Monday, June 1, 2009

ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စ ပြည်တွင်းရေးသာဖြစ်ဟု မြန်မာစစ်အစိုးရ ပြောကြား

NEJ / ၁ ဇွန် ၂၀၀၉

ဒေါ်အောင်ဆန်း စုကြည်အား ရုံးတင် စစ်ဆေး နေသည့် ကိစ္စသည် တရား ဥပဒေ နှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်ပြီး ပြည်တွင်း ရေးကိစ္စသာ ဖြစ်သည့် အတွက် အခြား နိုင်ငံ များ ၀င် ရောက်မစွက်ဖက် သင့်ကြောင်း မြန်မာ ကာကွယ်ရေး ဒု-၀န်ကြီး ဗိုလ်ချုပ် အေးမြင့်က ပြောကြားသည်။

စင်ကာပူ နိုင်ငံတွင် ကျင်းပ နေသည့် အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံရေး အစည်း အဝေးတွင် ဗိုလ်ချုပ်အေးမြင့်က “ဒေါ်အောင် ဆန်း စုကြည် အပေါ် အရေး ယူဆောင်ရွက် မှုဟာ ပြည်တွင်း ရေးကိစ္စ သက်သက် သာဖြစ်ပြီး ပြည်တွင်း ဥပဒေ နဲ့အညီ တရားဝင် အရေး ယူဆောင် ရွက်နေ တာဖြစ်ပါတယ်” ဟု ပြောကြား လိုက်သည်။

ပြီးခဲ့သည့်မေလဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသားအား လက်ခံခဲ့မှုဖြင့် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ချိုးဖောက်သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစု ကြည်ကို အစိုးရက တရားစွဲဆိုခဲ့သဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင်း တရားမ၀င် ၀င်ရောက်သည့် နိုင်ငံခြားသားတဦးအကြောင်းကို သက်ဆိုင်ရာအား သတင်းမပို့ဘဲ ထိန်ချန်ထားခြင်းသည် အမှန်တရားကို ဖုံးကွယ်ရာရောက်ကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ တရားစွဲရုံမှအပ အခြားမရှိဟုလည်း ဗိုလ်ချုပ်အေးမြင့်က ပြောကြားခဲ့သည်။

“နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတခုက ၀င်ရောက်စွက်ဖက်တဲ့လုပ်ရပ်ဟာ နိုင်ငံအချင်းချင်းကြား အပြန်အလှန်နားလည်မှုနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ဒေသတွင်းလုံခြုံရေးဆိုင်ရာအစည်းဝေး အစောပိုင်း၌ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ဗြိတိသျှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အငယ်တန်းဝန်ကြီး အန်တေလာကလည်း ယမန်နေ့က အလားတူ တောင်းဆိုခဲ့သည်။

အန်တေလာက “ဗိုလ်ချုပ်ကြီးတွေကို ပြောချင်ပါတယ်။ အခုဟာ ဒီမိုကရေစီဖော်ဆောင်ဖို့အချိန် ရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှုနဲ့ စတင်လိုက်ပါစို့” ဟု ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုတင်ခြင်းသည် နောက်နှစ်တွင် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားလိုသည့်အတွက် အမှုဆင်ခြင်းဖြစ်သည်ဟု အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ချခံရမည်ဆိုပါက (၃) နှစ်မှ (၅) အထိ ချမှတ်ခံရဖွယ်ရှိသည်။

No comments: