထိုးထွင်းလာပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ယခုပြဿနာသည် ဘက်ပေါင်းစုံမှ စဉ်းစားရခက်မည် ဖြစ်သော်လည်း ၎င်း၏ သက်ရောက်မှုကို မကြာမီ တွေ့မြင်ရပေလိမ့်မည်။ ထောင်သည် အမှန်တရားကို ရှာဖွေဖော်ထုတ်သူတို့အား၊ အားနည်းသူတို့ဘက်မှ ရပ်တည်နေသူတို့အား၊ အရှိန်အဝါ ပိုပြင်းစေသော ပိုမိုလင်းလက် တောက်ပြောင်စေသော အရောင်တင်ရာ နေရာတခုသာ ဖြစ်တော့သည်။ ထိုသူတို့အတွက် ထောင်သည် အနှောင်အဖွဲ့မဟုတ်၊ အမှန်တရားအတွက် ကြိုးပမ်းရင်း ရရှိလာသော မြင့်မြတ်သော ဘုံတခု ဖြစ်သည်။ အဓမ္မဝါဒီတို့ ဖန်တီးထားသော ထောင်သည် ဓမ္မဝါဒီတို့ကို ထိန်းချုပ်မရနိုင်ပြီ။ ထောင်သည် သူရဲကောင်းတို့ မရောက်ရောက်အောင် သွားရမည်ဖြစ်သော ပန်းတိုင်ခရီးတလျှောက်မှ ကွန်းခိုရာ စခန်းထောက်တခုသာ ဖြစ်တော့သည်။

ကျွန်ုပ်တို့ ပြည်သူလူထု၏ ဆန္ဒကား အနှစ်သာရ ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွက်ရန်ပင်။ ထို့အတွက် အခက်အခဲမျိုးစုံကို ကျော်လွှားရင်း ရှေ့သို့ တရွေ့ရွေ့ ချီတက်လာခဲ့ပေပြီ။

အမိမြန်မာနိုင်ငံတော်ကြီး၊ ဒီမိုကရေစီ တိုင်းပြည်ကြီး ဖြစ်ပါတော့။

ဒီမိုကရေစီ မိခင်ကြီး ရောက်ရာဒေသတွင် ကျန်းမာချမ်းသာပါစေ။

ဒီမိုကရေစီ သားကောင်းများ ရောက်ရာဒေသတွင် ကြံ့ကြံ့ခံနိုင်ကြပါစေ။

ထောင်သည် လူ့သမိုင်းတလျှောက် လူသား၏ စွမ်းရည်ကို ပြောင်မြောက်စေသော အကောင်းဆုံး ပန်းပုဆရာကြီးပေတည်း။ ထောင်တွင်းမှ ရဲဘော်များအားလုံးကို ပြည်သူတရပ်လုံးက ဦးညွတ်ပါ၏၊ ဂုဏ်ယူပါ၏၊ အလေးအမြတ်ပြုပါ၏။

၎င်းတို့၏ တာဝန်ကျေပွန်မှု၊ ပေးဆပ်မှုများကြောင့် အမိတိုင်းပြည်ကြီး ဂုဏ်တက်ခဲ့လေပြီ။

အနာဂတ်၏ သားကောင်း၊ သမီးကောင်းများ စဉ်ဆက်မပြတ် မွေးဖွားနိုင်ပါစေ။



No comments: