Friday, June 12, 2009

ခြံစည်းရိုးကာရံမည့် စစ်သားများ စာသင်ကျောင်းများတွင် တည်းခိုနေသဖြင့် ကျောင်းသားများ စာမသင်ရ

Narinjara News

ခြံစည်းရိုး ကာရံမည့် စစ်သား များနှင့် လုံထိန်းများ တည်းခို နေသဖြင့် မောင်တော မြို့နယ်မှ ကျောင်း တချို့တွင် ကျောင်းသားများ ကျောင်း မတက်ရ ဘဲ ဖြစ်နေ ကြောင်း သတင်း ရရှိသည်။

ထိုအထဲတွင် မောင်တောမြို့ပေါ်ရှိ အောင်ဗလ ရပ်ကွက်မှ မူလတန်းကျောင်းလည်း ပါဝင်သည်ဟု အမည်မဖေါ်လိုသူ တဦးက ယခုကဲ့သို့ ပြောသည်။

“မူလတန်းပင်မ ကျောင်းဆောင်မှာ လုံထိန်းတွေ တည်းခို နေပါတယ်။ ဇွန်လကုန်မှ ရွှေ့မယ်လို့ သိရပါတယ်။ အဲသလို တည်းခိုနေစဉ်မှာ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း (ဘီအီး)က စစ်သား ၅၀ ခန့်ထပ်ရောက်လာတဲ့ အတွက် ဆရာမတွေ နေထိုင်နေတဲ့ အဆောင်တွေကိုပါ သူတို့အတွက် နေရာ ဖယ်ပေးလိုက်ရပါတယ်။ ကျောက်ဖြူက တာဝန်ကျနေတဲ့ ဆရာမမှာဆိုရင် ကလေးတွေ ရှိတဲ့အတွက် အတော့်ကို ဒုက္ခရောက်သွားရပါတယ်။”

ထိုသို့ နေထိုင်ခွင့်ကို အောင်ဗလ ရပ်ကွက် ဥက္ကဌ စီစဉ်ပေးသဖြင့် နေရာဖယ်ပေးလိုက်ရသူ ဆရာမနှင့် ရပ်ကွက် ရယက အကြားတွင် အကြီးအကျယ် စကားများခဲ့ရသည်ဟု အမည် မဖေါ်လိုသူ တဦးက ပြောသည်။

ရပ်ကွက်တွင်းမှ လူငယ် တဦးကလည်း “ အောင်ဗလ မူလတန်းကျောင်းကို ဇွန်လ ၁ ရက်နေ့က အဖွင့်ပြခဲ့ပါတယ်။ ခုချိန်ထိ ကျောင်းသားတွေကို စာမသင်နိုင်သေးပါဘူး။ စစ်သားနဲ့ လုံထိန်းတွေ တည်းခိုနေတဲ့အတွက် ဖြစ်ပါတယ်” ဟု ပြောသည်။

တခြား မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျောင်းအများအပြားတွင် စစ်သားများနှင့် လုံထိန်းများက တည်းခိုနေကြသဖြင့် ကျောင်းအချို့ကို ပိတ်ထားရသည်ဟု သိရသည်။

No comments: